နျူကလီးယားစစ်ပွဲဖြစ်ခဲ့သော်

နျူကလီးယားစစ်ပွဲဖြစ်ခဲ့သော်

ရုရှားဟာ ဖေဖေါ်ဝါရီ ၂၄ ကစပြီး ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့လို့ နှစ်နိုင်ငံစစ်ပွဲဖြစ်ခဲ့တာ တစ်လနီးပါးရှိပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံများကလဲ ချက်ချင်းဆိုသလိုပဲ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီအခါမှာ ရုရှားသမ္မတပူတင်ဟာ သူရဲ့နျူ တပ်ဖွဲ့တွေကို အမြင့်ဆုံးတပ်လှန့်ခဲ့ပါတယ်။

နောက်ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားတာနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကလည်း အခြေအနေတင်းမာနေပါတယ်။ စစ်ရေးအရ တုံ့ပြန်မှုမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေတောင် ထွက်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုဟာ နျူစစ်ပွဲဖြစ်တော့မလား ဆိုပြီးစိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါပြီ။ ဒီနေရာမှာနျူစစ်ဖြစ်ရင် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေကို တင်ပြမှာဖြစ်ပါတယ်။

နျူလက်နက်တွေ အပြိုင်ထုတ်လုပ်ခဲ့ကြပြီးတဲ့နောက် ပညာရှင်တွေကလဲ ဒီလို နျူစစ်ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ၁၉၈၃ ခုနှစ်အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၁ ရက်ထိ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဆွေးနွေးကြပါတယ်။

အဲ့ဒီအချိန်မှာတောင် ကမ္ဘာပေါ်မှာ နျူလက်နက် မီဂါတန် ၁၂၀၀၀ လောက်ရှိနေခဲ့ပြီဆိုတော့ မျက်မှောက်ခေတ် အရေအတွက်ဆိုရင် မတွေးဝံ့ စရာပါ။ ဒါတောင်မှ ပညာရှင်များက မီဂါတန် ၅၀ ပေါက်ကွဲမှုကို အခြေခံ တွက်ချက်ခဲ့တာပါ။

အောက်ဖေါ်ပြပါ အချက်အလက်‌တွေကတော့ပညာရှင်များရဲ့ ခန်မှန်းတွက်ဆမှုတွေပဲ ဖြစ်ပါတယ်။

(၁) နျူစစ်စတင်နိုင်ရာနေရာကို ခန့်မှန်းရာမှာ ယခုစစ်ဖြစ်နေတဲ့နေရာ ကမ္ဘာ့မြောက်ချမ်းပဲဖြစ်မယ်လို့ အံ့ဩဘွယ် မှန်းဆခဲ့ကြပါတယ်။ နျူစစ်ဖြစ်တာနဲ့ လူတစ်သန်းနီးပါး ချက်ခြင်းသေဆုံးရမှာဖြစ်ပြီး တပါတ်အတွင်းမှာ နျူကြောင့်ဖြစ်ပေါ်လာမယ့် ဖုန်မှုံ့တိမ်တိုက်တွေကြောင့် ကမ္ဘာ့မြောက်ချမ်းဟာ နေရောင်ချည် ရရှိမှာ မဟုတ်တော့ပါဘူး။

ဖုန်မှုံ့တိမ်တိုက်တွေက နေရောင်ချည်ကို စုပ်ယူတားဆီးလိုက်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့ အပင်တွေသက်ရှိတွေရှင်သန်ဖို့ မဖြစ်နိုင်တော့ပါဘူး။

(၂) လေထုထဲက ဖုန်မှုံ့တိမ်တိုက်ဟာ ကမ္ဘာ့လေစီးကြောင်အတွင်းမျောပါပြီး ကမ္ဘာ့တောင်ဘက်ခြမ်းကိုလည်း ရောက်ရှိလာမှာပါ။ ဒီထဲမှာပါလာတဲ့ နျူဓါတ်ပြာတွေကြောင့် တောင်ခြမ်းကသက်ရှိတွေလဲ ဆိုးကျိုးတွေ ခံစားရမှာပါ။

(၃) နျူပေါက်ကွဲမှုဟာ ပြင်းထန်တဲ့ နျူကလီးယားဆောင်းရာသီကို ဖြစ်ပေါ်စေပြီး မကြုံစဖူး အအေးဒါဏ်ကို သက်ရှိတွေခံစားရအုံးမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေမျက်နှာပြင် အပူချိန်လွန်ကဲစွာကျဆင်းမှုဟာ ကမ်းရိုးတန်း ဒေသကလွဲလို့ ကျန်နေရာတွေမှာ ရေခဲမှတ်အောက် ၁၅ ကနေ၂၀ စင်တီဂရိတ် အထိကျဆင်းသွားမှာဖြစ်ပါတယ်။

ရေချိုတွေ‌နဲ့ ပင်လယ်ရေတွေဟာ ပေပေါင်းမျာစွာအနက်အထိခဲပြီး သောက်သုံးရေ ပြတ်လပ်သွားမှာပါ။ ကောင်းကင်မှာလဲ နျူကလီးယားဆောင်းကြောင့် ဆီးနှင်းတွေ အဆက်မပြတ်ကျဆင်းနေပြီး ရာသီဥတုဖေါက်ပြန်မှုဒဏ်ကို သက်ရှိတွေအလူးအလဲခံစားရမှာဖြစ်ပါတယ်။

(၄) စတုရန်း ကီလိုမီတာ သိန်းချီတဲ့မြို့ကြီးတွေဟာ နျူကြောင့် မီးလောင်ကျွမ်းသွားပြီး လူတို့သိုလှောင်ထားတဲ့ စားကုန်သောက်ကုန် ဓါတုပစ္စည်းမျိုးစုံ မီး‌လောင်ကျွမ်းပြီး အဆိပ်ဓါတ်ငွေ့တွေထွက်ရှိလာအုံးမှာဖြစ်ပါတယ်။

(၅) နေရောင်ချည် တိုက်ရိုက်မကျရောက်အောင် ကာကွယ်ပေးနေတဲ့ အိုဇုန်းအလွှာဟာလဲ နျူပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်ရဲ့ ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားမှာပါ။ ခရမ်းလွန်ရောင်ချည်တွေ ၆ဆ ပိုပြီး ကမ္ဘာပေါ်ကိုကျရောက်လာပါလိမ့်မယ်။

(၆) သစ်တောတွေ ပျောက်ကွယ်ကုန်မယ်။ နျူဓါတ်ပြာများရဲ့ အကျိုးဆက်ကလဲကျန်ရှိတဲ့သက်ရှိများကို နှစ်ပေါင်းများစွာ ဆက်လက်ဒုက္ခပေးနေပြီး ရောဂါဆန်းများ ကလဲပေါ်ပေါက်လာမှာပါ။

ဒါတွေကတော့ ပညာရှင်တွေကြိုတင်မှန်းဆချက်တွေဖြစ်ပြီး ဒီလိုမဖြစ်အောင် လူသားတို့အတူတကွ လက်တွဲဆောင်ရွက်ရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.