ကမ္ဘာ့အပူဆုံး ဒေသများ

ကမ္ဘာ့အပူဆုံး ဒေသများ

ကျွန်တော်တို့ကမ္ဘာကြီးဟာ အလွန်အမင်း အေးတဲ့နေရာတွေရှိသလို စံချိန်တင်လောက်အောင် အပူဒဏ်ခံရ တဲ့နေရာတွေလည်းရှိကြပါတယ်။အဲဒီထဲကမှ ကမ္ဘာ့အပူဆုံးဒေသများတွင် ဘယ်နေရာတွေက အပူဒဏ်ဘယ်လောက်ခံရသလဲဆိုတာ ၁ မှ ၁၀ အထိ ဗဟုသုတအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ မရဏတောင်ကြား (Death Valley )(California, USA)

ကမ္ဘာ့အပူဆုံးဒေသဆိုသည်နှင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မရဏတောင်ကြားကို ပြေးမြင်မိတတ်ကြပါတယ်။ ထိုဒေသဟာ နာမည်နှင့်လိုက်အောင်ပင် အလွန်ပူပြင်းမှုရှိပြီး မှတ်တမ်းများအရ ၁၉၁၃ ခုနှစ်က နွေရာသီတွင် အပူချိန် ၅၆ ဒသမ ၇ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့အပူဆုံးစံချိန်မှတ်တမ်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအပူ ချိန်ဟာ လူသားများ အသက်ရှင်ဖို့ မလွယ်လောက်အောင်ပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ နှစ်စဉ်ပျမ်းမျှအပူချိန် ၄၇ ဒီဂရီအထိရှိပြီး အမေရိကန်နိုင်ငံရဲ့ အခြောက်သွေ့ ဆုံးဒေသတစ်ခု လည်းဖြစ်ပါတယ်။

ဒါပေမဲ့ မရဏတောင်ကြားဒေသဟာ စိတ်ဝင်စားဖွယ်အကြောင်းအရာများနှင့် ထူးခြားတဲ့နေရာဒေသများကြောင့် နှစ်စဉ်ခရီးသွားများ လာရောက်လည်ပတ်တတ်ကြပါတယ်။

၂။ အက်ဇီဇီယာ့ဒေသ (Aziziyah) (Libya)

လစ်ဗျားနိုင်ငံ၊ အက်ဇီဇီယာ့ဒေသကတော့ အလွန်ပူပေမယ့် လူနေထိုင်မှုရှိတဲ့နေရာတစ်ခုပါ။ ထိုဒေသဟာ တစ်ချိန်က ကမ္ဘာ့အပူဆုံးဒေသအဖြစ်စံချိန်တင်ခဲ့ပါတယ်။ နှစ်အားဖြင့် ၁၉၂၂ ခုနှစ်ကဖြစ်ပြီး အပူချိန် ၅၈ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ပြန်လည်စိစစ်ရာမှာတော့ ၄၈ ဒီဂရီစင်တီဂရိတ်ပဲ ရှိပါတော့တယ်။ လက်ရှိမှာ နှစ်စဉ်ပျမ်းမျှ ၄၈ ဒီဂရီစင်တီဂရိတ်သာရှိသော်လည်း အလွန်ပူပါတယ်။ ဒါကြောင့်လည်း ထိုဒေသရှိမြို့လေးအား ကမ္ဘာ့အပူဆုံးဒေသတွင်ရှိသောမြို့အဖြစ် သတ်မှတ်ကြပါတယ်။

၃။ ဒဲလော့ဒေသ (Dallol) (Ethiopia)

သဘာဝအတိုင်း ဖြစ်တည်နေသောပုံစံများကြောင့် ကမ္ဘာ့သတင်းစာမျက်နှာများတွင် မကြာခဏဖော်ပြခံရသော ဒေသတစ်ခုဖြစ်ပါတယ်။ အီသီယိုပီးယားနိုင်ငံ၊ဒဲလော့ဒေသဟာ ဆားပုံဆောင်ခဲများ၊ အက်စစ်ဓာတ် ပြင်းသော ရေပူစမ်းများ၊

ဓာတ်ငွေ့များကြောင့် ထိုကဲ့သို့ ထူးခြားသောပုံစံ ဖြစ်တည်နေခြင်းဖြစ်ပြီး ၁၉၆၀ ပြည့် နှစ်ကာလအတွင်း ပျမ်းမျှအပူချိန် ၄၁ ဒီဂရီအထိ ရှိခဲ့ပါတယ်။ သဘာဝအတားအဆီးများကြောင့် လူသူနေထိုင်ခြင်းမရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

၄။ ဝါ့ဒီဟဲလ်ဖာမြို့ (Wadi Halfa) (Sudan)

၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်ပတ်လုံးမိုးရွာ သွန်းမှုမရှိတဲ့အထိ ပူလောင်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဝါ့ဒီဟဲလ်ဖာမြို့ဟာ ဆူဒန်နိုင်ငံ၊ Nubia ရေကန်ကြီးရဲ့ ကမ်းခြေတွင် တည်ရှိနေပြီး ဇွန်လအတွင်းက ပျမ်းမျှအပူချိန် ၄၁ ဒီဂရီ အထိရှိခဲ့ပါတယ်။ ထိုမြို့လေးဟာ ၁၉၆၇ ခုနှစ်၊ ဧပြီလတုန်းက အပူချိန်အမြင့်ဆုံးအဖြစ် ၅၁ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။

၅။ Dasht-e Loot (Iran)

ဒီကန္တာရကတော့ ကမ္ဘာပေါ်တွင် မြေပြင်အပူချိန်အမြင့်ဆုံး သဲကန္တာရအဖြစ် သတ်မှတ်ထားကြပါတယ်။ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဂြိုဟ်တုမှ တိုင်းတာချက်အရ အပူချိန် ၇ဝ ဒသမ ၇ ဒီဂရီအထိ ရှိခဲ့ပါတယ်။ ဒါဟာ ကြောက်စရာကောင်းသော အပူချိန်မှတ်တမ်းဖြစ်ပြီး လူနေထိုင်ခြင်းကင်းမဲ့တဲ့ဒေသ တစ်ခုဖြစ်ပါတယ်။

၆။ Tirat Zvi (Israel)

အစ္စရေးနိုင်ငံ Tirit Zvi ဒေသရှိ Kibbutz စုပေါင်းလယ်ယာလေးဟာ ၁၉၄၂ ခုနှစ်က အမြင့်ဆုံး အပူချိန်အဖြစ် ၅၄ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။ ယခုအချိန်ထိ နှစ်စဉ်ပျမ်းမျှ အပူချိန် ၃၀ ဒီဂရီရှိပါတယ်။ အမြင့်ဆုံးအပူချိန်မှတ်တမ်းမှာ ၄၉ ဒီဂရီအထိ ရှိခဲ့ပါတယ်။

၇။ Timbuktu (Mail)

Timuktu မြို့ဟာ မာလီနိုင်ငံ၊ ဆာဟာရ သဲကန္တာရရဲ့ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိနေပါတယ်။ ဆောင်းတွင်းဘက်တွင်ပင် ပူလောင်မှုကို ခံစားကြရပြီး ဇန်နဝါရီလတွင် ပျမ်းမျှအပူချိန် ၃ဝ ဒီဂရီရှိပါတယ်။ အမြင့်ဆုံးအပူချိန်စံချိန်မှတ်တမ်း မှာ ၄၉ ဒီဂရီအထိရှိခဲ့ပါတယ်။

၈။ Kebili (Tunisia)

တူနီးရှားနိုင်ငံမှ Kebili ကန္တာရဒေသဟာ နွေရာသီဆိုလျှင် ပျမ်းမျှအပူချိန် ၄၀ ထက် ပိုပြီးပူပါတယ်။ အမြင့်ဆုံးအပူချိန်စံချိန်မှတ်တမ်းမှာ ၅၅ ဒီဂရီအထိ ရှိခဲ့ပါတယ်။

၉။ Ghadames (Libya)

သဲကန္တာရအလယ်မှ အိုအေစစ်လေးတစ်ခုအဖြစ် တည်ရှိနေတဲ့ ထိုဒေသလေးဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခု ဖြစ်ပါတယ်။ ရွံ့နဲ့တည်ဆောက်ထားတဲ့ များပြားလှသော တဲအိမ်လေးတွေရဲ့ပုံစံကြောင့်လည်း လူသိများ ကျော်ကြားရခြင်းဖြစ်ပါတယ်။

ထိုအိမ်လေးများဟာ နေထိုင်သူ ၇ဝဝဝ ခန့်ကို ပူပြင်းလှတဲ့အပူဒဏ်မှ ကာကွယ်ပေးပါတယ်။ ဒါကြောင့်လည်း ထိုဒေသကို ကန္တာရ၏ပုလဲလို့ တင်စားခေါ်ကြပါတယ်။

ပျမ်းမျှ အပူချိန် ၄၀ ဒီဂရီ ရှိတတ်ပါတယ်။ အမြင့်ဆုံးအပူချိန် စံချိန်မှတ်တမ်းမှာ ၅၅ ဒီဂရီအထိရှိခဲ့ပါတယ်။ ဒါက လည်း လစ်ဗျားနိုင်ငံရဲ့ ဧရိယာအတော်များများဟာ သဲကန္တာရဖြစ်နေသဖြင့် အပူချိန်အများဆုံးဒေသ များတွင် များစွာပါဝင်နေရခြင်းဖြစ်ပါတယ်။

၁၀။ Bandar-e Mahshahr (Iran)

အီရန်နိုင်ငံမှ Bandar-e Mahshalr မြို့လေး ဟာ အပူချိန်အမြင့်ဆုံးစံချိန်မှာ ၅၁ ဒီဂရီအထိ ရှိခဲ့ပါတယ်။ ဒီမြို့လေးဟာ ရှေးဟောင်းမြို့လေး လည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ Khuzestan ပြည်နယ်ထဲမှာ ရှိပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံသားတွေက အဲဒီမြို့လေးကို လပြည့်မြို့ဟုလည်း တင်စားခေါ်ဆိုကြပါတယ်။

Author-ရဲမာန်ခ

Leave a Reply

Your email address will not be published. Required fields are marked *