စဖင့်ရုပ်များနှင့် အီဂျစ်သမိုင်းထဲက တူတန်ခမန် ဂူသင်္ချိုင်း

စဖင့်ရုပ်များနှင့် အီဂျစ်သမိုင်းထဲက တူတန်ခမန် ဂူသင်္ချိုင်း

စဖင့်(sphinx)ရုပ်များကို ဂရိ ၊ အီဂျစ်စသော နိုင်ငံများတွင် တွေ့ရသည်။ ဂရိနိုင်ငံမှ စဖင့်မှာ အလွန်ဆန်းကြယ်သည်။ အများအားဖြင့် ခြင်္သေ့ကိုယ်၌ သိမ်းငှက် ၊သို့မဟုတ် လူ၊ သို့မဟုတ် သိုးထီးတို့၏ ဦးခေါင်းတစ်ခုခုကို တပ်ဆင်ထားသော အရုပ်များဖြစ်သည်။

အချို့မှာ မိန်းမ၏ အပေါ်ကိုယ်တစ်ပိုင်၊ ခြင်္သေ့ကိုယ်၊မြွေအမြီးနှင့် ငှက်၏တောင်ပံများကို စုပေါင်းတပ်ဆင်ထားသော ငှက်ရုပ်များဖြစ်သည်။ အချို့မှာ မိန်းမ၏ ဦးခေါင်းတပ်ဆင်ထားသော ငှက်ရုပ်များဖြစ်သည်။

သိမ်းငှက်၏ ဦးခေါင်းတပ်ဆင်ထားသော ဂရိစဖင့်ရုပ်များကို ခရစ်မပေါ်မီ နှစ်ပေါင်း ၂၅၀၀ ကပင်တွေ့ရသည်။ အီဂျစ်စဖင့်ရုပ်များမှာ မြန်မာတို့၏ မနုဿီဟရုပ်များနှင့်ဆင်သည်။

ယောက်ျား၏ဦးခေါင်းနှင့် ခြင်္သေ့ကိုယ်လက်အင်္ဂါများကို ပေါင်းစပ်ထုလုပ်ထားသည်။ အများအားဖြင့် ယင်းစဖင့်ရုပ်များ၏ဦးခေါင်းများမှာ ရှေးအီဂျစ် ဖာရိုဘုရင်များ၏ ဦးခေါင်းပုံတူများဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးသောစဖင့်ရုပ်မှာ အီဂျစ်နိုင်ငံ၊ ဂီးဇာမြို့ ပိရမစ်အဆောက်အအုံကြီးအနီးတွင်ရှိ၍ ကျောက်သားဖြင့် ထုလုပ်ထားသည်။ ယင်းစဖင့် ရုပ်ကြီးများ၏ အလျားမှာ ၁၈၉ ပေရှိ၍ အမြင့် ၆၅ ပေ ရှိသည်။

သို့သော် စဖင့်ရုပ်ကြီးကို ထုလုပ်သည့် ခရစ်နှစ်ကိုကား အသေအချာမသိရပေ။ ခက်ဖရင်းဘုရင် စိုးမိုးစဉ် ခရစ်မပေါ်မီ နှစ်ပေါင်း ၂၉ဝဝ ကပေါ်ပေါက် လာခဲ့ဖွယ်ရာအကြောင်းရှိသည်ဟုယူဆရသည်။

စဖင့်ရုပ်ကြီး၏မျက်နှာမှာ ရှေးအီဂျစ် ဖာရိုဘုရင်တစ်ဦး၏ မျက်နှာဖြစ်သည်ဟု ဆိုကြသည်။ သို့သော် စဖင့်ရုပ်ကြီး၏ မျက်နှာသည် ပွန်းပဲ့ပျက်စီးနေသည့်အတွက် မည်သည့် ဖာရိုဘုရင်၏ မျက်နှာပုံပန်းဖြစ်သည်ကို မသိနိုင်တော့ပေ။

တန္နစ်စဖင့်ရုပ်များသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ က ပေါ်ပေါက်ခဲ့၍ အီဂျစ်အနုပညာ၏ခံ့ညား ဆန်းကြယ်သောသရုပ်ကို ဖော်ပြကြလေသည်။ ဂီးဇာမြို့ စဖင့်ရုပ်ကြီးမှအပ မင်းဖစ်မြို့ရှိ စဖင့်ရုပ်သည် အခြားသော စဖင့်ရုပ်များအနက် အကြီးဆုံးဖြစ်သည်။

ကျောက်ဖြူသားဖြင့် ထုလုပ်ထား၍ အလျား ၁၇၂ ပေ ၆ လက်မနှင့် အမြင့် ၅၆ ပေရှိသည်။ ယင်း၏မျက်နှာ ပုံပန်းမှာ ယောက်ျားအသွင်ဝတ်ဆင်ထားသော ဟက်ရှက်စွတ်ဘုရင်မကြီး၏ မျက်နှာပုံပန်းနှင့် တူသကဲ့သို့ ရှိသည်။

ဘီစီ ၁၄၄ဝ ပြည့်နှစ်က ထုလုပ်ထားခဲ့သည့် အလျား ၁၇ ပေစီရှိသော သိုးထီး၏ ဦးခေါင်းတပ်ဆင် ထားသော စဖင့်ရုပ်များကိုလည်း သီးဗီးမြို့၌တွေ့ နိုင်လေသည်။ ဂရိစဖင့်ရုပ်နှင့်အီဂျစ်စဖင့်ရုပ်များကား မတူညီကြပေ။

ဂရိစဖင့်ရုပ်များသည် ယဉ်ကျေးမှုအနုပညာ သဘောနှင့် မည်သို့မျှ စပ်ဆိုင်ခြင်းမရှိချေ။ အီဂျစ်စဖင့် ရုပ်များကား ဖာရိုဘုရင်တစ်ဦးဦး၊ သို့မဟုတ် ယင်းဘုရင်အားစောင့်ရှောက်သော ဘုရင်တစ်ပါးပါးနှင့် သက်ဆိုင်၍ ယင်းတို့ကို လူတို့က ကိုးကွယ်မှုပြုကြလေသည်။

ဘီစီ ၁၃၃၆ ခုနှစ် (လွန်ခဲ့သောနှစ်ပေါင်း ၃၃၅ဝ) ခန့်က အီဂျစ်နိုင်ငံဖာရိုမင်းဆက်မှာ တူတန်ခမန်ဟု အမည်ရသော ဘုရင်ငယ်တစ်ပါးနန်းတက်ခဲ့သည်။ နန်းတက်ကာလတွင် ကလေးငယ်အရွယ်သာရှိသော်လည်း အသက် ၁၈ နှစ်တွင်သေဆုံးခဲ့သည်။

ဖာရိုမင်းဆက်တို့၏ ထုံးစံအတိုင်း ရုပ်အလောင်းကို ဆေးစိမ် ကျပ်စည်းကာ မံမီပြုလုပ်ပြီး အဖိုးတန်ရတနာများ၊ အသုံး အဆောင်များနှင့်တကွ ပိရမစ်ထဲတွင် မြှုပ်နှံခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ခေတ်အဆက်ဆက် ဖြတ်သန်းပြီး ၎င်း၏သင်္ချိုင်းဂူလည်း ပျောက်ဆုံးခဲ့ရသည်။ ၎င်းတို့အကြောင်းအရာများသည်လည်း ပါးစပ် ရာဇဝင်လောက်သာ ကျန်ခဲ့တော့သည်။

တူတန်ခမန်ဘုရင် နတ်ရွာစံပြီးနောက် နှစ်ပေါင်း ၃ဝဝဝ ခန့်အကြာ ၁၉၂၂ ခုနှစ်တွင် ပျောက်ဆုံးနေသော ဤသင်္ချိုင်းဂူဗိမာန်ကို ဇွဲဖြင့်ရှာဖွေမည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဟောင်းဝပ်ကာတာဆိုသော ရှေး ဟောင်းသုတေသနပညာရှင်တစ်ဦး ပေါ်ပေါက်လာခဲ့သည်။

၎င်း၏အဖွဲ့သည် နိုင်းမြစ်အနီး တောင်ကြား ဒေသတွင် တူတန်ခမန်ဘုရင်၏ သင်္ချိုင်းဂူဗိမာန်ကို နှစ်ပေါင်းအတော်ကြာအောင် အပင်ပန်းခံရှာဖွေခဲ့ကြပါသည်။ ၆ နှစ်ကြာမျှ အခက်အခဲအမျိုးမျိုးကြားမှ ရှာဖွေတူးဖော်ခဲ့သော်လည်း

ထူးခြားမှုမတွေ့ရှိရဘဲ နောက်ဆုံးအကြိမ်အဖြစ် ရှာဖွေတူးဖော်ရာ ကျောက်နံရံတွင် ထွင်းထားသော လှေကား ၁၆ ထစ်ကိုတွေ့ ရှိခဲ့ကြသည်။ ထိုလှေကားထစ်များအတိုင်းဆင်း၍ လိုက်သွား ခဲ့ကြရာ နောက်ဆုံးအထစ်အရောက်တွင် တံခါးတစ်ခု ကို တွေ့ရှိခဲ့ကြသည်။

ချိပ်ပိတ်ထားသောတံခါးကို ဖွင့်လိုက်ကြရာတွင် အခန်းတစ်ခန်းအတွင်း၌ ချိပ်ပိတ်ထားသည့် တံခါးတစ်ခုကို နံရံတစ်နေရာတွင် ထပ်မံတွေ့ ရှိကြရပြန်သည်။ ထိုတံခါးကိုဖွင့်လိုက်သောအခါ အဖိုးတန်ရတနာများ နှင့် ထူးဆန်းလှသည့်မြင်ကွင်းနှင့်အတူ ၎င်းတို့ရှာဖွေနေသော တူတန်ခမန် ဂူသင်္ချိုင်းကိုတွေ့ရှိလိုက်ရသည်။

ဂူသင်္ချိုင်း၏အဝင်ဝ ရွှံ့စေးပြားပေါ်တွင် “ ဖာရိုဘုရင်တို့၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်သူမည်သူမဆို သေမင်းသည် သူ၏တောင်ပံများဖြင့် သေစေလိမ့်မည်” ဟု ကျိန်စာများ ရေးသားထားခဲ့ပေသည်။

ဂူသင်္ချိုင်းအား ဖွင့်လိုက်သောအခါ မြင်ကွင်းများကို စတင်မြင်လိုက်ချိန်တွင် အံ့ဩတကြီးဖြစ်သွားကြသည်။ ရှာဖွေတွေ့ရှိသမျှ ပိရမစ်ဂူသင်္ချိုင်းတို့တွင် ဤဂူသင်္ချိုင်းသည် အဖိုးတန်ရတနာအများဆုံးတွေ့ရသော ဂူဖြစ်သည်။

ထို့ထက်အဖိုးတန်ပြီး အံ့ဩစရာကောင်းသည်က ဂူထဲတွင် အလွန်လက်ရာမြောက်သော ကျောက်ခေါင်းတလားကို စတင်တွေ့ရှိခဲ့ရသည်။ ထို ဂူထဲတွင် ရွှေဖြင့်ပြုလုပ်ထားသော ခေါင်းတလား ၃ ခုကိုထပ်လျက်တွေ့ရှိရသည်။

နောက်ဆုံးခေါင်းတလားထဲတွင်မှ ဘုရင်ငယ်လေး၏ မံမီရုပ်အလောင်းသည် အထူးထည့်မြှုပ်နှံခဲ့သည့် အသုံးအဆောင်များအဖြစ်လက်ရာလှပလွန်းသော ကုလားထိုင်နှင့် တခြားအသုံး အဆောင်များကိုကြည့်ခြင်းအားဖြင့် လွန်ခဲ့သောနှစ် ပေါင်း ၃၅ဝဝ ခန့်က အီဂျစ်တို့၏ယဉ်ကျေးမှုအဆင့် အတန်း လူနေမှုအဆင့်အတန်း အတော်မြင့်မားနေသည်ကို လေ့လာသိရှိနိုင်ပေသည်။

ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေအတိနှင့်လုပ်ထားသော အခေါင်း၊ ဘုရင်ငယ်လေး၏ မျက်နှာပြင်တွင် တပ်ဆင်ထားသော မျက်နှာဖုံး၊အစားအသောက်များ၊ ဝိုင်များ၊ လေးနှင့် မြားများ၊ ခြေနင်းဖိနပ်များ ထို့နောက် အသစ်အတိုင်းရှိနေမြဲဖြစ်သည့်အတွင်းဝတ် အင်္ကျီများအပါအဝင် ပစ္စည်းပေါင်း ၅၃၉၈ မျိုးနှင့်အတူ တူးဖော်တွေ့ရှိခဲ့ကြသည်။

ဂူသင်္ချိုင်းကိုတူးဖော်သူတို့သည် အကြောင်းပြချက် ရှာမရဘဲ နည်းမျိုးစုံဖြင့် သေဆုံးကုန်ကြသည်။ ထိုတူးဖော်ရေးတွင် ခေါင်းဆောင်ဖြစ်သော ဟောင်းဝပ်ကာတာတစ်ယောက်သာ အသက်ကြီးသည်အထိ နေထိုင်သွားခဲ့သည်။

တူတန်ခမန်ဘုရင်၏ ဂူသင်္ချိုင်းတူးဖော် တွေ့ရှိမှုသည် ကမ္ဘာတွင် ထူးခြားသော ရှေးဟောင်း သုတေသနသမားတစ်ဦးအတွက် အကြီးမြတ်ဆုံးဖြစ် သည်ဟု ထင်မြင်သုံးသပ်မိပေသည်။

တူးဖော်ရေးတိုင်းသည် အမှတ်မထင်သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေ သည်မှာ မဟုတ်နိုင်ပေ။ တူးဖော်ရေးမှ ရရှိလာသော ပစ္စည်းများ၏ ဓာတုဓာတ်ပြုမှုများကြောင့်သာ ဖြစ်ပေလိမ့်မည်ဖြစ်သည်။

တူးဖော်သူများ၏ ကိုယ်ခံအား စနစ်ကြောင့်လည်း စောစီးစွာသေဆုံးခြင်းများလည်း ရှိနိုင်သကဲ့သို့ ထိုသူများ၏မသမာသောစိတ်ထားများ ကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။ သို့သော်လည်း တချို့သူများက ကျိန်စာကြောင့် သေဆုံးခြင်းဖြစ်သည် ဟုသာ ထင်မြင်ကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ အီဂျစ်လူမျိုးတို့၏ ယဉ်ကျေးမှု အနုပညာများကို စဖင့်ရုပ်များနှင့် တူတန်ခမန်ဘုရင်ငယ်၏ မံမီရုပ်အလောင်းက သက်သေခံလျက်ရှိနေပါတော့သည်။

Crd-Author: မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
ကိုးကား – မြန်မာ့စွယ်စုံကျမ်းအတွဲ(၃)

Leave a Reply

Your email address will not be published.