တောင်ကိုရီးယားမှာ လည်ပတ်စရာ

တောင်ကိုရီးယားမှာ လည်ပတ်စရာ

ကိုရီးယားကျွန်းဆွယ်တောင်ပိုင်း၏ နယ်မြေတစ်ဝက်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံနှင့် လုံးဝကွဲပြားခြားနားလျက် လွတ်လပ်စွာရပ်တည်နေသည့် နိုင်ငံဖြစ်သည်။

တောင်ကိုရီးယားသည် ခရီးသွားများအတွက် ခေတ်မီ တိုးတက်၍ ဆွဲဆောင်မှုများဖြင့် စိတ်လှုပ်ရှားဖွယ် နေရာတစ်ခုဖြစ်သည်။ ဆိုးလ်ကဲ့သို့သော တောင်ကိုရီးယားနိုင်ငံ၏ အဓိကမြို့ကြီးများတွင် မြို့တော်တစ်ခု၏ ပျားပန်းခပ်မျှ လှုပ်ရှားနေမှုများ၊ ဆန်းကြယ်သော ညအလှများ၊ နောက်ဆုံးပေါ်အံ့ဩဖွယ်နည်း ပညာများကိုတွေ့ရှိရမည်ဖြစ်ပေသည်။

တောင်ကိုရီးယားသည် ရှုမြင်ကွင်း ကောင်းမွန်လှပသည့် အမျိုးသား ဥယျာဉ်များ၊ ခေတ္တရပ်နားကာ ပတ်ဝန်းကျင်ကို ခံစားပျော်ရွှင်ရမည့် များစွာသော နေရာများရှိနေသည်။

ပင်လယ်ကမ်းလွန်ရှိ ကျွန်းများမှသည် ကိုရီးယားကျွန်းဆွယ်အလယ်ရှိ နယ်စပ် ဒေသအထိ တောင်ကိုရီးယားနိုင်ငံတွင် မရေတွက်နိုင်သော ကြည့်ရှုရမည့်နေရာများ၊ ရှာဖွေရမည့်အရာများလည်း ရှိနေကြပေသည်။

၁၀။ စူဝမ်(Suwon)

စူဝမ်သည် ဂျောင်ရောင်ဂျီ (Gyeonggi)ပြည် နယ်မြို့တော်ဖြစ်၍ မြို့တော်ဆိုးလ်မှ မိုင် ၂၀ သာ ကွာဝေးကာ ဆိုးလ်မြို့မှ မော်တော် ကား၊ သို့မဟုတ် မီးရထားဖြင့် အလွယ်တကူသွား ရောက်နိုင်သည်။

သို့သော် ခရီးသွားအများစုက စူဝမ်ကို မကြာခဏ ကျော်သွားလေ့ရှိကြသည်။ စူဝမ်သို့ လာရောက် လည်ပတ်ကြသူများသည် Big Bird ဟု ချစ်စနိုး ခေါ်ကြသည့် ကမ္ဘာ့ဖလားပွဲ ဘောလုံးကွင်းကို မြင်တွေ့ကြရမည်ဖြစ်သည်။

ယင်းဘောလုံးကွင်းတွင် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးယှဉ်ပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ (ကွာတားဖိုင်နယ်ပွဲ)များကို ကျင်းပခဲ့သည်။လာရောက်လည်ပတ်သည့်ခရီးသွား များသည် ဘောလုံးပွဲကို စိတ်မဝင်စားပါက ၁၈ ရာစုက တည်ဆောက်ခဲ့သည့် ဟွာဆောင် (Hwa-seong) သမိုင်းဝင်ခံတပ်ကို သွားရောက်ကြည့်ရှုနိုင်သည်။ ယင်းခံတပ်၌ ဗိသုကာလက်ရာများကိုကြည့်ရှုနိုင်သည့်အပြင် အဆောက်အအုံအပေါ်ထပ်တွင် မြားပစ်အားကစားကို ကိုယ်တိုင် ကစားကြည့်နိုင်ပေသည်။

၉။ ချန်းချွမ် (Chuncheon)

သာယာလှပသောရှုခင်းများရှိသည့် ရေကန်များ နှင့် မြင့်မားသော တောင်တန်းများဝန်းရံနေသည့် ချန်းချွမ်သည် ဂင်ဝမ် (Gangwon) ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ယင်းမြို့တော်တွင် တောင်ကိုရီးယား နိုင်ငံ၏ ထင်ရှားသော ရုပ်သံဇာတ်လမ်းတွဲ Winter Sonata ကိုရိုက်ကူးခဲ့ကာ များစွာသောခရီးသွားများ သည် ရုပ်သံဇာတ်လမ်းတွဲတွင်ပါရှိခဲ့သည့် အထင်ရှားဆုံး နေရာအချို့သို့ သွားရောက်လည်ပတ်လေ့ရှိကြ သည်။

အချို့ခရီးသွားများသည် အစားအသောက် သုခဘုံ (Foodie’s Paradise) ဟုထင်ရှားသည့် ချန်းချွမ်သို့ အစားအသောက်များ စားသောက်ရန် လာရောက်ကြသည်။ ချန်းချွမ်တွင် တည်ရှိသည့် Soyang ရေကာတာ၊ Cheongpyeong-sa ဘုရား ကျောင်းဟုခေါ်သည့် ရုပ်တုများ ပန်းခြံကိုသွားရောက် ပြီးပါက

Dakgalbi လမ်းသို့သွား၍ ကြက်ကင် ခေါက်ဆွဲကို အမွှေးအကြိုင်များညခတ်ထားသည့် ဟင်းသီး ဟင်းရွက်များ၊ ထမင်းများနှင့်အတူ စားသုံးရသည့် Dakgalbi စားသောက်ဖွယ်ကို သုံးဆောင်နိုင်ကြပေသည်။ Dakgalbi လမ်းပေါ်ရှိ ဒါဇင်ပေါင်းများစွာ သောစားသောက်ဆိုင်များသည် တစ်ဆိုင်နှင့်တစ်ဆိုင် ချက်ပြုတ်ဟန်ချင်း မတူညီကြချေ။

၈။ ဘူဆန် (Busan)

တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် ဘူဆန်သည် အဓိကဆိပ်ကမ်းမြို့တစ်မြို့ လည်းဖြစ်၍ လှပသော ပင်လယ်ကမ်းခြေများကြောင့် ထင်ပေါ်ကျော်ကြားသည်။

ထို့အတူ ဘူဆန်မြို့၌ ရေပူစမ်းများနှင့် ပြင်ပအပန်းဖြေနေရာများ တည်ရှိသည်။ Korea Santorini ဟုထင်ရှားသည့် ဘူဆန်ဂမ်ချောင် ယဉ်ကျေးမှုကျေးရွာ အသိုက်အဝန်းသည် ရေပြင်ကို အပေါ်စီးမှမြင်ရသည့် လှပသောရောင်စုံတောင်ကုန်းပေါ်တွင် တည်ရှိသည်။

ဘူဆန်မြို့တွင် ဘုရားကျောင်းများစွာသို့ သွားရောက် လည်ပတ်နိုင်မည့် အခွင့်အရေးများရှိကာ အထင်ရှားဆုံးဘုရားကျောင်းသည် Beomeosa ဖြစ် သည်။ ဘူဆန်မြို့လယ် နေရာအတွင်း၌ ခရီးသွားများ မျှော်လင့်ထားသည့် ဈေးဝယ်ရန်နေရာများ၊ ပြတိုက်များက ဝင့်ကြွားစွာရှိနေကြပြီး ခရီးသွားများအားဆွဲဆောင် နေသည့်နေရာအချို့တွင် Haeundae ကမ်းခြေ၊ Taejongdae ပန်းခြံနှင့်လှပသော Nakdong မြစ်ဝရှိ ရွှေ့ပြောင်းငှက်များ ဘေးမဲ့တောတို့ပါဝင်သည်။

၇။ ဂျွန်ဂျူး (Jeonju)

ဂျိုဆွန်းမင်းဆက် အထွတ်အထိပ်ကာလတွင် ဂျွန်ဂျူးသည် ယုံကြည်ကိုးကွယ်မှုဆိုင်ရာမြို့တော်ဖြစ်ခဲ့၍ ယခုအချိန်တွင် ဘုရားကျောင်းများ၊ ပြတိုက်များ များစွာကျန်ရှိနေကာ တောင်ကိုရီးယားနိုင်ငံ၏ လည်ပတ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။

ဂျွန်ဂျူးမြို့၏ ယဉ်ကျေးမှုကိုထိတွေ့၍ သမိုင်းကြောင်းများကို သိရှိလိုပါက ဂျွန်ဂျူးဟနော့ခ်ကျေးရွာသို့ သွားရောက်နိုင်သည်။ ယင်းကျေးရွာတွင် ၂၀ ရာစုအစောပိုင်းက တည်ဆောက်ခဲ့သည့် ရိုးရာအိမ်များ၊ ရိုးရာဟန်ဂျီစက္ကူလုပ်ငန်းများကို မြင်တွေ့ နိုင်ကာ ဒေသထွက် ဆိုဂျူးဒာရက်ကို သောက်ကြည့်နိုင်ကြသည်။

ဂျွန်ဂျူးမြို့ရှိ ထင်ရှားသော အခြားစိတ်ဝင်စားဖွယ်နေရာသည် မယုံနိုင်လောက်အောင်စုဆောင်းထားသော လက်မှုပစ္စည်းများရှိသည့် ဂျွန်ဂျူးအမျိုးသားပြတိုက်ဖြစ်သည်။ ဂျွန်ဂျူးတွင် ယင်းမြို့မှစတင်ထွက်ပေါ် ခဲ့သည့် နာမည်ကျော်ကိုရီးယားအစားအစာ ဘီဘင်မ်ဘက်ကို စားသုံးနိုင်ကြမည်ဖြစ်သည်။

၆။ ဆီရိုရက်ဆန် (Seoraksan)အမျိုးသားဥယျာဉ်

တောင်တက်လိုသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ အထင်ရှားဆုံးတောင်တန်းများကို မြင်တွေ့လို သူများသည် ဆီရိုရက်ဆန်အမျိုးသားဥယျာဉ်သို့ သွားရောက်နိုင်ကြသည်။

ယင်းဥယျာဉ်အတွင်း၌ ထင်းရှူးပင်များ၊ ရွဲ့စောင်းနေသည့် ကျောက်တောင်ထိပ် ဖျားများ၊ ကြည်လင်နေသော စမ်းချောင်းများနှင့် ရှုမောဖွယ်ရေကန်များရှိသည်။ ဥယျာဉ်၌ တိရစ္ဆာန် မျိုးစိတ် ၂ဝဝဝ ကျော် နေထိုင်ကျက်စားနေကြသည်။

ဥယျာဉ်ဗဟိုဌာနတွင် အင်္ဂလိပ်ဘာသာ၊ ကိုရီးယား ဘာသာတို့ဖြင့်ရေးသားထားသောမြေပုံကို အခမဲ့ရယူ ၍ ဆီရိုရက်ဆန်အမျိုးသားဥယျာဉ်ကို လှည့်ပတ်ကြည့်ရှု နိုင်ကြသည်။

ပန်းဥယျာဉ်တစ်ခုလုံးကိုဖြတ်သန်းရန် တောင်တက်လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း တက် ရောက်၍ မိုင်နှင့်ချီကာ ရှည်လျားသောခရီးမှာ ပျော်ရွှင် ရမည်ဖြစ်သည်။

၅။ ဂျေဂျူးကျွန်း(Jeju)

ဂျေဂျူးကျွန်းသည် တောင်ကိုရီးယားနိုင်ငံတောင်ဘက် ပင်လယ်ကမ်းခြေ၏ ကမ်းလွန်ဒေသတွင် တည်ရှိကာ တောင်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။

နတ်ဘုရားများကျွန်းဟု ခေါ်ဆိုကြသည့် ဂျေဂျူးသည် အပူလျော့ပိုင်းဒေသဖြစ်၍ တောင်ကိုရီးယားနိုင်ငံ၏ မင်္ဂလာမောင်နှံများ ပျားရည်ဆမ်းခရီးထွက်သည့်နေရာ အပန်းဖြေသည့်နေရာတစ်ခုလည်းဖြစ်သည်။

လှပသောကမ်းခြေများနှင့်အတူ ချော်ပြွန်များ၊ စိမ်းစိုသောရှုခင်းများနှင့်အတူ ဂျေဂျူးတွင် လည်ပတ်ရန် နေရာများစွာရှိနေရာ ပျော်ပွဲရွှင်ပွဲများပြုလုပ်သည့် ပန်းခြံများလည်းပါဝင်သည်။

ဂျေဂျူးကျွန်း၏ ဒေသယဉ်ကျေးမှုများကိုသိရှိရန် ဆောင်အပ် (Seonigeup) ကျေးလက် သို့မဟုတ် ဖန်ပန်းပုရုပ်များပြသထားသည့် Glass ရဲတိုက်သို့သွားရောက်နိုင်သည်။

ဂျေဂျူးကျွန်းတွင် တစ်မူထူးခြားမှုအရှိဆုံးနှင့် အငြင်းပွားဖွယ်များအရှိဆုံး နေရာသည် ချစ်ကြည်နူးဖွယ်အင်္ဂါရပ်များရှိကာ အရွယ်ရောက်ရှိပြီးသူသာ စိတ်ဝင်စားကြသော ချစ်သူနယ်မြေဟုဆိုသည့် ပန်းဥယျာဉ်ဖြစ်နိုင်ဖွယ်ရှိပေသည်။

၄။အန်ဒေါင် (Andong)

လွန်ခဲ့သောနှစ် ၂ဝဝဝ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ယဉ်ကျေးမှုမြို့တော်အဖြစ် အန်ဒေါင်ကို ရည်ညွှန်းလေ့ရှိကြသည်။ အန်ဒေါင်မြို့၏ အဓိကဆွဲဆောင်မှု အရှိဆုံးနေရာသည် အန်ဒေါင်ဟာဟိုးရိုးရာ ကျေးလက်ဖြစ်သည်။

ယင်းရွာ၌ ဒေသယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ထားကာ လာရောက်လည်ပတ်သူများကို ဗဟုသုတများ မျှဝေပေးသည်။ သို့သော် ယင်း ကျေးလက်သို့ လာရောက်ကြသူများ အနှစ်ခြိုက်ဆုံးသည် အစားအသောက်များဖြစ်၍ ဒေသခံကျွမ်းကျင်သူများက ချက်ပြုတ်ရောင်းချကြရာ Jjimdak ဟုခေါ် သည့် ကြက်သားခေါက်ဆွဲမှသည် ဒေသတွင်ချက်လုပ်သည့် ဆိုဂျူးဒာရက်အထိ ပါဝင်သည်။ ထို့ကြောင့် အန်ဒေါင်မှမပြန်မီ အန်ဒေါင်ဆိုဂျူးကို မြည်းစမ်းနိုင် ကြပေသည်။

၃။ စစ်မဲ့ဇုန် (DMZ)

တောင်နှင့်မြောက်ကိုရီးယားနိုင်ငံအကြား နယ်စပ်ဖြစ်သည့် စစ်မဲ့ဇုန်ကို အပစ်အခတ်ရပ်စဲသော နေရာဟု ယူဆကြသည်။ တောင်ကိုရီးယားနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများသည် စစ်မဲ့ဇုန်သို့ သွားရောက်လည်ပတ်နိုင်ကြသော်လည်း ဇုန်အတွင်းရှိ နေရာတိုင်းကို လုံခြုံစိတ်ချမှုရှိသည်ဟု မဆိုနိုင်ချေ။

စစ်မဲ့ဇုန်၏ သေးငယ်သောအစိတ်အပိုင်းနေရာတစ်ခု ဖြစ်သည့် JSA (နှစ်ဖက်လုံခြုံရေးဧရိယာ)ကိုသာ ခရီးသွားများအတွက် ဖွင့်လှစ်ထားသည်။ ခရီးသွားများ သည် မြောက်ကိုရီးယားနိုင်ငံတွင် ကိုယ်တိုင်မတ်တတ် ရပ်နိုင်သည့်နေရာသည် တောင်ကိုရီးယားစစ်သားများ နေထိုင်သည့်အဆောက်အအုံ တစ်ခုသာဖြစ်သည်။

ခရီးသွားများသည် တံဆိပ်ခေါင်းများ၊ ဝိုင်အရက်များ၊ မြောက်ကိုရီးယားနိုင်ငံသုံး ငွေစက္ကူများကိုရောင်းချသည့် မြောက်ကိုရီးယား အမှတ်တရပစ္စည်းဆိုင်သို့ သွား ရောက်နိုင်ကြသည်။ သို့သော် DMZ သို့ သွားရောက်ရန်အတွက် ခွင့်ပြုမိန့်ရရှိရန်နှင့် လိုက်လံပြသမည့် လမ်းညွှန်ပါရှိရန် လိုအပ်သည်။

၂။ ဂျောင်ဂျူး (Gyeongju)

တစ်ချိန်က တောင်ကိုရီးယားနိုင်ငံ၏ စီလ်လာမင်းဆက်၏ ရှေးဟောင်းမြို့တော် ဂျောင်ဂျူးသည် သက်တမ်းနှစ် ၂၀၀၀ ကျော်ခဲ့ပြီဖြစ်သည်။ မယုံနိုင်အောင် ထူးခြားမှုများရှိနေသည့် ဂျောင်ဂျူးသည် ဂုဏ်ယူဖွယ်များစွာသော ဘုရားကျောင်းများနှင့်ယဉ်ကျေးမှုပွဲတော်များရှိနေသော နေရာတစ်ခုဖြစ်သည်။

ဂျောင်ဂျူးသို့ရောက်လျှင် ဗုဒ္ဓဆိုင်ရာ အနုလက်ရာအမြောက်ဆုံး ဘုရားကျောင်း ဖြစ်သည့် ဘူလ်ဂတ်စာသို့ စတင်လည်ပတ်ရမည် ဖြစ်၍ ယင်းဘုရားကျောင်း၏ သက်တမ်းသည် ၈ ရာစုမှ စတင်ခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာ ဆိုင်ရာယဉ်ကျေးမှုနှင့် အနုပညာပစ္စည်းများ တည်ရှိသည့် Seokguram Grotto သို့ တောင်တက်ကာ သွားရောက်နိုင်ကြသည်။

ဂျောင်ဂျူးတွင် စီလ်လာအမှတ်တရပစ္စည်းများမှသည် လတ်ဆတ်သော ကိုရီးယားစား သောက်ဖွယ်ရာများ ရောင်းချသည့် ဈေးရုံသို့လည်း သွားရောက်လည်ပတ်ရန် လက်မလွှတ် သင့်ချေ။

၁။ ဆိုးလ် (Seoul)

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ကာ အာရှတိုက် အရှေ့ပိုင်းတွင် အဓိကခရီးသွားရမည့်နေရာတစ်ခု ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် အချိန်ဖြုန်းမည်ဆိုပါက ဆိုးလ်မြို့၏ တစ်နေရာရာကို လည်ပတ်ခွင့်ရမည် ဖြစ်သည်။

သို့သော် ဆိုးလ်မြို့၏ ဆွဲဆောင်မှုများသည် ဆုံးနိုင်ဖွယ်မရှိဘဲ များစွာသောခရီးသွားများသည် ဆိုးလ်မြို့ရှိ များစွာသော နန်းတော်နေရာတစ်ခုခုမှ ခရီးစတင် လေ့ရှိကြသည်။ ခရီးသွားများ အများဆုံးသွားရောက်ကြသည့်နေရာများတွင် တစ်မူထူးခြားသည့် ဂျောင်ဘွန်ဂန် နန်းတော်နှင့် ၁၅ ရာစုလက်ရာ ချန်းဒီအော့ဂန် နန်းတော်တို့ဖြစ်ကြသည်။

ထို့အတူ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြသူများသည် ရှေးဟောင်း ဘုရားကျောင်းများ၊ စေတီများ၊ လှပသော ပြည်သူ့ ပန်းခြံများ၊ အနားသတ်ထားသည့် ဒီဇိုင်းများ ဈေးဝယ် စင်တာများနှင့် အာရှဒေသတွင် အကောင်းဆုံးသော စားသောက်ဖွယ်များကိုမြင်တွေ့ နိုင်ကြပေသည်။

Credit:Author-ကောင်းစည်သူ
Photo:Credit

Leave a Reply

Your email address will not be published.