လေယာဉ်မှာပါရှိသည့် Black Box အကြောင်း

လေယာဉ်မှာပါရှိသည့် Black Box အကြောင်း

China Eastern လေကြောင်းရဲ့ ပျက်ကျသွားတဲ့ flight no. 5735 Boeing 737-800 မှာ အရေးကြီးပစ္စည်း ၂ ခု ဖြစ်တဲ့ Flight Data Recorder (F D R ) နဲ့ Cockpit Voice Recorder ( CVR ) ၂ ခုအနက် CVR ကို တွေရှိပြီဟု ဆင်ဟွာသတင်းမှကြေငြာသွားပါသည်။ ယင်း F D R နှင့် CVR ၂ ခုပေါင်း၍ Black box ဟုခေါ်ဝေါ်နေခြင်း ဖြစ်ပါသည်။

Black box ခေါ် FDR နှင့် CVR မည်သည့်အတွက်ကြောင့် အရေးကြီးသည်။ မည်သို့ တည်ဆောက်ထားသည်တို့ကို လက်လှမ်းမှီသ၍ ဤနေရာမှ တင်ပြလိုက်ရပါသည်။

FDR ဆိုသည်မှာ လေယာဉ်ပျံသန်းနေစဉ်တလျောက် လေယာဉ်၏ စက်မှုနှင့်ပျံသန်းမှုဆိုင်ရာ အချက်အလက်များအားလုံးကို မှတ်တမ်းတင်သည့် ကရိယာဖြစ်ပြီး CVR မှာ Cockpit ခေါ်လေယာဉ်မှူးအခန်းရှိ အသံများအားလုံးကို‌ လေယာဉ်ခရီးစဉ်တလျောက် အသံဖမ်းယူထားသော ကရိယာဖြစ်ပါသည်။

ဤပစ္စည်း ၂ မျိုးလုံးကို စိတ်ချရသောအပိုင်းဖြစ်သည့် enpanage ခေါ်လေယာဉ်၏ နောက်ပိုင်းတွင် တပ်ဆင်လေ့ရှိပါသည်။ ထုပ်လုပ်သောကုမ္ပဏီများတွင် အမေရိကန်မှ sunstrand ကုမ္ပဏီမှာ ထင်ရှားသည်။

၎င်းပစ္စည်းတို့၏ မှတ်တမ်းတင်နိုင်မှုကြာချိန် ( recording time ) ကမ္ဘာ့ဆွဲအားဒဏ်ခံနိုင်မှု၊ ရေအနက်ပေမည်မျှ အထိခံနိုင်ရှိမှု၊ အပူချိန်ခံနိုင်ရည်တို့ကို ICAO (International Civil Aviation Organization ) ခေါ် အပြည်ပြည်ဆိုင်ရာ မြို့ပြ‌ လေကြောင်းအဖွဲ့ကြီးမှ စံသတ်မှတ်ထားသည့်အတိုင်း ထုပ်လုပ်ကြပါသည်။

FDR နှင့် CVR ကို တိုင်တေနီယမ် သတ္တု သို့မဟုတ် stainless steel ကိုယ်ထည်ဖြင့်တည်ဆောက်ထားသည့်အတွက် မီးလောင်ကို ခံနိုင်ရည်ရှိပြီး မြေပြင်နှင့်ဆောင့်ကျမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် shock mount များပေါ်တွင် တပ်ဆင်ထားပါသည်။

Black box ဟုခေါ်တွင်သော်လည်း အလွယ်တကူမြင်နိုင်စေသော အနီဖက်သန်းသည့် လိမ္မော်ရောင်သုတ်ထားပါသည်။ FDR အား လေ့လာကြည့်ရာတွင် အကြမ်းအားဖြင် သုံးပိုင်းတွေ့ရပါသည်။

( ၁ ) Power supply unit မှာလေယာဉ်စတင်စက်နှိုးသည်နှင့် ပါဝါရရှိအောင်ပြုလုပ်ထားသဖြင့် FDR နှင့်CVR စတင်အသက်ဝင်ပြီဖြစ်ပါသည်။

( ၂ ) Memory Unit

တိုင်တေနီယမ် သို့မဟုတ် stainless steel ကိုယ်ထည်တပ်ဆင်ထားပြီး မြေပြင်သို့အရှိန်ဖြင့်ကျရောက်မှုဒဏ်ကိုခံနိုင်စေရန်စီမံထားပါသည်။

( ၃ ) Interface and Control Board ( ICB )

ခေတ်ပေါ်လေယာဉ်များတွင် ICB သည်လေယာဉ်၏အချက်အလက်ပေါင်း၃၀၀၀ ခန့်မှတ်သားနိုင်ပြီး ၎င်းတို့မှာ အမြန်နှုံး ( airspeed ) ၊အမြင့် ( Altitude )၊အိမ်မြှောင်ညွန်းဦးတည်ရာ ( Heading ) နှင့် အင်ဂျင်၏ လုပ်ဆောင်မှု( engine parameters ) အချက်အလက်များပါဝင်ပါသည်။

ထို့ပြင် အလိုအလျောက်မောင်းစနစ် ( Auto pilot ) ၊လေယာဉ်၏ဖလက် ( Flap ) အတင်အချ အကြိမ်ရေစသဖြင့် စုံလင်စွာမှတ်တမ်း တင်နိုင်ပါသည်။

CVR မှာ မိုက်ခရိုဖုန်းကို လေယာဉ်ခေါင်းခန်းတွင် တပ်ဆင်အသံဖမ်းပြီး ခရီးစဉ်တလျောက်အသံဖမ်းယူထားပါသည်။

FDR နှင့် CVR နှစ်ခုစလုံးတွင် အသံလှိုင်းတိုစနစ်ဖြင့် အချက်ပြနိုင်သည့် Underwater Locator ခေါ်အသံလွှင့်ကရိယာတခုစီ တပ်ဆင်ထားပြီး ၎င်းကရိယာသည် လေယာဉ်ပျက်ကျခဲ့ပါက ရက်၃၀ အလိုအလျောက်လှိုင်းတိုစနစ်ဖြင့် အသံလွှင့်နိုင်ပါသည်။ ယင်းအသံကိုhydrophone ဖြင့် ဖမ်းယူနိုင်ပြီးလေယာဉ်ပျက်ကျရာ နေရာကို ရှာဖွေနိုင်ပါသည်။

FDR နှင့် CVR တို့တွင် နာရီအလိုက် မှတ်သားသော စနစ်ဖြစ်သဖြင့် ပျက်ကျစဉ်က အချိန်ကို Test Equipment ဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါက စက်ချို့ယွင်းသောကြောင့်လား လူ့အမှားကြောင့်လား ဆိုသည်ကို သဲကွဲစွာ သိရှိနိုင်မည်ဖြစ်ပါသည်။

ခေတ်ပေါ်လေယာဉ်များတွင်တပ်ဆင်အသုံပြုနေသော FDR နှင့် CVR တို့၏ပုံများကိုလက်လှမ်းမီသမျှ ဖေါ်ပြလိုက်ရပါသည်။

Author: Sayar Lay

Leave a Reply

Your email address will not be published.