ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်း အကြောင်း

ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်း အကြောင်း

မြန်မာနိုင်ငံ နာဂရေအငူ၏တောင်ဘက် မိုင် ၁၆ဝ ခန့်အကွာ အိန္ဒိယနိုင်ငံ မဒရပ်ကမ်းရိုးတန်း၏ မိုင် ၁၇ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း၌ ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်းစုမှာ နာဂရေအငူနှင့်ဆူမတြာကျွန်းရှိ

အချင်အငူစပ်ကြားတွင်ရှိသော ကျွန်းစုတန်းတွင် အကြီးဆုံးကျွန်းဖြစ်သည်။ထိုကျွန်းစုတန်းမှာ အမှန်အားဖြင့် ဟိမဝန္တာတောင်စွယ်မှ ဖြာဆင်းလာသော ရခိုင်ရိုးမ တောင်တန်း၏ ပင်လယ်တွင်းရောက် ကုန်းမြင့်တန်း၏အဆက်ပင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက မြန်မာနိုင်ငံမှ တစ်သက်တစ်ကျွန်းပို့ခြင်းခံရသော အကျဉ်းသားများကို ထိုကျွန်းသို့ပို့သောကြောင့် ထိုကျွန်းစုကို တစ်ကျွန်းဟုလည်းခေါ်ကြသည်။ ကပ္ပလီလူပုများနေသည်ကို အကြောင်းပြု၍လည်း ကပ္ပလီကျွန်းဟုလည်း တွင်သည်။

မြန်မာလို ကပ္ပလီကျွန်းစုဟု ခေါ်သော်လည်း တကယ့်တကယ်နာမည်မှာမူ အက်ဒမန်နှင့် နီကိုဘား ကျွန်းစု (Andaman and Nicobar Islands) ဖြစ်သည်။ ကျွန်းစုကျွန်းငယ် စုစုပေါင်း ၅၇၂ ကျွန်း ပါဝင်သည်။

တောင်ဘက်ပိုင်းကျွန်းစုများကို နီကိုဘားကျွန်းစုဟုခေါ်ပြီး မြောက်ဘက်ပိုင်းကျွန်းစုများကို အက်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု) ဟုခေါ်သည်။ ထို ကျွန်းစုသည် မြောက်မှတောင်သို့ မိုင် ၂ဝဝ ခန့် ရှည်လျား၏။

မြောက်ဘက်ရှိကျွန်းကြီးကို ကပ္ပလီကျွန်း၊ သို့မဟုတ် အက်ဒမန်ကျွန်းကြီးဟုလည်းကောင်း တောင်ဘက်ရှိကျွန်းကြီးများကို ကပ္ပလီကျွန်းငယ် သို့ မဟုတ် အက်ဒမန်ကျွန်းငယ်ဟုလည်းကောင်း ခေါ်သည်။

ကျွန်းငယ်ကလေးတို့တွင် မြောက်ဘက်စွန်းရှိ ကိုတိုးနှင့် လင်ဖောကျွန်းများ ကျွန်းကြီး၏ အနောက်ဘက်ရှိ အင်တာဗျူးကျွန်း၊ အရှေ့ဘက်ကမ်းအနီးရှိ ရစ်ချီကျွန်းစု၊ တောင်ဘက်များရှိ ရတ်တလန်နှင့် မြောက်ဆင်တီနယ်ကျွန်းတို့မှာ ထင်ရှားသည်။

ကပ္ပလီကျွန်းကြီးများကို ကျွန်းကြီးတစ်ကျွန်းတည်းဟု ယူဆရန်ဖြစ်သော်လည်း ကျဉ်းမြောင်းလှသော ဆားငန်ရည်စီးကြောင်းငယ်ကလေးများ ဖြတ်စီးနေသောကြောင့် ကျွန်း ၄ ကျွန်းရှိသည်ဟုယူမှတ်ကြသည်။

ယင်းတို့မှာ မြောက် အက်ဒမန်၊ အလယ်အက်ဒမန် ၊ဗာရာတန်းနှင့် တောင် အက်ဒမန်တို့ဖြစ်သည်။ တောင်မှမြောက်သို့ (ရတ်တလန် ကျွန်းအပါအဝင်) မိုင် ၁၆ဝ ရှည်လျား၍ အရှေ့နှင့် အနောက်တွင် တစ်ဖက်ပင်လယ်မှ အခြားတစ်ဖက်သို့ မည်သည့်နေရာမျှ မိုင် ၂ဝ ထက်ပို၍ မကျယ်ဝန်းပေ။

ပင်လယ်ကမ်းရိုးတန်းမှာ များစွာကွေ့ကောက်၍ သင်္ဘောများခိုလှုံနိုင်သည်။ အက်ဒမန်ကျွန်းငယ်မှာ ရတ်တလန်ကျွန်း၏တောင်ဘက် မိုင် ၃၀ အကွာတွင် ရှိ၏။ တောင်မှ မြောက်သို့ ၂၆ မိုင် ရှည်လျားလျှင် အရှေ့မှအနောက်သို့ ၁၆ မိုင်ကျယ်သည်။

မြေမျက်နှာ ပြင်မှာ တောင်ကုန်းထူထပ်၍ တစ်သက်တစ်ကျွန်းတို့ စတည်းချနေထိုင်ရာဒေသမှအပ တစ်ကျွန်းလုံးတွင် အပူပိုင်းသစ်တောများဖြင့် လွှမ်းမိုးလျက်ရှိသည်။ ထိုကျွန်းစုရှိ တောင်ထိပ်မှာ ၁၆၇၈ ပေဖြစ်ပြီး တောင် အက်ဒမန်ရှိ ဟဲရီးယက်တောင်ထိပ်မှာ ၁၁၉၆ ပေတို့ ဖြစ်သည်။

ပူနွေးစွတ်စိုထိုင်းမှိုင်းသော အပူပိုင်းရာသီရှိ၍ နှစ်တိုင်းလိုပင် အပူ ၊အအေးခြားနားချက်တို့မှာ တစ်သမတ်တည်းကဲ့သို့ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇွန် လနှင့် ဖေဖော်ဝါရီလတို့ဖြစ်၍ အပူဆုံးအချိန်မှာ မတ်လ ဧပြီလတို့ဖြစ်သည်။

ပျှမ်းမျှအားဖြင့် အအေး ဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၆၆ ဒသမ ၇ မျှရှိ၍ အပူဆုံး ဒီဂရီဖာရင်ဟိုက် ၉၆ ဖြစ်သည်။ တစ်နှစ်တွင် ပျှမ်းမျှခြင်းအားဖြင့် မိုးရေချိန် ၁၃၈ လက်မရွာသည်။

မိုးရာသီသည် မေလလယ်လောက်မှ နိုဝင်ဘာလလယ်လောက်ထိဖြစ်၍ ကျန် ၆ လမှာ သွေ့ခြောက်သောရာသီဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သော ဆိုင်ကလုန်း အတွင်း ဝိုက်လေဝဲမှာ ဤကျွန်းစုတောင်ဘက်လောက် မှ စတင်ဖြစ်ပေါ်လေ့ရှိသည်။

၁၅၆၆ ခုနှစ်က နကဗာရီ ကျွန်းအနီးမှဖြတ်သွားခဲ့သော ဆီဇာဖရတ်ဆိုသူ၏ မှတ်တမ်းတွင် ထိုကျွန်းစုအကြောင်းကို ပိုမိုခိုင်လုံစွာ ဖော်ပြထားသည်။ ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များ အတွင်းက ထိုကျွန်းစုများအကြောင်းကိုဖော်ပြသော မှတ်တမ်းများရှိခဲ့လေသည်။

ထိုမှတ်တမ်းတို့တွင် ဤ ကျွန်းသားတို့မှာ လူရိုင်းများဖြစ်၍ ကြောက်ရွံ့ဖွယ်ရာ ကောင်းကြောင်း တတ်နိုင်သမျှ ကျွန်းကိုရှောင်သင့်ကြောင်း စသည်တို့ဖော်ပြခဲ့သည်။ သင်္ဘောပျက်၍ ထိုကျွန်းများတွင် သောင်တင်ခဲ့သော သင်္ဘောသား တို့မှာ များသောအားဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

မှတ်တမ်းများတွင် ကျွန်းသားများသည် လူသားစား သူများဟု ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်တို့မှာ အခြေအမြစ်မရှိပေ။ သင်္ဘောပျက်တို့နှင့် သံကိုရရှိပြီး နောက်မှ ဤကျွန်းသားတို့သည် သံ၏အသုံးဝင်မှုကို သိခဲ့ကြသည်။

၁၈ ရာစုကုန်သည်တိုင်အောင် ဤကျွန်းစုများ နှင့်ဆက်သွယ်မှုများရရှိရန် မည်သူမျှကြိုးစားခြင်းမရှိခဲ့ချေ။ သို့သော် ဤကျွန်းတစ်ဝိုက်တွင် ခရီးသွားသော သင်္ဘောများအတွက် ဘေးအန္တရာယ်များလှသော ကြောင့် လော့ကွန်းဝေါလစ်လက်ထက် ၁၇၈၈ ခုနှစ် တွင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီသည် အာချီဗော် ဗလဲယားဆိုသူကို ဤကျွန်းစု၌ ကိုလိုနီတစ်ခုဖွင့်လှစ်ရန် တာဝန်လွှဲအပ်ခဲ့သည်။

အလုပ်သမားများအဖြစ် အကျဉ်းသားများကို ပို့ပေးခဲ့သည်။ ကိုလိုနီကို ၁၇၈၉ ခုနှစ်၊ စက်တင်ဘာလတွင် ယခု ပို့ဗလဲယားမြို့တွင် စတင်ခဲ့သည်။ ၁၇၉၂ ခုနှစ်တွင် အခြေခံရေတပ်စခန်းတစ်ခုဖွင့်လှစ်ရန် ရည်ညွှန်း၍ မြောက်ဘက်ဒမန်ကျွန်းရှိ ယခု ပို့ကွန်းဝေါလစ်နေရာ သို့ရွှေ့ပြောင်းခဲ့သည်။

သို့ရာတွင် ကျန်းမာရေးနှင့် သန့်ရှင်းစင်ကြယ်ရေးအခြေအနေဆိုးရွားသောကြောင့် အခြေခံရေတပ်စခန်းဖွင့်လှစ်ရန်အကြံကို ခေတ္တရပ်သိမ်းပြီးလျှင် အကျဉ်းသားများအား အိန္ဒိယပြည်သို့ ပြန်ခေါ်ခဲ့သည်။

ထို့နောက် အနှစ် ၆ဝ အတွင်း ဤကျွန်းတွင် အပြင်သူများသွားရောက်နေထိုင်ခြင်း မရှိခဲ့ချေ။ သင်္ဘောပျက်ကိစ္စများ မကြာခဏတွေ့ကြုံ နေသဖြင့် အရှေ့အိန္ဒိယကုမ္ပဏီသည် ဤကျွန်းစုကို ကိုလိုနီအဖြစ်ပြုလုပ်ရန် ပြန်လည်ဆောင်ရွက်ခဲ့လေ သည်။

၁၈၅၈ ခုနှစ်မတ်လတွင် ယခင်နေရာဟောင်း ဖြစ်သော ပို့ဗလဲယားနေရာ၌ပင် အကျဉ်းသားတို့၏ စခန်းကို ဖွင့်လှစ်ခဲ့သည်။ကပ္ပလီလူမျိုးများဖြစ်သော အက်ဒမန်ကျွန်းသား များက နိုင်ငံခြားသားတို့အား မိမိတို့ဒေသ၌ မနေထိုင် အောင် မကြာခဏ တိုက်ခိုက်ကြသည်။

နိုင်ငံခြားသားတို့မှာ ထိုကျွန်းသားနှင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရန် နည်းအမျိုးမျိုးဖြင့် ဆက်ဆံခဲ့သည် ယခုအခါ၌ တောင်အက်ဒမန်ကျွန်းအတွင်းနေထိုင်ကြသော ဂျာရဝါးလူမျိုးတို့မှတစ်ပါး ကျန်ကျွန်းသားတို့ဖြင့် ဆက်သွယ်မှုမှာ ကောင်းမွန်လာခဲ့သည်။

၁၈၂၄ ခုနှစ်တွင် ပထမ အင်္ဂလိပ်စစ်ပွဲဖြစ်ပွားစဉ်က မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စေလွှတ်သော အရှေ့အိန္ဒိယကုမ္ပဏီ၏ ဘင်္ဂလားတပ်မကြီးနှင့် မဒရပ်တပ်မကြီးတို့ သည် ရှေးဦးစွာ အက်ဒမန်ကျွန်းကြီးရှိ ပို့ကွန်း‌ဝေါလစ်တွင် စုဝေးပြီးနောက်မှ ပင်လယ်ခရီးဖြင့် ရန်ကုန်မြို့သို့ တက်တိုက်ခိုက်ခဲ့ကြသည်။

ကိုကိုးကျွန်းစု၊ အက်ဒမန်ကျွန်းစု၊ နာကဗာရီ ကျွန်းစုတို့သည် ဗြိတိသျှလက်ထက်က ကော်မရှင်နာမင်းကြီးတစ်ဦး အုပ်ချုပ်သော ဗြိတိသျှအင်ပါယာနယ်ပယ်တစ်ခုဖြစ်ခဲ့သည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနှင့် မြန်မာ နိုင်ငံကိုခွဲလိုက်ရာတွင် အက်ဒမန်ကျွန်းစုမှာ အိန္ဒိယပိုင်နက်တွင် ကျရောက်ခဲ့၏။

ပထဝီဝင်အနေအထားအရ ကပ္ပလီကျွန်းစုသည် မြန်မာနိုင်ငံပိုင်ဖြစ်သင့်ပေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တစ်သက်တစ်ကျွန်း အပြစ်ပေးခံရသူတို့ကို ထိုကျွန်းသို့မပို့တော့ပေ။ ကပ္ပလီကျွန်းစု၏ မူလတိုင်းရင်းသားတို့မှာ အရပ်ပုသောကပ္ပလီလူမျိုးများလည်း အပါအဝင်ဖြစ်သည်။

သူတို့မှာ ထိုဒေသတွင် ရှေးအကျဆုံးနေထိုင်ခဲ့သူများဟု ယူဆဖွယ်ရာရှိသည်။ ကျွန်းသားတို့နှင့် အနွယ်တူဖြစ်သော ကပ္ပလီပိုများကို ယခုတိုင် အာရှ တိုက်အရှေ့တောင်ပိုင်းနှင့် ကျွန်းစုများတွင် တွေ့ရ သေးသည်။

ဤဒေသရှိ ကပ္ပလီလုပ်တို့သည် အခြားလူမျိုးတို့ နှင့်ရောနှောနေလာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုလွှမ်းမိုးခြင်း ရောနှောခြင်းကိုခံခဲ့ရသလောက် ကပ္ပလီကျွန်းသားများမှာ မခဲ့ရသဖြင့် ကပ္ပလီကျွန်းသားများသည် ကပ္ပလီပလူမျိုးများအနက် အမျိုးအစစ်ဆုံး အသန့်ဆုံးဟုဆိုနိုင်ပေ သည်။

ကပ္ပလီကျွန်းသားတို့သည် မည်သည့်ဒေသ မည်သည့်အချိန်လောက်က ကပ္ပလီကျွန်းစုသို့ရောက် ခဲ့ကြသည်ကို မခန့်မှန်းနိုင်ပေ။ အလွန့်အလွန်ရှေးကျ သောခေတ်က ရောက်ခဲ့သည်ဟုသာ ယူဆရသည်။

ထိုကပ္ပလီကျွန်းသား ယောက်ျားတို့သည် များသော အားဖြင့် အရပ် ၄ ပေနှင့် ၁ဝ ဒသမ ၅ လက်မ ပြီး မိန်းမများမှာ ၄ ပေနှင့် ၆ ဒသမ ၅ လက်မခန့် အရပ်ရှည်ကြသည်။ ဦးခေါင်းလုံး၍ နှာခေါင်းပြားသည်။ ဆံပင်မှာ ကျပ်ခိုးရောင်ရှိ၍ တွန့်လိမ်နေသည့် အပြင် ဦးရေတွင် ပြားကပ်၍ တည်နေသည်။ အသားရောင်မှာပြောင်နေ၏၊

ကပ္ပလီကျွန်းသားတို့မှာ လူမျိုးတစ်မျိုးတည်းပင်ဖြစ်သော်လည်း ဘာသာစကားနှင့်ယဉ်ကျေးမှုအချက်အလက်များ၏ ကွဲပြားချက်ကိုလိုက်၍ ကပ္ပလီကျွန်းကြီးအစုနှင့် ကပ္ပလီကျွန်းငယ်အစုဟု ၂ စုခွဲခြားသည်။၊

ပထမ အစုတွင် တောင်အက်ဒမန်ရှိ ဂျာရဝါးလူမျိုးတို့မှအပ ကပ္ပလီကျွန်းကြီးနေ အခြားလူမျိုးများပါဝင်၍ ဒုတိယအစုတွင် ဂျာရဝါးများ၊ ကပ္ပလီကျွန်းနေလူမျိုးများနှင့် မြောက်ဆင်တီနယ်ကျွန်းများ ပါဝင်၏။

ကပ္ပလီကျွန်း ကြီးအစုတွင် လူမျိုးစု ၁၀ မျိုးပါဝင်ရာ မြောက်ဘက် အက်ဒမန်ကျွန်းတွင် အကချရီ၊အကကိုရ၊အက ဂျေရု၊ အလယ်အက်ဒမန်နှင့် ဗာရာတန်းတို့တွင် အက‌ ကေ‌ဒေ၊အကကို၊ အိုကိုဂျူဝိုင်နှင့် အပုစီကွာ၊ရစ်ချီကျွန်းစုတွင် အကာဘလေ၊ တောင်အက်ဒမန်ကျွန်းစု၏ ကမ်းရိုးတန်းတွင် အက ဘီတို့ရှိကြသည်။

ကပ္ပလီကျွန်းငယ်အစုတွင် အွန်ဂေလူမျိုးစုများလည်း ပါဝင်ကြသည်။ ထိုလူမျိုးစုတို့သည် အခြားလူမျိုးစုတို့ နှင့်ရောနှောနေထိုင်ခြင်းမရှိဘဲ နေထိုင်စားသောက် တွေးတောယုံကြည်မှုတို့တွင်လည်း တိုးတက်မှုမရှိကြသေပေ။

ဝတ်ဆင်မှုဟူ၍ မရှိလှ။ အလှအပအဖြစ် ကိုယ်တွင် ရွှံ့စေးတို့ဖြင့် အဆင်ပေါ်အောင် ဆေးရေး တတ်ကြသည်။ ရွှင်ပျစွာနေထိုင်တတ်ကြသော်လည်း အမျက် ထွက်သောအခါတို့တွင် ရက်စက်ကြမ်းကြုတ် သူများဖြစ်ကြသည်။

ရဲမာန်ခအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
Sources:Andaman island by wikipedia,Thutazone

Leave a Reply

Your email address will not be published. Required fields are marked *