ကမ္ဘာ့အရှည်ဆုံး ဇိမ်ခံမော်တော်ကား American Dream
အမေရိကန်အိပ်မက် (American Dream) လို့ အမည်ပေးထားတဲ့ ဇိမ်ခံမော်တော်ကားကို အသစ်ပြန်လည်မွမ်းမံခဲ့ပြီးတဲ့နောက် ၎င်းရဲ့စံချိန်ဟောင်းကို ၎င်းကိုယ်တိုင် စံချိန်သစ် ထပ်ချိုးခဲ့လိုက် ပြန်ပါတယ်။
အတိုင်းအတာ အတိအကျအားဖြင့် ပေ ၁ဝဝ နဲ့ ၁ ဒသမ ၅ လက်မ ရှည်လျားကြောင်း တရားဝင်တိုင်းတာ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး ဂင်းနစ်စံချိန်သစ်ထပ်တင်လိုက်တာ ဖြစ်ပါတယ်။
ဒီမော်တော်ကားကို ၁၉၈၆ ခုနှစ်က ကလီဖိုးနီးယားပြည်နယ်မှာ တည်ဆောက်ခဲ့တာပါ။ ဖန်တီးပြုလုပ်ခဲ့သူကတော့ မော်တော်ကားတွေကို စိတ်ကြိုက်ဖန်တီး တည်ဆောက်ရာမှာ နာမည်ကြီးတဲ့ ဂျေးအိုဟာဘာ့ဂ်(Jay Ohrberg)ဆိုသူ ဖြစ်ပါတယ်။
မူလက ဒီကားဟာ ပေ ၆ဝ ရှည်လျားပြီး လူ ၇၅ ယောက်ကျော် ဆံ့ပါတယ်။ဘီး ၂၆ ခု တပ်ဆင်ထားပြီး ကားရဲ့ ရှေ့နဲ့နောက်မှာ V8 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။နောက်ပိုင်းမှာတော့ ထပ်မံတိုးချဲ့ပြုပြင်ထားခဲ့ပြီး ပေ ၁၀၀ ထိရှည်လျားကာ ကမ္ဘာ့အရှည်ဆုံးကားအဖြစ် ဂင်းနစ်စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီမော်တော်ကားဟာ အဲဒီအချိန်တုန်းက အထူးကျော်ကြားခဲ့ပြီး ရုပ်ရှင်ကားတွေမှာတောင် ထည့်ရိုက်ကြခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ နယူးဂျာစီက ကားဂိုထောင်တစ်ခုထဲမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်မြို့က Autoseum နည်းပညာသင်ကြားရေး ပြတိုက်ပိုင်ရှင် မိုက်ကယ်မန်းနင်း(Michael Manning )က သုံးမပြုဘဲ ကာလရှည်ကြာသိမ်းဆည်း ထားခဲ့တာကြောင့် သံချေးတွေအထပ်ထပ်နဲ့ ပျက်ယွင်းစပြုလာတဲ့ American Dream ကားကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ပိုင်ရှင်ဖြစ်သူ မိုက်ကယ်ဒီဇာထံကနေ မိုက်ကယ်မန်းနင်းက ဝယ်ယူဖြစ်ခဲ့ကာ အကြီးစားမွမ်းမံမှုနဲ့ ပြန်လည်ပြုပြင်ယူခဲ့တာ ဖြစ်ပါတယ်။
ပြုပြင်ပြီးသွားတဲ့ American Dream ကားမှာ ရေကူးကန်၊ ဒိုင်ဗင်စင်၊ ရေနွေးစိပ်ကန်၊ ဂေါက်ကွင်း အသေးစားနဲ့ ဟယ်လီကော်ပတာ ဆင်းနိုင်တဲ့ Pad တွေ ပါရှိပါတယ်။ဟယ်လီကော်ပတာ ဆင်းနိုင်တဲ့ Pad ဟာ ပေါင် ၅,၀၀၀ အလေးချိန်ကို ခံနိုင်တယ်လို့ သိရပါတယ်။
မိုက်ကယ်မန်းနင်းဟာ ဒီမော်တော်ကားကို ကမ္ဘာ့အရှည်အလျားဆုံးကားအဖြစ် အခုလို ကမ္ဘာ့စံချိန်ထပ်တင်နိုင်အောင် အချိန် ၃ နှစ်ကြာ ပြုပြင်တည်ဆောက်ခဲ့ရပြီး ဒေါ်လာ ၂၅၀,၀၀၀ ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
မော်တော်ကားဟာ အရမ်းကို ရှည်လျားလွန်းတဲ့အတွက် ကားလမ်းမပေါ် မောင်းနှင်အသုံးပြုဖို့ မလွယ်ကူလှတာကြောင့် ထူးခြားဆန်းပြားတဲ့ မော်တော်ကားအဖြစ် လူအများကြည့်ရှု့နိုင်အောင် Dezerland Park ကားပြတိုက်မှာ ပြသထားရှိသွားမယ်လို့ မန်းနင်းက ဆိုပါတယ်။