ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား

ကမ္ဘာ့သမိုင်းထဲက မက်ဆိုပိုတေးမီးယား

မက်ဆိုပိုတေးမီးယားဆိုသည်မှာ ဂရိဘာသာဖြင့် မြစ်နှစ်သွယ်ကြားမြေ (Between the Rivers) ဟု အဓိပ္ပာယ်ရသည်။ တစ်ချိန်က မက်ဆိုပိုတေးမီးယား သည် ယနေ့အာရှအနောက်ပိုင်းဒေသတွင် တည်ရှိခဲ့ သည်။

ယနေ့ အီရတ်နိုင်ငံ တိုက်ဂရစ်နှင့် ယူဖရေးတီးမြစ် အကြားတွင်ရှိသည့် ဒေသ ဖြစ်သည်။အနောက်ဘက်တွင် မြေထဲပင်လယ်မှသည် အရှေ့ ဘက်တွင် ပါရှန်ပင်လယ်ကွေ့ အထိ ကျယ်ပြန့်လျက် ရှေးယဉ်ကျေးမှုပေါ်ထွန်းလာရာ

မြေဩဇာကောင်းသည့် လခြမ်းပုံသဏ္ဌာန်ရပ်ဝန်းကြီးတွင် တိုက်ဂရင်ဖြစ်နှင့် ယူဖရေးတီးမြစ်တို့အကြားရှိ မက်ဆိုပိုတေးမီးယား တည်ရာဒေသသည် မြေဩဇာအကောင်းဆုံးဖြစ်သည်။

ရှေးခေတ် မက်ဆိုပိုတေးမီးယား၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၁၄၃ဝဝဝ မျှသာရှိသည်။လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်က ရှေးခေတ်အီဂျစ်လူမျိုးများနှင့် ခေတ်ပြိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ရာ ကမ္ဘာ့ရှေးအကျဆုံးဒေသဖြစ်သည်။

တချို့က မက်ဆိုပိုတေးမီးယားဒေသသည် ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းများစွာ၏ အစောဆုံးနေရပ် ဖြစ်သည်ဟု ဆိုကြသည်။

ထိုဒေသမှလူများသည် ကမ္ဘာပေါ်တွင် ပထမဆုံး စာအရေးအသားများနှင့် ဥပဒေများကို စတင်တီထွင် ပြဌာန်းခဲ့ကြပြီး မြို့ရွာများကိုလည်း အစောဆုံး ထူထောင်ခဲ့ကြသည်။ ယနေ့ လူအများသုံးစွဲခေါ်ဆိုနေသည့် နာရီ၊ မိနစ်၊ စက္ကန့်များကိုလည်း ဖော်ထုတ်ပေးခဲ့သည်။

သမိုင်း

ဘီစီ ၆ဝဝဝ အချိန်မှစ၍ ဆည်များနှင့်တူးမြောင်း များဖန်တီးကာ သီးနှံစိုက်ကွင်းများထူထောင်ခဲ့ကြ သည်။ ထိုအချိန်ကတည်းက လူများသည် အဝတ် အထည်များ၊ လက်ဝတ်ရတနာများ၊ ကြေးလက်နက်များကို စတင်သုံးစွဲနေကြပြီဖြစ်သည်။

ဘီစီ ၃၅ဝဝ ခန့်မှစ၍ မြို့ရွာများကို စတင်ထူထောင်ခဲ့ကြကာ ကျူးကျော်သူများရန်မှကာကွယ်ရန် မြို့နံရံများကို ရွှံ့အုတ်များနှင့် ကာရံထားခဲ့ကြသည်။ ထိုအထဲတွင် Eridu, Erech, Ur နှင့် Nippur မြို့များပါဝင်ခဲ့သည်။

ဘေဘီလုံမြို့ သည် မက်ဆိုပိုတေးမီးယားခေတ်တွင် ထင်ရှားခဲ့ပြီး ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် ၇ ခုတွင် ပါဝင်သည့် မိုးပျံဥယျာဉ်တည်ရှိခဲ့ရာအရပ်ဖြစ်ခဲ့သည်။ ထိုခေတ်ကာလတွင် ဘာသာရေးများလည်း ထွန်းကားခဲ့ကာ ကြီးမားသည့်ဘာသာရေးအဆောက်အအုံများ ကိုလည်းတည်ဆောက်ခဲ့ကြသည်။

ထိုအဆောက်အအုံများကို Ziggurats ဟုခေါ်ပြီး အထင်ရှားဆုံးမှာ ဘီစီ ၂၁ဝဝ ဝန်းကျင်ကတည်ဆောက်ခဲ့သည့် Ur မြို့မှ Ziggurats ဖြစ်သည်။

ဘီစီ ၃ဝဝဝ မှစတင်ပြီး ဥပဒေများ၊ အခွန်များ၊ ကဗျာစာပေများ ပေါ်ထွန်းနေပြီဟုဆိုသည်။ ဘီစီ ၁၇၉၂-၁၇၅ဝ ခုနှစ်တွင် ဤဒေသ၌ အုပ်ချုပ်ခဲ့သည့် ဟမ်မူရာဘီဘုရင်မှာ မက်ဆိုပိုတေးမီးယားခေတ်၏ အထင်ရှားဆုံးဘုရင်ဖြစ်သည်။

ဟမ်မူရာဘီ၏ ကိုဓ ဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် အစောဆုံးရေးထိုးပြဋ္ဌာန်း ထားသည့်ဥပဒေဟု သမိုင်းပညာရှင်များကသတ်မှတ် ထားကြသည်။

အမြင့် ၇ ပေ ၅ လက်မရှိ မီးတောင်ချော်ရည် ကျောက်တုံးတွင် နေဘုရားမှ ဟမ်မူရာဘီအား ဥပဒေ လွှဲအပ်နေပုံနှင့် အောက်ခြေတွင် ဥပဒေများကိုရေးထွင်းထားခဲ့ကြသည်။ ထိုရုပ်တုသည် ယနေ့ ပြင်သစ်နိုင်ငံ Louvre ပြတိုက်တွင်တည်ရှိသည်။

ဘီစီ ၁၃၅ဝ ခုနှစ်ခန့်မှစ၍ မက်ဆိုပိုတေးမီးယား ဘုရင်များ ဩဇာအာဏာကျဆင်းလာခဲ့သည်။ ဘီစီ ၉၁၀ တွင် ဤဒေသသည် Assyrian Empire ၊ ဘီစီ ၆ ရာစုတွင် ပါရှန်အင်ပါယာဒေသဖြစ်လာခဲ့သည်။

ဘီစီ ၃၃၁ တွင် မက်ဆီဒိုးနီးယားဘုရင် Alexander the Great ၏လက်အောက်သို့ကျရောက်ခဲ့ရပြီး သူ သေဆုံးခဲ့ပြီးချိန်တွင် ဂရိ Seleucid အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

အေဒီ ၆၃၇ ခုနှစ်တွင် အာရပ်တို့သည် ပါရှန်လူမျိုး များအပေါ် အောင်မြင်ခဲ့၍ ထိုနယ်ကို နောက်တစ်နှစ် တွင်သိမ်းယူပြီး နှစ်ပေါင်း ၄ဝဝ ကျော်အုပ်စိုးလျက် ဘဂ္ဂဒက်ကို မြို့တော်ပြုခဲ့ပေသည်။

အေဒီ ၁၂၅၈ တွင် မွန်ဂိုဘုရင်များမှ ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် မက်ဆိုပိုတေးမီးယားသည် တူရကီတို့၏ လက်အောက်သို့ရောက်ခဲ့လေရာ ပထမ ကမ္ဘာစစ်ကြီးပြီးဆုံးသည်အထိပင် တူရကီတို့၏ လက်အောက်ခံဖြစ်နေခဲ့လေသည်။ အေဒီ ၁၉၃၂ခုနှစ် ရောက်မှ ဤဒေသသည် အီရတ်နိုင်ငံ၏ အစိတ် အပိုင်း ဖြစ်လာခဲ့လေသည်။

ခရက်ဒစ်-ရဲပြည့်အောင်
Source-thutazon

Leave a Reply

Your email address will not be published.