ကမ္ဘာ့ရှေးအကျဆုံး ရေငုပ်ဝတ်စုံ “Old Gentleman”

ကမ္ဘာ့ရှေးအကျဆုံး ရေငုပ်ဝတ်စုံ

ကမ္ဘာ့ရှေးအကျဆုံး ရေငုပ်ဝတ်စုံအဖြစ် သိရှိလက်ခံထားကြတာကတော့ Old Gentleman လို့ အမည်ရတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ ပုံစံကတော့ ကြည့်မကောင်းတာ အမှန်ပါပဲ။

ဒါပေမဲ့ ရာဟီးမြို့ရဲ့ လူကြီးမင်း (The Old Gentleman of Raahe) လို့ အမည်ရတဲ့ရေငုပ်ဝတ်စုံဟာ သူလုပ်ရမဲ့အလုပ်ကိုတော့ သေသေချာချာ လုပ်နိုင်ခဲ့ပါတယ်။ ဒီဝတ်စုံဟာ ကမ္ဘာ့ရှေးအကျဆုံး ရေငုပ်ဝတ်စုံဖြစ်ပြီး ၁၈ ရာစု အစောပိုင်း ကာလလောက်က ဝတ်ဖြစ်မယ်လို့ ခန့်မှန်းထား ကြပါတယ်။

ဖင်လန်နိုင်ငံသား သင်္ဘောပိုင်ရှင် Captain Johan Leufstadius (1795-1867) က ဖင်လန်နိုင်ငံမှာရှိတဲ့ ရာဟီးပြတိုက်ကို ၁၈၆၀ ပြည့်လွန်နှစ်များအတွင်းမှာ ဒီဝတ်စုံကို လာရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဲဒီပြတိုက်ဟာ ဖင်လန်နိုင်ငံထဲမှာရှိတဲ့ ရှေးအကျဆုံးဒေသတွင်း ပြတိုက်တစ်ခုဖြစ်ပါတယ်။ ၁၈ ရာစုအချိန်တုန်းက ရာဟီးမြို့ဟာ Bothnia ပင်လယ်ကွေ့ရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်းမြို့နဲ့ သင်္ဘော ထုတ်လုပ်ရာ နေရာဖြစ်ခဲ့ပါတယ်။

သင်္ဘောကိုယ်ထည်ရဲ့ အခြေအနေကို သင်္ဘော ကျင်းမှာတင်စရာမလိုဘဲ ရေထဲမှာတင် ရေငုပ်သမား နဲ့ စစ်ဆေးနိုင်ဖို့အတွက် ဒီရေငုပ်ဝတ်စုံကို အသုံး ပြုခဲ့ကြပါတယ်။

ဒီဝတ်စုံကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ မှတ်ယူစေတဲ့အကြောင်း ရင်းကတော့ ဝတ်စုံရဲ့ ခြေထောက်ပုံစံ၊ ခြေချောင်း ပုံစံတွေဟာ ဖင်လန်ရိုးရာ ဘွတ်ဖိနပ်တွေနဲ့ ပုံစံ ချင်းဆင်တူနေလို့ပါပဲ။

ဝတ်စုံရဲ့ လက်တွေကလည်း ဖင်လန်ကျေးလက်ဒေသတွေမှာ အသုံးပြုလေ့ရှိတဲ့ လက်မတစ်ကန့်၊ ကျန်တဲ့လက်လေးချောင်းတစ်ကန့်ထည့်ရတဲ့ နှစ်ကန့်အနွေးလက်အိတ်ပုံစံမျိုးနဲ့ ဆင်တူပါတယ်။

ဆွီဒင်အမျိုးသားမော်ကွန်းတိုက် (Swedish National Archive) က ၁၇၂၇ ခုနှစ် အမှတ် အသားပါ ပုံကြမ်းတစ်ပုံမှာလည်း ပုံစံတူရေငုပ် ဝတ်စုံတစ်စုံကို တွေ့ရှိခဲ့ရတဲ့အတွက် ဒီရေငုပ် ဝတ်စုံရဲ့ကာလကို ခန့်မှန်းရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

Old Gentleman ကို သားရေအများစုနဲ့ ပြုလုပ်ထားပြီး ချုပ်ရိုးကြောင်းတွေကို ကတ္တရာလို အစေးတစ်မျိုးနဲ့ ဖိသိပ်ပြီးဆို့ပိတ်ထားပါတယ်။ အဲဒီအစေးကို ရေနံ၊ ကတ္တရာစေး ဒါမှမဟုတ် အပင်တွေကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ရေလုံဖို့အတွက် ဝတ်စုံကို အမဲဆီ၊ ကတ္တရာနဲ့ ချိပ်အစေးတွေကိုရောစပ်ပြီး သုတ်လိမ်းထားပါ တယ်။

ရေရဲ့ ဖိအားအောက်မှာ မပျက်စီးသွားစေဖို့အတွက် ဝတ်စုံရဲ့ ခေါင်းစွပ်ကို သစ်သားဘောင်တွေခွေပြီး ထောက်ကူပေးထားပါတယ်။ ခေါင်းစွပ်ရဲ့ ထိပ်မှာတော့ သစ်သား လေပိုက်တပ်ဖို့ အပေါက်တစ်ခု ပါပါတယ်။

ရေငုပ်သမားအတွက် လေကို ပြွန်ကျပ်ကို သုံးထားတဲ့ လေထိုးစက်၊ ဒါမှမဟုတ် ဖားဖိုတစ်ခုကနေ တွန်းပို့ပေးပါတယ်။ လေပြန်ထွက်ဖို့ကိုတော့ ဝတ်စုံရဲ့ အနောက်ဘက်မှာ ပိုက်တိုလေးတစ်ခု တပ်ဆင်ပေးထားပါတယ်။

ဒီ ဝတ်စုံဟာ အပြည့်အဝ ရေလုံတာမဟုတ်တဲ့အတွက် မြင့်မားတဲ့ ရေဖိအားကိုတော့ မခံနိုင်ပါဘူး။ Od Gentleman ကိုဝတ်ထားတဲ့ ရေငုပ်သမားဟာ ရေအောက်မှာ တစ်ခဏကြာမျှသာနေနိုင်မှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ Old Gentleman ရဲ့ ပုံစံအတိုင်း ရေငုပ်ဝတ်စုံတစ်စုံကို ပြန်လည်ဖန်တီး ခဲ့ကြပြီး Young Gentleman လို့ အမည်ပေးခဲ့ကြပါတယ်။Old Gentleman ဟာ တကယ် ရေငုပ်လို့ ရ၊ မရဆိုတာကို သိချင်တဲ့အတွက် Young Gentleman ကို ပြုလုပ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လည်း မှော်ဝင်ပစ္စည်း တစ်ခုလို ရေငုပ်ဝတ်စုံက အလုပ်ဖြစ်ခဲ့ပါတယ်။ Young Gentleman ဟာ ငုပ်တဲ့ရေအနက် ကန့်သတ်ချက်မရှိဘဲ ရေအောက်မှာ မိနစ် ၄၀ ကြာ နေနိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

Old Gentleman ကို ကမ္ဘာအနှံ့ လှည့်လည် ပြသခဲ့ပြီးပါပြီ။ အမေရိကန်က Philadelphia ၊လန်ဒန်မှာ ၁၉၈၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Sea Finland ပြပွဲနဲ့ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ၁၉၉၈ ခုနှစ်ကပြုလုပ်ခဲ့တဲ့ World Exposition စတဲ့ပြပွဲအခမ်းအနားတွေမှာ ခင်းကျင်းပြသခဲ့ပါတယ်။

အခုတော့ Old Gentleman ရဲ့ ခရီးသွားချိန်တွေဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီကနေ့ ကမ္ဘာအနှံ့က ပြပွဲတွေမှာ ခင်းကျင်းပြသနေတာ ကတော့ Young Gentleman သာဖြစ်ပါတော့တယ်။

Author:နှိုင်းရင့်နွေ
သုတအလင်းမှ

Leave a Reply

Your email address will not be published. Required fields are marked *