ထူးခြားဆန်းပြား အလင်းပေါက်သတ္တဝါလေးများ
သက်ရှိအားလုံးနီးပါးမှာ အများအားဖြင့် အရောင်တစ်မျိုးစီ တော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ အနည်းငယ်သော သက်ရှိမျိုးစိတ် လေးတချို့ကတော့ ထူးထူးခြားခြား အကြည်ရောင်ဖြစ်လို့နေပါတယ်။ ဒီတစ်ခါ မိတ်ဆွေတို့ကို မျှဝေပေးချင်တာကတော့ အကြည်ရောင်ရှိတဲ့မျိုးစိတ် သက်ရှိလေးတွေ အကြောင်းပါ။
၁။ Glasswing Butterfly (ဖန်လိပ်ပြာ)
လိပ်ပြာလေးရဲ့နာမည်က Greta oto ဖြစ်ပေမယ့် သူ့ရဲ့အကြည်ရောင် တောင်ပံလေးတွေကြောင့် ဖန်လိပ်ပြာလို့ပဲ အများက ခေါ်ကြပါတယ်။စပိန် လိုဆိုရင် Espejitos လို့ခေါ်ပြီး အဓိပ္ပာယ်က မှန်အသေးစားလေးတွေ ဖြစ်ပါတယ်။
အမေရိကအလယ်ပိုင်းရှိ တက္ကဆက်နဲ့ဖလော်ရီဒါ၊ တောင်အမေရိကရှိ မက္ကဆီကို၊ ပနားမားဒေသရှိ မိုးသစ်တောတွေနဲ့ ဗင်နီဇွဲလားနိုင်ငံ၊ Caracas မြို့အနီးက တောင်တန်းတွေပေါ်မှာ အများဆုံးတွေ့ ရတတ်ပါတယ်။
တောင်ပံအကျယ် အရွယ်အစားကတော့ ၂ လက်မ ဝန်းကျင်သာရှိပါတယ်။ သူတို့ရဲ့တောင်ပံတွေဟာ အကြည်ရောင်ဖြစ်နေကာ အနားသတ်မှာတော့ အညိုရောင်ရစ်ထားပါတယ်။
ဒီလိပ်ပြာလေးတွေရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ သူတို့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၄၀ ပိုပြီးလေးလံတဲ့ အရာတွေကို သယ်ယူနိုင်တယ်ဆိုတာပါ။
၂။ Juvenile Sharpear Enope Squid ၊ (အကြည်ရောင်ရှိတဲ့ ကင်းမွန်)
အလွန်လှပတဲ့ Juvenile Sharpear Enope Squid ဆိုတဲ့ ကင်းမွန်ငယ်လေးတွေရဲ့ အရောင်ကလည်း အကြည်ရောင်ဖြစ်ပါတယ်။ သူတို့ကိုတော့ အပူပိုင်းနဲ့ အပူလျော့ပိုင်း သမုဒ္ဒရာတွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။
သမုဒ္ဒရာရဲ့ ရေအနက် ၂၀၀ မီတာ နဲ့ ၁၀၀၀ မီတာကြားမှာ နေထိုင်လေ့ရှိပါတယ်။အရွယ်အစားအားဖြင့် ၂ လက်မဝန်းကျင်သာရှိတဲ့ ဒီကင်းမွန်ငယ်လေးတွေရဲ့ အကြည်ရောင် ခန္ဓာကိုယ်မှာ ထင်ထင်ရှားရှား အစက်ကလေးတွေ ပါရှိပါတယ်။
၃။ Transparent Juvenile Surgeonfish ၊ (အကြည်ရောင်ရှိတဲ့ငါး)
Transparent Juvenile Surgeonfish ဆိုတဲ့ အကြည်ရောင် ငါးကလေးကတော့ Surgeonfish အမျိုးအစား ငါးပေါက်ကလေးပါ။ Surgeonfish ကိုပဲ မျိုးစိတ်ပေါင်း ၈၆ မျိုးခန့် ထပ်ရှိပြန်ပါတယ်။
အကြည်ရောင်ငါးလေးတွေဟာ အဲဒီထဲကတစ်မျိုးဖြစ်ပါတယ်။ နယူးဇီလန်တစ်ဝိုက်မှာ အများဆုံးတွေ့ရတတ်ပါတယ်။ Surgeonfish ငါးတွေဟာ ခန္ဓာကိုယ်အရှည်အားဖြင့် ၁ ပေဝန်းကျင်ခန့်အထိ ရှိတတ်ပါတယ်။
၄။ Pharaoh Ant (ဖားရိုး ပုရွက်ဆိတ်)
ဒီပုရွက်ဆိတ်ကလေးတွေကတော့ Pharaoh အမျိုးအစား ပုရွက်ဆိတ်ကလေးတွေဖြစ်ပြီး ဥရောပ၊အမေရိက၊ဩစတြေးလျ၊ အရှေ့တောင်အာရှစတဲ့ ကမ္ဘာ့နေရာအများစုမှာတွေ့ ရလေ့ရှိပါတယ်။ သူတို့ကတော့ အရွယ်အစားအားဖြင့် အလွန်သေးငယ်ကြပြီး ၂ မီလီမီတာခန့် (၁ လက်မရဲ့ ၁၅ ပုံ ၁ ပုံခန့်) ပဲရှိပါ တယ်။
ကျွန်တော်တို့ အနီးအနားပတ်ဝန်းကျင်မှာလည်း တွေ့နိုင်ပြီး သူတို့ဟာလည်း အကြည်ရောင်သက်ရှိတွေထဲမှာ ပါဝင်ပါတယ်။ တခြားမျိုးစိတ်တွေလို တစ်ကိုယ် လုံးအကြည်ရောင်ဖြစ်မနေဘဲ ခန္ဓာကိုယ်အောက်ပိုင်းရဲ့ တစ်စိတ်တစ်ဒေသသာ အကြည်ရောင်ဖြစ်နေတာပါ။
အရှင်းလင်းဆုံးမြင်နိုင်တာကတော့ သူတို့အရောင်ပါတဲ့ အစားအစာကိုစားတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းဟာ အစားအစာရဲ့ အရောင် ဖြစ်သွားလေ့ရှိပါတယ်။
၅။ Tortoise Shell Beetle (လိပ်ခွံနဲ့ ပိုးတောင်မာ)
နာမည်ကိုက လိပ်ခွံနဲ့ ပိုးတောင်မာပါတဲ့။ ပိုးတောင်မာလေးတွေမှာပါရှိတဲ့ အဲဒီလိပ်ခွံပုံသဏ္ဌာန် အကာလေးမှာ အကြည်ရောင်ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဟာလည်း အစိမ်းရောင်ဖြစ်တာကြောင့် တကယ်လို့များ ပိုးတောင်မာလေးတွေဟာ သစ်ရွက်တွေမှာကပ် နေမယ်ဆိုရင် မြင်တွေ့ ရနိုင်ဖို့ ခက်ပါတယ်။
အများအားဖြင့် အစိမ်းရောင်ဆိုပေမယ့် ငွေရောင်၊ အနီရောင်၊ အညိုရောင်စတဲ့အရောင်တွေလည်း ရှိတတ်ပြီး အခွံကတော့ အကြည်ရောင်တွေသာဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၇ မီလီမီတာသာရှိတဲ့ ဒီပိုးတောင်မာလေးတွေကို အမေရိကမှာ အများဆုံးတွေ့ရတတ်ပါတယ်။
၆။ Macropinna Microstoma (မာခရိုပင်းနား မိုက်ခရိုစတိုမာ ငါး)
Macropinna Microstoma ဆိုတဲ့ငါးကတော့ အလွန်တွေ့ရခဲတဲ့ ငါးမျိုးဖြစ်ပြီး ဒီငါးရဲ့ဦးခေါင်း တစ်စိတ် တစ်ပိုင်းဟာ အကြည်ရောင်ဖြစ်နေတာကြောင့် သူ့ရဲ့မျက်လုံးအပေါ်ပိုင်းကိုတောင် ထွင်းဖောက်မြင်နိုင်ပါတယ်။
ပါးစပ်ပေါက်ကတော့ ခန္ဓာကိုယ်နဲ့မလိုက်အောင် အလွန်သေးငယ်ပြီး တစ်ကိုယ်လုံးကိုတော့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒီငါးတွေကိုတွေ့ဖို့ အလွန်ခက်တဲ့အကြောင်းကတော့ သူတို့တွေဟာ သမုဒ္ဒရာ ရေအောက် အနက်မီတာ ၆ဝဝ ကနေ ၈ဝဝ ကြားမှာသာ နေထိုင်ကျက်စားကြလို့ဖြစ်ပါတယ်။
ဒီငါးတွေရဲ့မျက်လုံးဟာ အရှေ့ကိုသာမက အထက်နဲ့အောက်ဘက်တွေကိုပါ လှည့်လည်ကြည့်နိုင်ပါတယ်။ ဒီငါးတွေရှိနေကြောင်းကို ရေအောက်သုတေသနပညာရှင်တွေဟာ ၁၉၃၉ ခုနှစ်ကတည်းက မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။
၇။ Juvenile Octopus ၊(အကြည်ရောင် ရေဘဝဲ)
ဒီအကြည်ရောင်ရေဘဝဲငယ်လေးကိုတော့ ပြင်သစ်နိုင်ငံ၊ ပိုလီနီးရှားကျွန်းစုက အကြီးဆုံးကျွန်းဖြစ်တဲ့ တဟီတီကျွန်းအနီးက ရေအနက်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ၂ စင်တီမီတာခန့်သာရှိတဲ့ ဒီရေဘဝဲငယ်လေးရဲ့ခန္ဓာကိုယ်ဟာ အတွင်းဘက်ကိုတောင် ထိုးဖောက်မြင်နိုင်တဲ့အထိ ကြည်လင်လွန်းပါတယ်။ သူတို့ရဲ့ ခြေဆံလက်ဆံတွေမှာတော့ လိမ္မော်ရောင် အစက်ငယ်လေးတွေ ပါရှိပါတယ်။
၈။ Glass Frog (ဖန်ဖား)
ဖန်ဖားဆိုတဲ့အတိုင်း အမှတ်တမဲ့ကြည့်လိုက်ရင် ဖန်အရုပ်လို့ထင်ရလောက်တဲ့ ဖားတွေဖြစ်ပါတယ်။ ဒီဖန်ဖားတွေဟာ Centrolenidae မျိုးနွယ်ဝင် ဖားအမျိုးအစားဖြစ်ပါတယ်။
ဒီမျိုးနွယ်ဝင်တချို့ အုပ်စုရဲ့ ဝမ်းဗိုက် အရေပြားက ဖောက်ထွင်းမြင်နေရပါတယ်။
နှလုံး၊ အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းအပါအဝင် အတွင်းကလီစာတွေကို အရေပြားမှတစ်ဆင့်မြင်နိုင်ပါတယ်။
အရွယ်အစားအားဖြင့် ၁ လက်မကနေ ၃ လက်မဝန်းကျင်ထိသာ ရှိတတ်တဲ့ ဒီဖန်ဖားတွေကို တောင်အမေရိကတိုက်ရဲ့ မက္ကဆီကို၊ ပနားမား၊ ဗင်နီဇွဲလားနဲ့ အခြားဒေသတော်တော်များမှာ တွေ့ရတတ်ပါတယ်။
၉။ Transparent Shrimp ၊(အကြည်ရောင်ပုစွန်ဆိတ်)
ဒီအကြည်ရောင်ပုစွန်ဆိတ်တွေကတော့ Ghost Shrimp မျိုးစိတ် ၃ ခုဖြစ်တဲ့ Thalassinidea, Palaemonetes, Caprellidae ထဲက မျိုးစိတ်ဖြစ်ပါတယ်။ အမေရိကန်အရှေ့တောင်ပိုင်းက ရေချိုဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။
အက်ပလာချန်တောင်တန်းဒေသ၊ လူးဝစ္စနီးယား၊ တက္ကဆက်နဲ့ ကယ်လီဖိုးနီးယား ရေကန်တွေထဲမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် ၁ လက်မဝန်းကျင်သာရှိတတ်တဲ့ ဒီပုစွန်ဆိတ်လေးတွေဟာ အခြားငါးတွေ၊ ငှက်တွေရဲ့ စားသောက် ခြင်းကိုခံရပါတယ်။
Author:ရဲပြည့်အောင်
Source: Thutazone.com