ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် ရွှေဟိုတယ်ကြီး
ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် အဆင့်ရှိ ၂၄ ကရက် ရွှေသားစစ်စစ် ရွှေရည်စိမ် ရွှေကြွေပြားအုပ် ဇိမ်ခံဟိုတယ်ကြီးသည် ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမြို့ လယ်ကောင်ရှိ ဂီအန်းဗိုရေကန်ကြီး၏ ကမ်းစပ်ပေါ်တွင် တည်ရှိပါသည်။
အဆိုပါ ကမ္ဘာ့ပထမဦးဆုံး ရွှေကြွေပြားကပ် ဟိုတယ်ကြီးတစ်ခုလုံး၏ ပြင်ပကိုရော ဟိုတယ်ကြီး၏ အတွင်းပိုင်းကိုပါ ၂၄ ကရက် ရွှေသားစစ်စစ် ရွှေရည်စိမ် ရွှေကြွေပြားများဖြင့် ဖုံးအုပ်အလှဆင်ထားပြီး အထပ်ပေါင်း ၂၅ ထပ်ရှိသည်။
အဆိုပါ အထပ် ၂၅ ထပ်မြင့် ရွှေဟိုတယ်ကြီးကို ဟိုအာဘင်း(Hoa Binh) ဆောက်လုပ်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၂၀၀(ဗြိတိန်နိုင်ငံသုံးငွေ ပေါင်သန်း ၁၆၀) အကုန်ကျခံကာ ၂၀၀၉ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇွန်လတွင် တည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့ပထမဦးဆုံး ၂၄ ကရက်ရွှေရည်စိမ် ရွှေကြွေပြားကပ် ရွှေဟိုတယ်ကြီး၏ အမည်မှာ ဒို့လ်စ် ဟနွိုင်း ဂိုလ်ဒင်း လိတ်ခ် (Dolce Hanoi Golden Lake Hotel)ဟိုတယ် ဖြစ်သည်။ ထိုဟိုတယ်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးဖြစ်သည်။
အဆိုပါ ရွှေဟိုတယ် တည်ဆောက်ရေးကို အမေရိကန်ပြည်ထောင်စုအခြေစိုက် ဝင့်ဒ်ဟမ်ဟိုတယ်(Wyndham Hotels & Resorts )က ကြီးကြပ်ကွပ်ကဲခဲ့သည်။ရွှေရည်စိမ် ရွှေကြွေပြားကပ် ဟိုတယ်ကြီးတွင် လူတန်းစားအလွှာ အသီးသီးမှ ပြည်သူများ တည်းခိုနိုင်စေရန် တစ်ညတည်းခိုခ အမေရိကန်ဒေါ်လာ ၂၅၀ သတ်မှတ်ထားပါသည်။
ရွှေဟိုတယ်ကြီး၏ ပြင်ပမျက်နှာစာ တစ်ခုလုံးကို ရွှေသားစစ်စစ် တစ်တန်ခန့်ဖြင့် ဖုံးအုပ်ထားတယ်လို့ သိရပါသည်။ဟိုတယ်အဝင်မှအစ ရေကူးကန်၊ အိပ်ခန်း၊ ဇွန်း၊ ခရင်း၊ ဒါး၊ ရေပိုက်ခေါင်း၊ ခွက်နဲ့ ထိုင်ခုံအထိ ရွှေပြားတွေ ကပ်ထားတာကို တွေ့ရမည် ဖြစ်သည်။
ရွှေဟိုတယ်ကြီးရှိ ရွှေအသုံးအဆောင် ပစ္စည်းများသည် လာရောက်တည်းခိုသော ဧည့်သည်များအတွက် စည်းစိမ်အရှိဆုံးနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားပြီး ရွှေအသုံး အဆောင်ပစ္စည်းများက တည်းခိုသော ဧည့်သည်များ၏ အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ရွှေကို အရေပြားနှင့် တိုက်ရိုက်ထိတွေ့မိအောင် အသုံးပြုခြင်းသည် အဆစ်အမျက်နာကျင်ကိုက်ခဲသော ရောဂါဝေဒနာများကို သက်သာစေရန် အထောက်အကူပြုကြောင်း၊ ရွှေနှင့်အရေပြားကို တိုက်ရိုက်ထိတွေ့မှုကြောင့် ရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေကြောင်း၊အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေခြင်း၊ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်စေခြင်းနှင့် စိတ်ကို ကြည်လင်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားသည်။
ပြိုင်ဘက်ကင်း ဇိမ်ခံရွှေဟိုတယ်ကြီး၏ ခေါင်မိုးပေါ်တွင် ရွှေပြားများဖြင့် အလှဆင်ထားသည့် အလွန်ကျယ်ပြောသော ရေကူးကန်ကြီးပါရှိပြီး ရွှေဟိုတယ်ကြီးပေါ်မှ ဟနွိုင်းမြို့ ပတ်ဝန်းကျင်ရှုမျှော်ခင်းနှင့် ဂီအန်းဗို ရေကန်ကြီးတို့ကို အပေါ် စီးမှ မြင်ကွင်းကျယ် တစ်မျှော်တစ်ခေါ် မျက်စိတစ်ဆုံးကြည့်ရှုနိုင်သည်။
ဒို့လ်စ် ဟနွိုင်း ဂိုလ်ဒင်း လိတ်ခ်(DoLce Hanoi Golden Lake Hotel) ဟိုတယ်ကြီးမှာ မဖြစ်မနေ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ် ကြည့်ရှု ရမည့်နေရာဖြစ်လာမည်ဟု ဟိုအာဘင်း တည်ဆောက်ရေးကုမ္ပဏီ၏ ညွှန်ကြားမှူး ကပြောကြားသည်။
ရွှေဟိုတယ်ကြီးတွင် လာရောက်တည်းခိုအပန်းဖြေ အနားယူနေသော ဧည့်သည်များအနေဖြင့် ရွှေအစစ်ဖြင့် အုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို အသုံးပြုရခြင်းကြောင့် တော်ဝင်မင်းမျိုးမင်းနွယ်များကဲ့သို့ ခံစားနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုသည်။
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ရှိ ကမ္ဘာ့ပထမဦးဆုံး ကြယ်ငါးပွင့် ရွှေဟိုတယ်ကြီးကို ကမ္ဘာလှည့်ခရီးသည်များက တစ်မူထူးခြားမှုကြောင့် စိတ်ဝင်စား လာရောက် လည်ပတ် တည်းခိုလျက်ရှိသည်။
Source-pyi myanmar