မိမိအသက်ကို မငဲ့ကွက်ဘဲ ပြည်သူတို့ဘက်မှရပ်တည်ကာ ပဒေသရာဇ်ဘုရင်များကို ရင်ဆိုင်ခဲ့သူ

အမှန်တရားကို အသက်နဲ့လဲဝံ့သူ ယောမင်းကြီး ဦးဘိုးလှိုင်

မြန်မာ့သမိုင်း၌ ယောမင်းကြီး ဦးဘိုးလှိုင်သည် အမှန်တရားကို မြတ်နိုးသော ပုဂ္ဂိုလ်ထူးထဲတွင် ထိပ်ဆုံးမှပါဝင်သည်။ သူသည် မိမိ၏ အသက်အိုးအိမ်၊ ရာထူးစည်းစိမ်တို့ကို မငဲ့ကွက်ဘဲ ပြည်သူတို့ဘက်မှရပ်တည်ကာ ပဒေသရာဇ်ဘုရင်များကို ရင်ဆိုင်ခဲ့သူ ဖြစ်သည်။

ဦးဘိုးလှိုင်သည် မြန်မာ့သမိုင်း၌ ယောအတွင်းဝန်၊ ယောမင်းကြီး၊ ရွှေပြည်ဝန်၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊ မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင်သီဟသူစသော ဘွဲ့အမည်အမျိုးမျိုးဖြင့် ထင်ရှားသူဖြစ်ပေသည်

ဦးဘိုးလှိုင်ကို သက္ကရာဇ် ၁၁၉၁ ခုတွင် မြင်းခြံမြို့အထက် ရွာပုလဲရွာ၌ ဖွားမြင်သည်။ အဖမှာ ယင်းတောဝန်ကြီးဖြစ်သည်။ ယင်းတောဝန်ကြီးသည် သာယာဝတီမင်းစိတ်နောက်စဉ် အသဝာ်ခံခဲ့ရသည်။

ဦးဘိုးလှိုင်သည် ငယ်စဉ်ကပင် မင်းတုန်းမင်းသားထံ ခစားထမ်းရွက်သည်။ မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသောအခါ သူကောင်းမြောက်ခြင်း ခံရသည်။ အသက် ၂၄ နှစ်အရွယ်တွင် မကွေးမြို့စားဝန်ကြီး၏သမီး ခင်ဖြူနှင့် ထိမ်းမြားလက်ထပ်သည်။

ဦးဘိုးလှိုင်သည် မင်းတုန်းမင်းလက်ထက်မှစ၍ သီပေါမင်းလက်ထက်တိုင် အတွင်းဝန်မြို့စား၊ အတိုင်ပင်ခံပညာရှိ စသော ရာထူးတို့ဖြင့် အမှုထမ်းရွက်သည်။ တစ်ဖက်ကလည်း မြန်မာစာပေလောက၌ ထင်ရှားသည့် ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာကျမ်းများကို ပြုစုသည်။

မင်းမှုထမ်းဘဝ၌ရှိစဉ် ဦးဘိုးလှိုင်သည် မင်းအလိုလိုက်၊ မင်းအကြိုက် မဆောင်ခဲ့။ ရာထူး စည်းစိမ်ကို မငဲ့ခဲ့။ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်။ ဤတွင် မကြာခဏ ဘုရင်မျက်သည်ကို ခံခဲ့ရသည်။ သုံးကြိမ်ထက်မနည်း ရာထူးစည်းစိမ် နုတ်သိမ်းခြင်း ခံရသည်။ အကျယ်ချုပ်ချထားခြင်းခံရသည်။

တစ်ကြိမ်၌ ဦးဘိုးလှိုင်က ‘ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူသည်’ဟု ဆိုလိုက်သည်။ ဗျစ်ရည် ခေါ် ဘီယာကို အသင့်အတင့် သောက်သုံးပါက အပြစ်တစ်စုံတစ်ရာ မရှိကြောင်းဆိုခဲ့သည်။

ဤတွင် မလိုသူတို့က ကုန်းချောကြသဖြင့် မင်းတုန်းမင်းကြီးသည် ဦးဘိုးလှိုင်ကို လူအများ သေရည်၊သေရက်သောက်စားအောင် လှုံ့ဆော်သည်ဆိုကာ အကျယ်ချုပ်ဖြင့် ရာထူးမှချခဲ့သည်။ သို့ရာတွင် အရည်အချင်းနှင့်အထူးပြည့်စုံသော ဦးဘိုးလှိုင်ကို လက်မလွှတ်နိုင်သဖြင့် ၆ လ အကြာတွင် ရာထူးပြန်ပေးခဲ့ရသည်။

တစ်ခါသော် သမီး၊နှမစသည်တို့ကို ပေးဆက်လျက် အခွင့်အရေးယူသူ အမူထမ်းတစ်ဦးကို မင်းတုန်းမင်းကြီးက မျက်နှာသာပေးထားသည်။ ဤတွင် ဦးဘိုးလှိုင်က မသင့်ကြောင်း မင်းတုန်းမင်းကို သတိပေးခဲ့သည်။

နောက်ဆုံး သတိပေး၍ မရသဖြင့် မှူးမတ်စုံညီ ရှေ့တွင်…
“အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊ သတိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း”ဟု လျှောက်တင်လိုက်သည်။

မင်းတုန်းမင်းကြီးသည် အမျက်ပြင်းစွာထွက်သဖြင့် လှံကိုကောက်ကိုင်လိုက်ကာ “သည်လှံနှင့် ငါ့ဖခမည်းတော်စီရင်၍ နင့်အဖ ယင်းတောဝန်ကြီး သေခဲ့သည်မဟုတ်လော၊ သည်လှံနှင့် မောင်မင်းကို စီရင်ခြင်းခံလိုသလော” ဟူ၍ မေးလိုက်သည်။

ထိုအခါ ဦးဘိုးလှိုင်က အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ “ထိုးတော်မူပါဘုရား” ဟူ၍ ရင်ဘတ်ကို ကော့ပေးလိုက်သည်။ မင်းတုန်းမင်းကြီးလည်း စိတ်မာန်ချကာ အတွင်းတော်သို့ ဝင်သွားလေသည်။

ဤတွင် အခြားမှူးမတ်များက “ဝန်ကြီးမင်းမလဲ တင်းတင်းမာမား ရဲပဲ ရဲလွန်းလှသဗျာ” ဟု ပြောကြ သည်။ ထိုအခါ ဦးဘိုးလှိုင်က “ကျုပ်အဖို့ လှံနှင့်ထိုး သဝာ်၍ သေရခြင်းကား မြတ်သည်၊ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် မကောင်းမှုဖြစ်ပွားနေသည့်အတွက် နိုင်ငံတော်ပျက်စီးခြင်း ဖြစ်လေရသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ်ဖြစ်သည်။

ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်၊ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်သည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့တင်ကြရမည်၊ သို့မှ မှူးမတ်နှင့်တူသည်” ဟု ပြန်ပြောခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဦးဘိုးလှိုင်သည် အကျယ်ချုပ်ဖြင့် ရာထူးမှလျှော့ချခြင်းခံရလေသည်။ သို့ရာတွင် သက္ကရာဇ် ၁၂၃၆ ခု၌ ပတ္တမြားနယ်မြေ ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ မြန်မာ-ပြင်သစ်စာချုပ်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားသံတမန် ဆက်ဆံရေးကိစ္စပေါ်လာသောအခါ မင်းတုန်းမင်းကြီးသည် ဦးဘိုးလှိုင်ကို ပြန်ခေါ်ရပြန်လေသည်။

သီပေါမင်းလက်ထက်တွင် ဦးဘိုးလှိုင်သည် အရာကျခဲ့ပြန်သည်။ ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင်ဘုရင်စနစ်အရ အုပ်ချုပ်မှုကို တော်လှန်လျက် ပြည်သူအာဏာဖြင့်အုပ်ချုပ်မှုကိုကြိုဆိုသည့် “ရာဇဓမ္မသင်္ဂဟကျမ်း’ကို ရေးသားပြုစုရာ ဘုရင်က မနှစ်သက်နိုင်အောင်ဖြစ်နေသည်။

ထိုအတွင်း “ဘုရင်မင်းမြတ်သည် လွန်စွာအသုံးအဖြုန်းကြီးသည်။ ဘဏ္ဍာတော်ဆိုသည်မှာ ဆင်းရဲသားတို့၏ ချွေးနှဲစာမှ ညှစ်ထုတ်ယူထားသည်ဖြစ်၍ ကျောက်ခဲ၊ သလဲကဲ့သို့ သဘောမထားသင့်ပါဟု ဆိုကာ ဘုရင့်ဘဏ္ဍာရေး အာဏာကို ကန့်သတ်ရန် ကြိုးပမ်းသည်။

ဤတွင် မိဖုရားက “ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမှာတဲ့လား၊ ဒီလို ဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်ပါဘူး” ဟု ဒေါမာန်ပါပါဖြင့်ပြောရာ သီပေါမင်းကပါ နားယောင်လျက် ဦးဘိုးလှိုင်ကို ရာထူးမှချလိုက်သည်။

ဤအကြိမ်သည် နောက်ဆုံးအကြိမ် အရာကျခြင်းဖြစ်သည်။ ထပ်မံ၍ ရာထူးခန့်ထားခြင်း မခံရတော့ပေ။ သို့ရာတွင် ဦးဘိုးလှိုင်ကမမှုခဲ့။ စိတ်ဓာတ်မကျခဲ့၊ အေးချမ်းစွာ ခြံဥယျာဉ်အလုပ်ကို လုပ်ကိုင်လျက် မိမိဝါသနာပါသော ကျမ်းပြုခြင်းအလုပ်ကို လွတ်လပ်စွာဖိ၍ လုပ်ကိုင်ခဲ့ပေသည်။

ဦးဘိုးလှိုင်သည် မြန်မာ၊ ပါဠိ၊ သက္ကတစာပေတို့အပြင် မျိုးခြားစာပေများကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ အမှန်တရားကို စူးစမ်းရှာဖွေ၍လည်း ဖော်ထုတ်လေ့ရှိသည်။ မင်းတုန်းမင်းလက်ထက်တွင် “ကမ္ဘာလုံးသည်၊ ပြားသည်’ဟူသော ပြဿနာပေါ်ပေါက်ခဲ့ရာ ‘ကမ္ဘာလုံးသည်’ဟူသော အယူအဆဘက်မှ ရဲဝံ့စွာမားမားမတ်မတ်ရပ်ခဲ့သည်။

ထို့ကြောင့် ကနောင်မင်းသားနှင့် ဦးဘိုးလှိုင်တို့သည် အလွန်တွဲဖက်ညီကြသည်။ သူတို့သည် ခေတ်သစ်ထူထောင်လိုသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံကို အခြားသော တိုးတက်သည့် နိုင်ငံများနည်းတူ တိုးတက်စေလိုသည်။ သို့မှလည်း နယ်ချဲ့ရန်ကိုတွန်းလှန်နိုင်မည်ဟု မြင်ထားကြဟန်တူသည်။

ထို့ကြောင့် မြန်မာနိုင်ငံခေတ်မီတိုးတက်ရေးကို အစွမ်းကုန်ဆောင်ရွက်ကြသည်။ ဦးဘိုးလှိုင်က သဘောတရားရေးဆရာ၊ ကနောင်မင်းသားက လက်တွေ့ဆရာ ဖြစ်ရာ အလွန်လိုက်ဖက်ညီကြသည်။ ဘာသျှကာရ ဆရာဝီရင်သော လိကာဝတီဂဏန်းကျမ်းကို သက္ကတမှ မြန်မာသို့ ဦးဘိုးလှိုင် ပြန်ဆိုခဲ့သည်မှာ ကနောင်မင်းသား၏ တိုက်တွန်းချက်အရ ဖြစ်ပေသည်။

ဦးဘိုးလှိုင်ရေးသားပြုစုခဲ့သော ကျမ်းများမှာ နှောင်းလူတို့ ရှာဖွေတွေ့ရှိသမျှ စုစုပေါင်း ၁၄ ကျမ်းဖြစ်သည်။ ယင်းတို့အနက် အထင်ရှားဆုံးမှာ ‘ဥတုဘောဇန သင်္ဂဟကျမ်းဖြစ်သည်။ နောက်ဆုံးအကြိမ် ရာထူးကျပြီးနောက် ရေးသားပြုစုသောကျမ်းဖြစ်သည်။

ပါဠိ၊သက္ကတ၊ ဆေးကျမ်းများနှင့် အနောက်တိုင်းဆေးကျမ်းများကို မှီငြမ်းပြုကာ မြန်မာ့မူ၊ မြန်မာ့ဟန်မပျက် တင်ပြထားသော ဆေးကျမ်းဖြစ်သည်။ ထိုခေတ် မြန်မာတို့အတွက် ပြည်သူ့ကျန်းမာရေးလမ်းညွှန်ဖြစ်သည်ဟု ဆိုသင့်သည်။

ထိုကျမ်းကို ဦးဘိုးလှိုင်သည် မကွယ်လွန်မီ ၃ နှစ်အလိုတွင် ရေးသားပြီးစီးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ်အကြာ သက္ကရာဇ် ၁၂၄၆ ခု တွင် သီပေါဘုရင်ပုံနှိပ်စက်၌ ရိုက်နှိပ်ခဲ့သည်။

ဥတုဘောဇနသင်္ဂဟကျမ်းသည် ဆေးပညာအနေဖြင့် အဖိုးထိုက်သောကျမ်းတစ်ကျမ်းလည်းဖြစ်သည်။ မြန်မာစကားပြေ အရေးအသားအနေဖြင့်လည်း အဖိုးထိုက်သော ကျမ်းတစ်ကျမ်းဖြစ်သည်။ အထူးသဖြင့် သိပ္ပံပညာကို မြန်မာစကားပြေဖြင့် ရေးသားဖော်ပြရာတွင် စံပြုထိုက်သော ကျမ်းဖြစ်သည်။ အရေးအသားမှာ အပိုအလိုမပါ၊ လွန်စွာကျစ်လျစ်သိပ်သည်းသည်။ တိကျသည်။ ရှင်းလင်းသည်၊ ပြတ်သားသည်။

မြန်မာ့သမိုင်း၌ မက္ခရာမင်းသားကြီးသည် ရီး၏စွယ်စုံကျမ်း (Ree’s Encyclopaedia)မှ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်ဟုဆိုသည်။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ မက္ခရာ မင်းသားကြီးနည်းတူ အခြားပြန်ဆိုသူများ ရှိကောင်းရှိဦးမည်လား မဆိုနိုင်ပေ။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။

အခိုင်အခံ့ရပ်တည်ကျန်ရှိနေသည်ကား ဦးဘိုးလှိုင်ပြုစုသည့် သိပ္ပံစာပေတို့သာဖြစ်သည်။ ဤတွင် မြန်မာလူမျိုးများထဲ၌ အနောက်တိုင်းသိပ္ပံစာပေကို အခိုင်အခံ့တည်ရစ်အောင် ပထမဆုံးပြန်ဆိုပြုစုခဲ့သူမှာ ဦးဘိုးလှိုင်ပင်ဖြစ်သည်ဟုဆိုသော် ရအံ့ထင်သည်။

ဦးဘိုးလှိုင်သည် ယင်းသို့ ပညာအရာ၌ စံတင်ထိုက်သည်သာမက စိတ်ဓာတ်အရာတွင်လည်း စံတင်ထိုက်သည်။ သက်ဦးဆံပိုင်ဘုရင်၏ထံပါးတွင် အမှုထမ်းရပါလျက် အသက်အိုးအိမ်စည်းစိမ်ကို ဂရုမပြု၊ ပြည်သူတို့ဘက်မှနေ၍ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်မှာ လွန်စွာအံ့ချီးဖွယ်ရာ ဖြစ်ပေသည်။

ဦးဘိုးလှိုင်သည် သူရသတ္တိနှင့် ပြည့်စုံသည်သာမက အလွန်ဖြောင့်မှန်၏၊ပွင့်လင်း၏၊ ပြတ်သား၏။ ထို့ပြင် ခွင့်လွှတ်တတ်သော သဘောလည်းရှိ၏။ မိမိ အရာကျအောင် ကုန်းချောသောသူများကို မည်သည့်အခါမှ ရန်တုံ့မမူခဲ့ပေ။

တစ်ခါသော် ဦးဘိုးလှိုင်အား အရာကျအောင် မင်းတုန်းမင်းအား ကုန်းချောခဲ့သော တောင်ထားဝယ်ဗိုလ်ကလေး ရတနာ့ဂူဘုရားပွဲတော်၌ မီးကျည်သင့်၍ သေဆုံးသွားသည်။ ထိုအခါ မင်းမှုထမ်းတစ်ဦးက “ဝန်မင်းကို ကုန်းချောတဲ့သူ သေပါရော့လားရှေးကဝိပါက် ၇ ရက်၊ ကာလဝိပါက် နောက်ပိုးတက်ဆိုတာ မှန်ပါရော့လား” ဟု ဝမ်းသာအားရ ပြောလာသည်။

ဤတွင် ဦးဘိုးလှိုင်က “သူသေတာ ငါနဲ့မဆိုင်ပါဘူးကွယ် သူလည်း သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့ငါပါ၊ သည်ဟာနဲ့စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှမပြောလေနှင့်နော်” ဟူ၍ ပြောဆိုတားမြစ်ခဲ့လေသည်။

ဦးဘိုးလှိုင်သည် အသက် ၅၄ နှစ်အရွယ်၊ သက္ကရာဇ် ၁၂၄၅ ခုတွင် ကွယ်လွန်သည်၊ ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်းမရှိ။အေးအေး ဆေးဆေး ရင်ဆိုင်သွားလေသည်။

သူကွယ်လွန်သည်မှာ ကာလကြာပြီဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊ သူ့စိတ်ဓာတ်၊ သူ့ကြိုးပမ်းချက်တို့ကား မကွယ်ပေ။ ယနေ့တိုင်ရှင်သန်ဆဲပင်ဖြစ်လေသည်။

Leave a Reply

Your email address will not be published.