မြန်မာပြည်က ကမ္ဘာကျော် ပြန်လမ်းမဲ့ရေကန် အကြောင်း

မြန်မာပြည်က ကမ္ဘာကျော် ပြန်လမ်းမဲ့ရေကန် အကြောင်

အိန္ဒိယမြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ အနီး၊လီဒိုလမ်းမကြီးအနောက်တောင်ဘက် ၂.၅ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ ရေကန်ကြီးဟာ ထူးခြားတဲ့ရေကန်ကြီးဖြစ်ပါတယ်။

ဒေသခံများ အခေါ်ကတော့ နောင်ယန်းအင်း ဖြစ်ပါတယ်။ကမ္ဘာလှည့် ခရီးသွားတွေကတော့ ဒီရေကန်ကြီးကို ပြန်လမ်းမဲ့ရေကန် (Lake of No Return) လို့ သိကြပါတယ်။ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ ကီလိုမီတာ အနံ ဝ.၈ ကီလိုမီတာ ဖြစ်ပါတယ်။

ပြန်လမ်းမဲ့‌ ရေကန်လို့ နာမည်တွင်ရတဲ့ အကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေ ဂျပန်နဲ့ လေကြောင်းတိုက်ပွဲမှာ ဒီရေကန်ပေါ်ကို ဖြတ်သန်းသွားတဲ့ စစ်လေယာဉ်ပေါင်းများစွာဟာ ထူးဆန်းစွာပျောက်ဆုံးသွားတယ်လို့ ရာဇဝင်ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်သုံး တင့်ကားတွေ၊စစ်သားတွေ ထူးဆန်းစွာပျောက်ဆုံးမှုများလည်း ရှိခဲ့ပါတယ်။ကမ္ဘာကျော် လီဒိုလမ်းမကြီးဖောက်စဉ်မှာလည်း အမေရိကန်စစ်သားတွေဟာ ဒီရေကန်အနီးမှာပဲ မျက်စိလည်ပျောက်သွားတာ‌ တွေရှိခဲ့ပါတယ်။

ဂျပန်စစ်တပ်တွေလည်း ဒီ‌ရေကန်နားမှာ ရာသီဥတုဒဏ်၊ငှက်ဖျားဒဏ်ကြောင့်သေဆုံးသွားတဲ့ဖြစ်စဉ်တွေ အများအပြားဖြစ်ပွားခဲ့တယ်လို့လည်း ဆိုကြပါတယ်။

စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စရေးလူမျိုး တစ်မျိုးစု တစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံကြည်နေကြပြီး ဒီကန်ထဲက ငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။

ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင်ဒဏ္ဍာရီတွေလည်း ရှိပါတယ်။သုတေသနပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီ‌‌ရေကန်ကို ပြန်လမ်းမဲ့ရေကန် (The Lake Of No Return) လို့ အင်္ဂလိပ်တွေက နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

နောင်ယန်းအင်း ခေါ် ပြန်လမ်းမဲ့ရေကန်ရဲ့ ဒီလို ထူဆန်းတဲ့ဖြစ်ရပ်တွေကြောင့် ဘာမြူဒါဒေသ နဲ့ ခပ်ဆင်ဆင်တူတယ်လို့လည်း ပြောဆိုကြပါတယ်။

နောင်ယန်းအင်းကို အိန္ဒိယနိုင်ငံဘက်က အသွားအလာများပြီး တစ်နှစ်တစ်ကြိမ်လာရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံသားများကတော့ ရေကန်ကို နတ်ဒေဝါများ၊နတ်နဂါးများ စောင့်ရှောက်တယ်လို့ ယူဆပြီး လာရောက်ပူဇော်မှုတွေရှိကြတာပါ။ပြန်သွားရင်လည်း ကန်ထဲက ရေတွေကို သယ်ယူသွားကြတာတွေရှိတယ်လို့ သိရပါတယ်။

မြန်မာပြည်ဘက်ကနေ သွားရောက်လည်ပတ်မယ်ဆိုရင် ပွင့်လင်းရာသီမှသာသွားလာဖို့ အဆင်ပြေမှာဖြစ်ပြီး မြစ်ကြီးနား၊တနိုင်း၊နန်းယွန်း၊ပန်ဆောင်အထိ သွားရမှာဖြစ်ပါတယ်။

နိုင်ငံခြားခရီးသွားများကတော့ မြန်မာပြည်ဘက်ကသွားရင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အိန္ဒိယဘက်ကနေတဆင့် မကြာခဏလာလေ့ရှိပြီး အိန္ဒိယရဲ့ဘာမြူဒါလို့ နာမည်ကြီးပါတယ်။

Source-Wikipidia,Thutazone
Photo- credit

Leave a Reply

Your email address will not be published.