ပဟေဠိဆန်လှ‌သော အီစတာကျွန်းပေါ်က မွိုင်ရုပ်တုကြီးများ

ပဟေဠိဆန်လှ‌သော အီစတာကျွန်းပေါ်က မွိုင်ရုပ်တုကြီးများ

ချီလီနိုင်ငံနယ်နိမိတ်တွင်ပါဝင်သည့် အီစတာကျွန်း (Easter Island) ပေါ်မှ မွိုင် (Moai) ခေါ် ကြီးမားတဲ့ရုပ်တုကြီးတွေအကြောင်း တင်ပြလိုက်ရပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိသည့် အီစတာကျွန်းဟာ တစ်ချိန်တုန်းက လူသူအရောက်အပေါက်နည်းသော ကျွန်းငယ်တစ်ခုပဲဖြစ်ပါတယ်။

အနီးဆုံးဟုဆိုရမည့် ပိုလီနီးရှန်းကျွန်းစုများနှင့်ပင်လယ်သမုဒ္ဒရာကြီး ခြားလျက်နေပါတယ်။ ကျွန်းဟာ မီးတောင်ကျွန်းဖြစ်ပြီး ကျွန်းပေါ်တွင် မီးတောင် သုံးလုံးရှိပါတယ်၊

ဒါပေမဲ့ နယ်ပယ်သစ်ရှာဖွေစူးစမ်းသူများရဲ့အကျိုး ဆက်အားဖြင့် ကျွန်းစုပေါ်မှ ထူးဆန်းတဲ့ရုပ်တုကြီးများ တွေ့ရှိလာခဲ့ကြပါတယ်။ ဒီနောက်မှာတော့ လူအများ စိတ်ဝင်စားမှုတွေမြင့်တက်လာပါတော့တယ်။

နောက် ဆုံးမှာတော့ ယူနက်စကိုရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

သမိုင်းအကျဉ်း

အီစတာကျွန်းပေါ်သို့ အေဒီ ၁၇၂၂ ခုနှစ်တွင် ဥရောပတိုက်သား Jacob Roggeveen ရောက်ရှိခဲ့ပြီး ကျွန်းပေါ်တွင် တွေ့ရှိခဲ့ရသည့် ရုပ်တုများနှင့်ပတ်သက် ပြီး နိုင်ငံတကာသို့တင်ပြခဲ့သော်လည်း စိတ်ဝင်စားသူ နည်းပါးခဲ့သည့်အတွက် ရုပ်တုကြီးများအကြောင်း မှေး မှိန်ခဲ့ရပါတယ်။

အေဒီ ၁၇၇ဝ ပြည့်နှစ်မှာတော့ စပိန် လူမျိုးနယ်ပယ်သစ်ရှာဖွေသူ Felipe Gonzalez ဟာ အီစတာကျွန်းကိုရောက်ရှိခဲ့ပါတယ်။ ထို့နောက် ၁၇၇၄ ခုနှစ်ခန့်တွင် အင်္ဂလိပ်လူမျိုး Captain James Cook ရောက်ရှိခဲ့ပါတယ်။

ထိုသို့ရောက်ရှိလာကြသော်လည်း ကျွန်းပေါ်ရှိရုပ်တုကြီးများနှင့်ပတ်သက်၍ စိတ်ဝင်စား မှုမခံခဲ့ရပေ၊ အဲဒီနောက်ပိုင်းမှာတော့ အီစတာကျွန်း ဟာ ချီလီအင်ပါယာအတွင်းရောက်ရှိသွားခဲ့ပါတယ်။

၁၉၁၄ ခုနှစ်မှာတော့ အီစတာကျွန်းစုပေါ်သို့ စတင် တွေ့ရှိရောက်ခဲ့သူကတော့ အင်္ဂလိပ်အမျိုးသမီး သုတေသီပညာရှင် Katherine Routledge ဆိုသု ဖြစ်ပါတယ်။ ထို့နောက်ပိုင်းနှစ်များတွင် ကျွန်းပေါ်သို့ သုတေသနပညာရှင်များရောက်လာကာ ကျောက်ရုပ် တုကြီးများနှင့်ပတ်သက်၍ သုတေသနပြုခဲ့ကြပါတယ်။

ထူးဆန်းတာက ဒီရုပ်တုကြီးများကို မည်သူတွေက မည်သည့်ရည်ရွယ်ချက်ဖြင့်ထုလုပ်ခဲ့ကြသလဲ။ အဆင့် အတန်းမြင့်မားသော ရုပ်တုထုလုပ်ခြင်းအတတ်ပညာ ကို မည်ကဲ့သို့တတ်မြောက်ပြီးနောက်ပိုင်း ဘာကြောင့် ပျောက်ကွယ်ခဲ့ကြသလဲ။

ရုပ်တုတစ်ခုအတွက် လူအင်အားဘယ်လောက်သုံး၍ အချိန်ဘယ်လောက်ကြာ ခဲ့သလဲ။ ထိုရုပ်တုများထုလုပ်ပြီးစီးချိန်တွင် လက်ရှိ နေရာသို့ မည်သို့သယ်ဆောင်ခဲ့ကြပါသလဲ စသည်ဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ ပြည့်စုံမှန်ကန်တဲ့အချက်အလက် များကိုတော့ ယနေ့အချိန်အထိ မတွေ့ကြရသေးပါ ဘူး။ ရေဒီယိုကာဗွန်နည်းဖြင့် သက်တမ်းဆန်းစစ်မှု အရ ကျောက်ရုပ်တုများထုလုပ်ခဲ့ကြခြင်းသည် အေဒီ ၁၆၅ဝ ပြည့်နှစ်ခန့်တွင် လုံးဝရပ်ဆိုင်းသွားကြောင်း တွေ့ရပါတယ်၊

ရုပ်တုကြီးများ ပျံ့နှံ့တည်ရှိနေမှု

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကြီးမားလှသော ကျောက်ရုပ်တုကြီးများကို တစ်နေရာ တည်းတွင်မဟုတ်ဘဲ ကျွန်းအနှံ့အပြား အထူးသဖြင့် ကမ်းခြေတစ်လျှောက် ရုပ်တုကြီးများကိုတွေ့ကြရပါတယ်။

ကျောက်ရုပ်တုကြီးများကို အဝါရောင်မီးတောင် ကျောက်တုံးများဖြင့်ထုလုပ်ထားပါတယ်။ ဒေသခံတို့၏ အခေါ်အားဖြင့် မွိုင် (Moai) ဟုခေါ်ကြပါတယ်။ ကျွန်းစုံအနှံ့အပြားတွင် ၁၂ ပေမှ ၁၅ ပေအထိမြင့်မား သော ကျောက်ရုပ်တုကြီးပေါင်း ၁ဝဝဝ ခန့်ရှိပါတယ်။

ယခုလက်ရှိမှတ်တမ်းတင်ထားသည်မှာ ၈၈၇ ရုပ်ရှိပါတယ်။ ကျောက်ရုပ်တစ်ရုပ်ချင်းစီ၏ ပျမ်းမျှအလေး ချိန်ဟာ တန် ၂ဝ ခန့်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အကြီးဆုံးကျောက်ရုပ်တုကြီးဆိုလျှင် ၃၃ ပေခန့်မြင့် ပြီး အလေးချိန်အားဖြင့် ၈ဝ တန်ခန့်ရှိနိုင်ပါတယ်။ ထိုသို့ ကြီးမားသောရုပ်တုကြီးများကို Paro ဟုခေါ်ကြ ပါတယ်။

ဒါ့အပြင် ထုဆစ်၍မပြီးသေး သေးသော တစ်ပိုင်း တစ်စ ရုပ်တုကြီးတစ်ရုပ်ဆိုလျှင် ကျွန်းပေါ်ရှိအကြီးဆုံး ရုပ်တုထက် နှစ်ဆမျှကြီးပါတယ်။ ထိုရုပ်တုကြီးပြီးစီးခဲ့ မယ်ဆိုလျှင်တော့ အမြင့် ၂၀ မီတာ (၆၉ ပေ) အထိ ရှိနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

ကျွန်းပေါ်ရှိဒေသခံတိုင်းရင်းသားများရဲ့ ဒဏ္ဍာရီ ပုံပြင်များကလည်း ထူးဆန်းလှပါတယ်။ မည်သို့ဆိုစေ အီစတာကျွန်းပေါ်မှ မွိုင်ကျောက်ရုပ်ကြီးများကတော့ ထူးဆန်းမှုများ၊ ပဟေဠိများဖြင့် ခရီးသွားများကို ဖိတ် ခေါ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

Author:ရဲမာန်ခ

Leave a Reply

Your email address will not be published.