အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ဟူးဗားဆည် အကြောင်း

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ဟူးဗားဆည် အကြောင်း

ဟူးဗားဆည်(Hoover Dam)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်များဖြစ်ကြတဲ့ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်တို့ရဲ့ နယ်နိမိတ်စည်းပေါ်မှာ တည်ရှိပါတယ်။လတ်စ်ဗီးဂတ်မြို့ရဲ့ အနောက်တောင် ပိုင်း ၂၆ မိုင်အကွာက ကော်လိုရာဒိုမြစ်ရဲ့ အလွန် နက်ရှိုင်းတဲ့ ချောက်နေရာမှာ တည်ရှိပါတယ်။

၁၉ဝဝ ပြည့်နှစ်လောက်ကတည်းက ဆည်တည်ဆောက်ရန် ကော်လိုရာဒိုမြစ်ကြောင်းတစ်လျှောက် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၁၉၂၈ ခုနှစ်မှာ လွှတ်တော်၌ အတည်ပြုပြီး တည်ဆောက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဆည်ကြီးတည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ရေကြီးရေလျှံမှုများကိုထိန်းချုပ်နိုင်ရန်၊ ဆည်မြောင်းများကို ရေထောက်ပံ့နိုင်ရန်နှင့် ရေအား လျှပ်စစ်ထုတ်ယူနိုင်ရန်ဖြစ်ပါတယ်။

နိုင်ငံရဲ့စီးပွားပျက်ကပ်ဆိုက်တဲ့ ကာလအတွင်း ၁၉၃၁ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆည်တည်ဆောက်တဲ့ လုပ်ငန်းခွင်ကြောင့် အလုပ်လက်မဲ့ ထောင်ပေါင်း များစွာကို အလုပ်ရစေခဲ့ပါတယ်။

ဆည်တည်ဆောက်ရေးလုပ်သားတွေ အတွက် အိမ်ရာတွေကိုတည်ဆောက်ပေးရုံသာမက ဘိုးဒါး (Boulder)ဆိုတဲ့မြို့ သစ်တစ်ခုကိုပါ တည်ထောင်ပေးခဲ့ရပါတယ်။ ဆည်တည်ဆောက်မှုကိုတော့ ကော်လိုရာဒို မြစ်ညာကနေ စတင်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့မြစ်ရဲ့ လမ်းကြောင်းကိုလွှဲဖို့အတွက် အချင်း ၅၆ ပေခန့်စီရှိတဲ့ ရေလွှဲလိုက်ခေါင်းကြီး ၄ ခုကို မြစ်ရဲ့ တစ်ဖက်စီမှာ ၂ ခုစီ စတင်တည်ဆောက်ခဲ့ပါတယ်။ရေလမ်းကြောင်းပြောင်းစေဖို့အတွက် ဧရာမကျောက် တုံးကြီးတွေကို မြစ်ထဲပို့ရင်း လျှိုမြောင်ချောက်ကမ်းပါးများကို ဒိုင်းနမိုက်များဖြင့်ခွဲခြင်း လိုဏ်ခေါင်းကြီး တွေရှိရာဘက်ကို စီးဆင်း‌စေခဲ့ပါတယ်။

အဲဒီနောက်တော့ ဆည်တည်ဆောက်မယ့်နေရာမှာ ကျန်ရှိနေသေးတဲ့ ကော်လိုရာဒိုမြစ်ရဲ့ ရေတွေကို စက်တွေနဲ့စုပ်ထုတ် ပစ်လိုက်ပြီးနောက် ဆည်ကြမ်းပြင်ကို ပထမဆုံး တည်ဆောက်ခဲ့ပါတယ်။

၁၉၃၃ ခုနှစ်မှာ မြစ်ကြမ်းပြင်တစ်ခုလုံးကို သတ်မှတ်ချက်နဲ့အညီ ကွန်ကရစ်လောင်းနိုင်ခဲ့တာကြောင့် ဆည်ရဲ့သက်တမ်းကို ပညာရှင်တွေက နှစ်ပေါင်း ၁၂၅ နှစ်အထိ ခိုင်ခံ့စွာရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။

၎င်းဆည်ဟာ ကွန်ကရစ်ဖြင့် ထူထဲသောအခုံးပုံ သဏ္ဌာန်တည်ဆောက်ထားပြီး အမြင့် ၇၂၆ ပေ ရှိကာ ၁၂၄၄ ပေ ရှည်ပါတယ်။ ဆည်ရဲ့ ထုထည်ဟာ ၂၄၈၀၀၀၀ ကုဗမီတာရှိပြီး ၁၉၄၈ ခုနှစ်အထိ ကမ္ဘာပေါ်တွင် အမြင့်ဆုံးနှင့် အားအကောင်းဆုံးဆည်တစ်ခုဖြစ်ခဲ့ပါတယ်။

ယနေ့ခေတ်မှာ နိုင်ငံရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ အမြင့်ဆုံး ကွန်ကရစ် အခုံးဆည်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ခေတ်သစ် ဆောက်လုပ်ရေး အင်ဂျင်နီယာများရဲ့ အံ့ဩဖွယ်ရာ ၇ ခု တွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၎င်းဆည်တည်ဆောက်ရေးတွင် အလုပ်သမား ထောင်ပေါင်းများစွာရဲ့ ချွေး၊ သွေးများနှင့် ရာနဲ့ ချီတဲ့အသက်များ ပေးခဲ့ရပါတယ်။ ဆည်တည်ဆောက်မှုလုပ်ငန်းခွင် နဲ့ပတ်သက်ပြီး သေဆုံးခဲ့သူအရေအတွက်မှာ ၁၁၂ ယောက်ဖြစ်ပါတယ်။

ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ကြီးမားတဲ့စိန်ခေါ်မှုများ ရှိခဲ့သော်လည်း သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အလုပ်သမားများဟာ ငြီးငွေ့စရာကောင်းလောက်အောင် အသက်ရှူကျပ်တဲ့ ကာဗွန်မိုနောက်ဆိုက်ဥမင်များအတွင်းသို့ ဝင်ရောက် လုပ်ကိုင်ရသည့်အပြင် ပေ ၈၀ဝ ခန့်မြင့်သော ချောက်ကမ်းနံရံများတွင် တွဲလဲခိုကာ အလုပ်လုပ်ခဲ့ကြရပါတယ်။

ဆည်ရဲ့နံရံတွေကို စတုရန်းပေ ၅ဝ ခန့်အထိရှိတဲ့ ကြီးမားသော စတုရန်းပုံကွန်ကရစ်တုံးကြီးတွေနဲ့ ဆင့်ကာဆင့်ကာ တည်ဆောက်ခဲ့ပါတယ်။ ဒီတွန်ကရစ် တုံးကြီးတွေပြုလုပ်ဖို့အတွက် ဘိလပ်မြေတွေကို ကြီးမားတဲ့ စည်ပိုင်းကြီးတွေနဲ့ ပုံစံခွက်ထဲကိုလောင်းထည့်ခဲ့ရပါတယ်။

ဆည်တည်ဆောက်ရာမှာသုံးခဲ့တဲ့ စုစုပေါင်း ဘိလပ်မြေထုထည်ပေါင်းက သန်းပေါင်း ၈၇ ၁သမ ၅ ကုဗပေဖြစ်ပြီး အသုံးပြုခဲ့တဲ့ အအေးခံပိုက်အရှည် စုစုပေါင်းကတော့ ၅၈၂ မိုင်ဖြစ်ပါတယ်။

၁၉၃၅ ခုနှစ်မှာတော့ အမြင့် ၇၂၆ ပေမြင့်တဲ့ ရေထိန်းနံရံ ကြီးကိုတည်ဆောက်ပြီးစီးခဲ့ပြီး ရေလွှဲလိုဏ်ခေါင်းတွေကို ပိတ်ပစ်လိုက်ကာ ရေတွေကို ကော်လိုရာဒိုမြစ် ထဲကို ပြန်လည်စီးဆင်းစေခဲ့ပါတယ်။

ဒီဆည်ကို ၁၉၃၃ ခုနှစ်ထိ Boulder ဆည်ဟု လူသိများခဲ့ပြီး ၁၉၄၇ ခုနှစ်တွင်မှ သမ္မတဟားဗတ်ဟူးဗားအား ဂုဏ်ပြုတဲ့အနေနဲ့ ဟူးဗားဆည်လို့ ပြန် လည်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန်ရဲ့ နာမည်ကျော် ရေကန်တစ်ခုဖြစ်တဲ့ Mead ရေကန်ဟာ ဟူးဗားဆည်ရဲ့ အနောက်ဘက်မှာတည်ရှိပါတယ်။ဒီရေကန်ဟာ ၁၁၄ မိုင်ကျယ်ပြီး ကမ္ဘာပေါ်ရှိ ဖန်တီး ထားသောရေကန်များထဲက အကြီးဆုံး လူလုပ်ရေကန် တစ်ကန်ဖြစ်ပါတယ်။နှစ်စဉ်လာရောက်လည်ပတ်သူ ၁၀ သန်းခန့်ရှိပြီး လူကြိုက်များသောအပန်းဖြေနေရာ တစ်ခုဖြစ်ပါတယ်။

ဒီဆည်ကြီးကို ကုမ္ပဏီတစ်ခုတည်းက တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဆောက်လုပ်ရေးကုမ္ပဏီကြီး ၆ ခု ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဆည်တည်ဆောက်မှုအတွက် ကုန်ကျစရိတ်က ၁၉၃၁ ခုနှစ် ငွေကြေးတန်ဖိုးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၄၉ သန်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ငွေကြေးတန်ဖိုးနဲ့တွက်ရင် တော့ ဒေါ်လာ ၆၆၄ သန်းအထိ ကုန်ကျခဲ့တာဖြစ်ပါ တယ်။

ဆည်ရဲ့ အပေါ်ဘက်တွင် သံကူကွန်ကရစ် ရေသွင်း ရေထုတ်မျှော်စင် ၄ ခုတည်ဆောက်ထားပြီး Penstocks လို့ခေါ်တဲ့ ကြီးမားသော သံမဏိပိုက်များဖြင့် ဆည်ထဲမှရေကို လွှဲပြောင်းပေးပါတယ်။

ရေများဟာ ၎င်းပိုက်များကိုဖြတ်ပြီး ပေ ၅၀၀ ခန့်စီးဆင်းပြီးနောက် ဆည်ရဲ့အောက်ခြေရှိ ရေအားလျှပ်စစ်စက်ရုံသို့ ရောက်ရှိပါတယ်။၊ ထို့နောက် ဒလက် ၁၇ ခုကို လည်စေပြီး ဗို့အား ၂၀၈၀ မဂ္ဂါဝပ်ရှိသော လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်ပေးပါတယ်။

ဒီလျှပ်စစ်ဓာတ်အားဟာ ပြည်နယ် ၃ ခုက လူနေအိမ် ပေါင်း ၁ ဒသမ ၃ သန်းကို လျှပ်စစ်ဓာတ် ရရှိလုံလောက်စေခဲ့ပါတယ်။ဟူးဗားဆည်ဟာ အဓိကကျတဲ့ ရှုခင်းများကိုကြည့်နိုင်တဲ့နေရာဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ၇ သန်း ခန့်ရှိပါတယ်။

အချိန်ကြာမြင့်စွာ စီစဉ်ထားသော Hoover Dan Bypass (Mike O’Callaghan-Pat Tillman Memorial Bridge) စီမံကိန်းအား ၂၀၀၅ ခုနှစ်ဇန်နဝါရီလတွင် စတင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ၁၀၆ဝ ပေရှည်သော ကွန်ကရစ် တံတားအကွေး တည်ဆောက်ပြီးစီးခဲ့ပြီး မြောက်အမေရိကမှာရှိတဲ့ အဲဒီအမျိုးအစားတံတားတွေအနက် အရှည်ဆုံးတံတားဖြစ်ခဲ့ပါတယ်။

ဒီဆည်ဟာ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျာမန် ဗုံးကြံစည်မှုများရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဂျာမန်သူလျှိုများက တောင်ပိုင်းကယ်လီဖိုးနီးယားရှိ လေယာဉ်စက်ရုံမှာ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်စေရန် ရည်ရွယ်ပြီး ဆည်ရဲ့ ရေသွင်းရေထုတ်မျှော်စင်များကို ဖျက်ဆီးရန်ကြံစည်မှုအား အမေရိကန်အရာရှိများက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဟူးဗားဆည်ဟာ မြို့ပြ စက်မှုလုပ်ငန်းများကို ၎င်းရဲ့ သဘာဝအရင်းအမြစ်များနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ ခေတ်တစ်ခေတ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Credit _ Author; ရဲမာန်ခ
Source; Hoover Dam by wikipedia,Thutazone

Leave a Reply

Your email address will not be published.