စင်ကာပူမှာ လည်ပတ်စရာ နေရာများ

စင်ကာပူမှာ လည်ပတ်စရာ နေရာများ

စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးမြို့များအနက် တစ်မြို့ဖြစ်ကာ အာရှနှင့်ဥရောပယဉ်ကျေးမှုများ ရောထွေးနေပါတယ်။

၁၈၁၉ ခုနှစ်တွင် ဗြိတိသျှကုန်သွယ်ရေးကိုလိုနီနယ်မြေတစ်ခုအဖြစ် ထူထောင်ခဲ့သည့် စင်ကာပူဟာ လွတ်လပ်ရေးရရှိပြီးနောက် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ထို့အတူ စင်ကာပူဟာ ဂုဏ်ယူဖွယ်ကောင်းသည့် အလုပ်အများဆုံးဆိပ်ကမ်းများကို ပိုင်ဆိုင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံတွင် နှစ်သက်ဖွယ် ကိုလိုနီခေတ်အဆောက်အအုံများ၊ သက်တမ်းနှစ် ၁ဝဝ ကျော်နေပြီဖြစ်သည့် လမ်းဘေးဈေးများ၊ ခေတ်မှီ မိုးမျှော်တိုက်များသည် အတူပူးတွဲ တည်ရှိနေကြပါတယ်။

စင်ကာပူနိုင်ငံအစိုးရဟာ မသင့်လျော်သောအပြုအမူများ ပြုမူသည့် ပြည်သူများနှင့်ခရီးသွားများကို တင်းကြပ်မှုများပြုလုပ်ထားသော်လည်း စည်းကမ်း လိုက်နာသူ ခရီးသွားများအတွက် ပူပင်စရာမလိုဘဲယဉ်ကျေးမှုမျိုးစုံရှိသည့် မြို့တော်ကို စွဲမက်စေပါတယ်။

၁။ Marina Bay Sands

တည်ဆောက်မှုစရိတ်များသည် ခရီးသွားတစ်ဦး၏ အိတ်အတွင်း၌ ရှိသည်ဟုဆိုလျှင် စင်ကာပူနိုင်ငံရှိ Marina Bay Sands ကိုကြည့်ရှုခြင်းဖြင့် ကျေနပ်ကြမည်ဖြစ်ပါတယ်။

Marina Bay Sands ကို ၂၀၁၁ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ကာ တည်ဆောက်မှုစရိတ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကုန်ကျခဲ့သဖြင့် ကမ္ဘာတွင် ကုန်ကျငွေ အများဆုံး အပန်းဖြေ နေရာတစ်ခု ဖြစ်ပါတယ်။

Marina Bay Sands ကို အပန်းဖြေနိုင်မည့် နေရာများကို စုစည်းထားကာ ဇိမ်ခံ ဟိုတယ်တစ်ခု၊စားသောက်ဆိုင်များ၊ မဆုံးနိုင်လောက်အောင် ရှည်လျားသည့် ဈေးဆိုင်များ၊ အာရှတိုက်တွင် အကြီးဆုံးသော စုဝေးခန်းမဆောင်၊ ကပွဲရုံ၊ ဝိဇ္ဇာသိပ္ပံပြတိုက် နှင့် အခြားသောဖျော်ဖြေရေးဌာနများဖြင့် ဖွဲ့စည်းထားပါတယ်။

ထို့အတူ မိုးလုံလေလုံ ရေခဲပြင်စကိတ်ကွင်း အတုတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ထားပါတယ်။

၂။ Singapore Flyer

Singapore Flyer ဟာ စင်ကာပူနိုင်ငံရှိ အလွန်ကြီးမားသော ချားရဟတ်ဖြစ်ကာ စင်ကာပူမြို့၏ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ရဟတ်ပေါ်မှ မြင်တွေ့နိုင်ပါတယ်။ ရဟတ်တွဲများသည် လူ ၂၈ ဦး တင်ဆောင်နိုင်ကာ စင်ကာပူမြို့ အပေါ်မှ စက်ဝိုင်းပုံ လည်ပတ်‌နေပါတယ်။

ယင်းရဟတ်ကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာ ၁၆၅ မီတာ (၅၄၁ ပေ) မြင့်သဖြင့် ထိုစဉ်က ကမ္ဘာတွင် အမြင့်ဆုံးရဟတ်ဖြစ်လာခဲ့ပါတယ်။ ကြိုတင် အကြောင်းကြားထားပါက မသန်စွမ်းသူများအတွက် ရဟတ်တွင် ဘီးတပ်ကုလားထိုင်များ စီစဉ်ပေးနိုင်ပါတယ်။

စင်ကာပူရဟတ်ကြီးသည် Marina Bay တွင် တည်ရှိကာ ရဟတ်စီးရန်လာသူများအတွက် အထပ် ၃ ထပ်ပါ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် အခြားဝန်ဆောင်မှုများပေးသည့် ၃ ထပ် အဆောက် အအုံတစ်ခုထားရှိထားပါတယ်။

၃။ Buddha Tooth Relic Temple

တရုတ်လူမျိုးများဟာ များစွာသောနတ်များနှင့် အခြားသော ကိစ္စများအတွက် ဘုရားကျောင်းများကို တည်ဆောက်ခဲ့ကြရာ ဗုဒ္ဓစွယ်တော်ဘုရားသည် တစ်မူထူးခြားသော အဆောက်အအုံတစ်ခုဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းကာလများတွင် စင်ကာပူနိုင်ငံ တရုတ်တန်း၌ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတစ်ကျောင်းဆောက်လုပ်ရန် ပထမဆုံး အဆိုပြုခဲ့စဉ်က ယင်းကျောင်းသည် သာမန်သမားရိုးကျကျောင်းများထက် သာလွန်မည်ဟု ထင်မြင်ခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံတွင် သွားရောက်လည်ပတ်သင့်သည့်နေရာများ စာရင်းတွင် ယင်းအဆောက်အအုံသည် ဗုဒ္ဓစွယ်တော်တစ်ဆူကို အပူဇော်ခံထားရှိသည့် စွယ်တော်စေတီဖြစ်လာခဲ့ပါတယ်။

တရုတ်စွယ်တော်စေတီသည် စင်ကာပူ မြို့လယ် တရုတ်တန်းတွင်တည်ရှိ၍ ဗုဒ္ဓ ဘာသာဝင် စင်ကာပူနိုင်ငံသားများ၏ အနုပညာလက်ရာများ၊ ယဉ်ကျေးမှုများဖြင့် အသားပေး တည်ဆောက်ခဲ့ပါတယ်။

၄။ Night Safari

စင်ကာပူနိုင်ငံသို့ရောက်ရှိလာပြီး ကလပ်များကို မသွားဘဲ ညရှုခင်းကိုခံစားလိုသည့် ခရီးသွားများသည် ညဘက်တွင် ဖွင့်လှစ်သည့် Night Safari သို့သွား ရောက်နိုင်ကြပါတယ်။ ယင်းနေရာတွင် ပါတီပွဲများ မရှိဘဲ တိရစ္ဆာန်များကို ပြသထားပါတယ်။

၁၉၈၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် Night Safari ဟာ စင်ကာပူနိုင်ငံသို့ ခရီးသွားများလာရောက်ရန် အဓိကဆွဲဆောင်မှုရှိသည့် နေရာများအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

နှစ်စဉ်ခရီးသွား ၁ သန်းကျော်ဟာ အပျော်စီး ရထားကိုစီးနင်း၍ ကမ္ဘာ့ပထဝီဝင်နေရာဒေသ ၇ ခုကိုဖြတ်သန်းကာ ပျော်ရွှင်မှုကိုခံစားကြပါတယ်။Night Safan သို့
ရောက်ရှိလာကြသူများသည် တိရစ္ဆာန်များ၏သဘာဝကို ပိုမို လေ့လာနိုင်ရန်လျှောက်လမ်း တစ်လျှောက် လမ်းလျှောက်ကြည့်ရှုနိုင်ကြသကဲ့သို့

Night Safari တွင် ထိန်းသိမ်းထားသည့် တိရစ္ဆာန်များကို ကျွေးမွေးပြုစုသည့် အစီအစဉ်များမှတစ်ဆင့် ခြိမ်းခြောက်ခံနေရသည့်သတ္တဝါ မျိုးစိတ်များကို ထိန်းသိမ်း စောင့်ရှောက်နေပုံများအား ကြည့်ရှုနိုင်ကြပါတယ်။

Safari ရှိ စားသောက်ဆိုင် ၃ ဆိုင်တွင် တောတွင်း သို့မဟုတ် မုတ်သုံ သစ်တောများအတွင်းမှ ဘဝ များကို ရောင်ပြန်ဟပ်စေမည့် ဖျော်ဖြေမှုများနှင့် စားသောက် ဖွယ်ရာများကို ခံစားနိုင်ကြမည်ဖြစ်ပါတယ်။

၅။ Singapore Botanic Gardens

ကုန်ကျစရိတ်သက်သာလိုသည့် ဘတ်ဂျက်ခရီး သွားများဟာ အခမဲ့ဝင်ခွင့်ပြုသည့် ဥယျာဉ်များ အများစုပါရှိသည့် စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ်ကို နှစ်ခြိုက်ကြမည်ဖြစ်ပါတယ်။

ယင်းဥယျာဉ်တွင် ခရီးသွား အများစုဝင်ရောက်ကြသည့် အမျိုးသားသစ်ခွဥယျာဉ် တစ်ခုသာလျှင် ဝင်ကြေးပေးရပါတယ်။

စင်ကာပူ အမျိုးသားရုက္ခဗေဒ ဥယျာဉ်၌ ပြသထားသည့်အရာများတွင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ် ၆၀၀၀၀ ကျော်ပါဝင်၍ ကလေးများအတွက် ကမ္ဘာ့ ပထမဆုံးသောဥယျာဉ်ဖြစ်ပါတယ်။ ဥယျာဉ်သို့လာရောက်လည်ပတ်ခဲ့သူများက စင်ကာပူအမျိုးသား ရုက္ခဗေဒဥယျာဉ်ကို အမွှမ်းတင်ချီးမွမ်းကြပါတယ်။

၆။ Gardens by the Bay

Gardens by the Bay ဟာ မကြာမီက တိုးချဲ့ခဲ့သည့် ခရီးသွား ဆွဲဆောင်မှုနေရာဖြစ်ကာ ဥယျာဉ်မှူးများ မလွတ်တမ်းသွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါတယ်။

လွန်ခဲ့ သည့် ၁၀ နှစ်မတိုင်မီက ဖွင့်လှစ်ခဲ့သည့် Gardens by the Bay ကို စင်ကာပူ နိုင်ငံအလယ်တွင် ဖော်ထုတ်ထားသည့် မြေပေါ်၌ တည်ဆောက်ခဲ့ကာ Bay Central, Bay East နှင့် Bay South ဟူ၍ ဥယျာဉ် ၃ ခုပါဝင်ပါတယ်။

Bay Central သည် ရေမျက်နှာပြင်ရှေ့မှ ဖြတ်လျှောက်ရသည့် ဥယျာဉ်ဖြစ်ပြီး နောက်ဆုံးအပိုင်းတွင် အခြားဥယျာဉ် ၂ ခုသို့ ချိတ် ဆက်သွားထားပါတယ်။ By East ကို တည်ဆောက်ပြီးစီးသည့် အပိုင်းအလိုက် ဖွင့်လှစ်ထားကာ Bay South သည် အကြီးဆုံးဥယျာဉ်ဖြစ်ပါတယ်။

ယင်းနေရာတွင် အပူပိုင်းဒေသ သစ်သီးဝလံပန်းမန်များကို မှန်အိမ် သေတ္တာများဖြင့် ပြသထားပါတယ်။ Bay Southမှာပင် မီတာ ၅၀ (ပေ ၁၆၀) အထိမြင့်သည့် သစ်ပင်နှင့်တူသည့် အဆောက်အအုံများကို ပြုလုပ်ထားသဖြင့် ဥယျာဉ်တစ်ခုလုံး၏ လှပသောမြင်ကွင်းကို ကြီးစိုးထားပါတယ်။

၇။ Raffles Hotel

အမြင်တင့်တယ်သည့် ကိုလိုနီခေတ်လက်ရာ Raffles ဟိုတယ်ဟာ စင်ကာပူနိုင်ငံ၏ မျက်နှာပင် ဖြစ်ပါတယ်။ Raffles ကို ၁၈၈၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ကမ္ဘာကျော်ပုဂ္ဂိုလ်များ စင်ကာပူသို့ရောက်ရှိခိုက် နေထိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ ကျော်စာရေးဆရာများဖြစ်ကြသည့် ရုဒ်ယတ်ဇ်ကစ်ပလင် ၊ ဆမ် မားဆက်မွမ် နှင့် အားနက်စ်ဟဲလ်မင်းဝေးတို့ နေထိုင်ခဲ့သဖြင့် Rafflesဟာ ပိုမိုထင်ရှားကျော်ကြားခဲ့ပါတယ်။

Raffles ၏ ဇိမ်ကျသည့် သရုပ်သကန်သည် စားသောက်ဆိုင်နှင့် ဘား ၁၅ ခုဖြစ်ပါတယ်။ ယင်းတို့တွင် စင်ကာပူ နိုင်ငံက တီထွင်ခဲ့သည့် Singapore Sling ယမကာမျိုးစုံရရှိသည့် ဘားတန်းရှည်လည်း ပါဝင်ပါတယ်။

Raffles သည် ကမ္ဘာ့အထင်ကရဟိုတယ်တစ်ခု ဖြစ်ကာ ဝတ်စုံများ ဝတ်ဆင်ထားသည့် ဆစ်လူမျိုးတံခါးစောင့်များက ဧည့်သည်များကို မိတ်ဆက်၍ အရှေ့တောင်အာရှ၏ သမိုင်းအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဟိုတယ်အကြောင်း အနည်းငယ်ကို ရှင်းပြကြမည်ဖြစ်ပါတယ်။

ဟိုတယ်၏ အဓိက နေရာဖြစ်သည့် ဧည့်ဆောင်ခန်းမကြီးကို အများ ပြည်သူများအတွက် ဖွင့်လှစ်ထားပြီး ဟိုတယ်ပြတိုက်ကို တတိယထပ်တွင် ထားရှိထားပါတယ်။

၈။ Clarke Quay

Clarke ဆိပ်ခံတံတားဟာ စင်ကာပူနိုင်ငံ၏ အတိတ်ကာလ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ယနေ့တိုင် သက်ဝင်လှုပ်ရှားနေသည့် နေရာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ၏ အဓိကခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ်သည့် Clarke Quay သည်

စင်ကာပူမြစ်ဝတွင် တည်ရှိနေပြီး ၁၉ ရာစု နှောင်းပိုင်းတွင် စင်ကာပူမြို့တော်၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်မ နေရာဖြစ်ခဲ့ကာ ယနေ့တိုင် ပျားပန်းခပ်မျှလှုပ်ရှားနေကြပါတယ်။

သို့သော် ကူးသန်းရောင်းဝယ်ရေးဟာ ယခင်ကထက်များစွာ ခြားနား ကွဲပြားသွားခဲ့ပြီး ခေတ်ရေစီးကိုလိုက်သည့် စားသောက်ဆိုင်များ၊ ပြိုင်ဘက်ကင်းသော ဖက်ရှင်စတိုးများ၊ လက်တွန်းလှည်းဖြင့် ရောင်းချသည့် ဈေးသည်များကို တွေ့မြင်ကြရမည်ဖြစ်ပါတယ်။ ယင်းတို့အားလုံးသည် အာရှနှင့်ဥရောပယဉ်ကျေးမှု လွှမ်းမိုးမှုများ ရောယှက်နေကြပါတယ်။

ဈေးတစ်ခါဖွင့်လျှင် အမြဲဈေးဖြစ်သည်ဟုဆိုသော်လည်း Clarke Quay ၏ ည‌ဈေးသည် အလွန်များပြားသော လူများဖြင့် ခေတ်မီ ကြော့မော့သော ညမြင်ကွင်း တစ်ခုအဖြစ် တည်ရှိနေပါတယ်။

၉။ Resorts World Sentosa

စင်ကာပူကျွန်း၏ တောင်ဘက်ကမ်းခြေအဆုံးတွင် တည်ဆောက်ထားသည့် Resorts World Sentosa သည် စင်ကာပူနိုင်ငံ၏ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။

ယင်းနေရာတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကာစီနိုလောင်းကစားရုံ၊ အကြောင်းအရာ တစ်ခုကိုမူတည်၍ ပျော်ပွဲရွှင်ပွဲများကျင်းပသည့် ဥယျာဉ်များဆောက်လုပ်ခဲ့ပါတယ်။ အကျဉ်းအားဖြင့် မည်သည့်အသက်အရွယ်ပင်ဖြစ်စေ လူတိုင်းအတွက်တစ်စုံ တစ်ရာရှိနေသည့် နေရာဟု ဆိုပါတယ်။

Sentosa ၏ တည်နေရာ အနေအထားအရ ခရီးသွားများအား ဆွဲဆောင်မှုသည် ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိကြောင်း ထင်ရှားပေါ်လွင်နေကာ အဏ္ဏဝါ ဥယျာဉ်၊ လင်းပိုင်ကျွန်း၊ ရေဥယျာဉ်နှင့် ငါးပြတိုက်တစ်ခုတို့လည်းရှိပါတယ်။

အခြားဆွဲဆောင်မှုနေရာများတွင် ယူနီဗာဆယ်စတူဒီယိုနှင့် ညစဉ်ဖျော်ဖြေမှုများလည်း ပါဝင် ပါတယ်။ကာစီနိုလောင်းကစားရုံတွင် ထိုင်ကစား ရသည့်စားပွဲ ဝိုင်းများနှင့် ငွေအကြွေထည့်ကာ ကစားရသည့် လောင်းကစား စက် ၂၄၀၀ ရှိပါတယ်။

ကာစီနိုခန်းသို့ ဝင်ရောက်သူများ အတွက် ဝတ်စားဆင်ယင်မှု ကန့်သတ်ချက်ရှိပါတယ်။Sentosa တွင် ခရီးသွားများစားသောက်နိုင်ရန် စားဖွယ် အမျိုးပေါင်း ၆ဝ စီစဉ်ထားသည်။

၁၀။ Orchard Road

Orchard Road သည် စင်ကာပူနိုင်ငံတွင် ရေးအဝယ် ထွက်ကြသည့် အဓိကလမ်းဖြစ်ပါတယ်။ ယင်းလမ်းသို့ စင်ကာပူ ဒေသခံများနှင့် ပြည်ပခရီးသွားများသွားရောက်လေ့ရှိပါတယ်။

ယင်းလမ်းကို ဈေးဝယ်စင်တာများ၊ ဈေးနှုန်းကြီးမြင့်သော စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ကဖေးများ၊ နိုက်ကလပ်များနှင့် ဟိုတယ်များက ဝန်းရံထားပါတယ်။

စင်ကာပူနိုင်ငံ သမ္မတအိမ်တော်သည်လည်း Orchard Road တွင် တည်ရှိ၍ ခရစ္စမတ်ကာလတွင် Orchard Road တစ်လျှောက် အပင်များအကြား၌ ခုန်ပေါက်မြူးထူးနေသည့် သမင်များ ၊နှင်းအတုများအုပ်နေသည့် ချင်းနံ့သင်းသော ပေါင်မုန့်အိမ်များနှင့်အတူ အလှဆင်မှုများသည် အလွန်ထင်ရှားပါတယ်။

ခရက်ဒစ်-ကောင်းစည်သူ
Ref: 10 Top Tourist Attractions in Singapore

Leave a Reply

Your email address will not be published.