Hummer ကားတွေထဲမှာ ကမ္ဘာ့အကြီးမားဆုံးအဖြစ် စံချိန်တင်ထားတဲ့ Hummer H1 X3

Hummer ကားတွေထဲမှာ ကမ္ဘာ့အကြီးမားဆုံးအဖြစ် စံချိန်တင်ထားတဲ့ Hummer H1 X3

UAE နိုင်ငံဟာ ကျိကျိတက်ချမ်းသာတဲ့ သူဌေး၊သူကြွယ်တွေပေါများတဲ့ နိုင်ငံပါ။ ကမ္ဘာ့ပထမဆုံး၊ကမ္ဘာ့အကြီးဆုံး၊ ကမ္ဘာ့အထူဆန်းဆုံးဆိုတဲ့ အရာတော်တော်များကိုလည်း ယူအေအီးနိုင်ငံမှာ တွေ့နိုင်ပါတယ်။

ယခုလည်း ကမ္ဘာပေါ်မှာ ထုတ်လုပ်ထားခဲ့သမျှ Hummer ကားတွေထဲမှာတော့ အရွယ်အစားအကြီးမားဆုံးအဖြစ် စံချိန်တင်ထားတဲ့ Hummer H1 X3 ကားကြီးကလည်း ယူအေအီးနိုင်ငံမှာ ရှိပါတယ်။

ဒီ ကမ္ဘာ့အကြီးဆုံး Hummer ကားကြီးကို Hummer H1 X3 လို့ နာမည်ပေးထားတာကလည်း မူလ Hummer H1 ကားထက် အရွယ်အစား ၃ ဆ ပိုကြီးမားတာ‌ကြောင့် ဖြစ်ပါတယ်။

Hummer H1 ကားက လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ဇိမ်ခံကားတွေထဲမှာ အရွယ်အစားကြီးမားတဲ့ မော်တော်ကားမျိုးဖြစ်ပေမယ့် အခု စံချိန်တင်လိုက်တဲ့ Hummer H1 X3 နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အရုပ်ကားသာသာလောက်သာ ရှိတော့သလို ထင်မှတ်သွားရစေပါတယ်။

ကမ္ဘာ့အကြီးဆုံး Hummer ကားဖြစ်တဲ့ Hummer H1 X3 ကားရဲ့ အမြင့်ဟာ ၂၁ ပေ ၆ လက်မရှိပါတယ်။ကားရဲ့ အရှည်က ၄၆ ပေ နဲ့ အကျယ် ၁၉ ပေ ၆ လက်မ ရှိတယ်လို့ သိရပါတယ်။

ဒီဇယ်အင်ဂျင် လေးလုံးကို တပ်ဆင်အသုံးပြုထားပြီး အထပ်အားဖြင့် နှစ်ထပ်ရှိပါတယ်။ အပေါ်ထပ်နှင့် အောက်ထပ်ကို လှေကားဖြင့် ချိတ်ဆက်ထားပါတယ်။ အိမ်သာတစ်လုံးနှင့် မီးဖိုချောင်လည်း ပါဝင်တယ်လို့ သိရပါတယ်။အဲဒီကားရဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

ဒီ Hummer H1 X3 ကားကို ကမ္ဘာပေါ်မှာ အထူးခြားဆုံး မော်တော်ကားတွေကို ပိုင်ဆိုင်ထားသူတွေထဲက တစ်ဦးဖြစ်တဲ့ Rainbow Sheikh လို့လည်းခေါ်ကြတဲ့ ယူအေအီး နိုင်ငံက ဘီလျံနာသူ‌ဌေးကြီး ရှိတ်ခ်ဟာမက်ဘင် ဟမ်ဒမ်အယ်လ်နာယန်က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ဒီကားရဲ့ တည်ရှိနေမှုကိုတောင်မှ လူတွေသိလာတာမကြာသေးပါဘူး။ယူအေအီးနိုင်ငံ၊ အယ်လ်မာဒမ်မြို့က လမ်းကြမ်းအော်တော်ယာဉ်သမိုင်း ပြတိုက်အနီးမှာ မောင်းနှင်နေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာမှ သိလာခဲ့ကြတာဖြစ်ပါတယ်။

မူလ hummer ကားထက် အရွယ်အစား ၃ဆ ပိုကြီးတဲ့ ဒီ ကမ္ဘာ့အကြီးမာဆုံး Hummer H1 X3 ကားကြီးဟာ ပုံစံသပ်သပ်တည်ဆောက်ထားတာ မဟုတ်ဘဲ လမ်းမပေါ်မှာ အမှန်တကယ် မောင်းနှင်လို့ရတဲ့ ကားကြီးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.