လူလိုက်စီးလို့ရတဲ့ တောင်ဆိတ်စက်ရုပ်ကို Kawasaki က ထုတ်‌ဖော်ပြသ

လူလိုက်စီးလို့ရတဲ့ တောင်ဆိတ်စက်ရုပ်ကို Kawasaki က ထုတ်‌ဖော်ပြသ

ဂျပန်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Kawasaki ဟာ အမိုက်စား မော်တော်ဆိုင်ကယ်‌တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ကမ္ဘာက သိကြပါတယ်။ ဒီတစ်ခါတော့ Kawasaki ဟာ မော်တော်ဆိုင်တွေအစား တောင်ဆိတ်တစ်ကောင်ပုံစံ ဖန်တီးထုတ်လုပ်ထားတဲ့ ထူးခြားတဲ့ စက်ရုပ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Kawasaki က အဆိုပါ တောင်ဆိတ်စက်ရုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပသွားခဲ့တဲ့ နိုင်ငံတကာ စက်ရုပ်ကုန်စည်ပြပွဲ (၂၀၂၂)မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး လူအများ စိတ်ဝင်စားမှုရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တောင်ဆိတ်စက်ရုပ်ကို Bex လို့ အမည်ပေးထားပြီး ဥရောပအာရှနဲ့ အာဖရိကဒေသတွေမှာ ကျင်လည်ကျက်စားတဲ့ Ibex တောင်ဆိတ်ရိုင်းများကို အတုယူကာ ဖန်တီးထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

Bex စက်ရုပ်ဟာ ပေါင် ၂၂၀ မျှရှိတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ လူတွေလိုက်စီးလို့ရသလို ကုန်ပစ္စည်းတွေလည်း တင်ဆောင်သယ်ယူ‌ပေးနိုင်ပါတယ်။ နောက်ပြီး လည့်ပတ်ကြည့်ရှု့ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း အဝေးထိန်းစနစ်ဖြင့် လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

မတ်စောက်တဲ့ တောင်ကမ်းပါးနံရံတွေမှာတောင် ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ဟန်ကျပန်ကျ အတက်အဆင်းလုပ်နိုင်တဲ့ တောင်ဆိတ်ရိုင်းတစ်ကောင်ရဲ့ သဘာဝအတိုင်း လှုပ်ရှားစွမ်းဆောင်နိုင်စေဖို့ မှီငြမ်းထုတ်လုပ်ထားပေမယ့် တကယ့်တောင်ဆိတ်ရိုင်း တစ်ကောင်လောက်တော့ လှုပ်ရှားသွက်လက်မြန်ဆန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တောင်ဆိတ်စက်ရုပ်ဟာ မြေမျက်နှာပြင် မျိုးစုံမှာ သွားလာနိုင်စွမ်းရှိပါတယ်။ ညီညာချောမွေ့တဲ့ မျက်နှာပြင်ပေါ်မှာ လျင်မြန်စွာ ရွေ့လျားသွားလာစေနိုင်ဖို့ တောင်ဆိတ်စက်ရုပ်ရဲ့ ဒူးနေရာတွေ ဘီးလုံးတွေကို တပ်ဆင်ထားပါတယ်။

မညီမညာတဲ့ မျက်နှာပြင်တွေမှာ သွားလာတဲ့အချိန်မျိုးတွေမှာတော့ တောင်ဆိတ်ရဲ့ ခြေထောက်တွေနဲ့ လမ်းလျှောက်သလို သွားလာနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ Kawasaki ရဲ့ ဒီတောင်ဆိတ် စက်ရုပ်ဟာ ရှေ့ပြေးပုံးစံ အဆင့်သာရှိပါသေးတယ်။ နည်းပညာများကို မြှင့်တင်ကာ အဆင့်မြင့် ထုတ်လုပ်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.