ရှရှားက ပိုင်ဆိုင်ထားတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်များအကြောင်း

ရှရှားက ပိုင်ဆိုင်ထားတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ

ယူကရိန်းစစ်ပွဲမှာ ရုရှားက ကမ္ဘာ့နောက်ဆုံးပေါ် ကင်ဇယ်လ် ဟိုက်ပါဆိုးနစ် ဒုံးကျည်(Kinzhal Hypersonic Missile) နဲ့ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ လက်နက်တိုက်ကို ဖျက်စီးရာမှာ အသုံးပြုခဲ့ပါတယ်။

ဟိုက်ပါဆိုးနစ် ဒုံးကျည်ဆိုတာ အသံထက် ၅ ဆ မြန်တဲ့နှုန်းနဲ့ ပစ်မှတ်ရှိရာကို သွားနိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေဟာ အမြန်နှုန်းအလွန်မြင့်မားပြီး အမြင့်ပျံသန်းနိုင်သလို အနိမ်းလည်း ပျံသန်းနိုင်ပါတယ်။

နောက်ပြီး ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေဟာ ကွေ့ဝိုက်ပျံသန်းနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သာမန် ဒုံးခွင်းဒုံးနဲ့ ကြားဖြတ်ဟန့်တားနိုင်ဖို့လည်း ခက်ခဲပါတယ်။ ပစ်မှတ်ထိမှန်မှု တိကျပြီး သံမဏိနှင့် ကွန်ကရစ်ကဲ့သို့သော အမာထည်ပစ္စည်းများကို ဖောက်ထွင်းနိုင်စွမ်း ကောင်းပါတယ်။

ရှရှားက ပိုင်ဆိုင်ထားတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ

ရုရှားစစ်တပ်မှာ လေတပ်သုံး ကင်ဇယ်လ်ဟိုက်ပါဆိုးနစ်ဒုံးကျည် ၊ ရေတပ်သုံး ဇာကွန် ဟိုက်ပါဆိုးနစ် ဒုံးကျည်နဲ့ မြေအောက်ဒုံးပစ်စင်ကနေ ပစ်ခတ်ရတဲ့ တိုက်ချင်းပစ် အမြင့်ပျံပဲ့ထိန်းဒုံးကျည်များမှာ တပ်ဆင်ထားတဲ့ အေဗန်ဂတ် ‌အသံလွန်လက်နက်ယာဉ်တို့ကို ပိုင်ဆိုင်ထားပါတယ်။

(၁) ကင်ဇယ်လ်ဟိုက်ပါဆိုးနစ်ဒုံးကျည်ကတော့ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ ကင်ဇယ်လ်ဆိုတာ ရှရှားဘာသာစကားဖြင့် ဓါးမြောင်လို့ အဓိပ္ပါယ်ရပါတယ်။

ကင်ဇယ်လ် ဟိုက်ပါဆိုးနစ်ဒုံးကျည်ဟာ အသံထက် ၁၀ ဆ မြန်ပြီး အကွာအဝေး ကီလိုမီတာ ၁၅၀၀ ကနေ ၂၀၀၀ ကြားမှာရှိတဲ့ ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ပါတယ်။

ကီလိုဂရမ် ၄၈၀ အလေးချိန်ရှိတဲ့ နျူကလီးယားထိပ်ဖူးလည်း တပ်ဆင်အသုံးပြုလို့ရပါတယ်။ အဆိုပါ နျူကလီးယာ ထိပ်ဖူးဟာ ဟီရိုရှီးမားမြို့ပေါ်ကို ကြဲချခဲ့တဲ့ နျူကလီးယားဗုံးထက် ၃၃ ဆ ပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။

ရုရှားလေတပ်ဟာ ကင်ဇယ်လ်ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို ၂၀၁၈ ခုနှစ်က ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး Tu-22 ဗုံးကြဲလေယာဉ်နဲ့ MiG-31K ကြားဖြတ်တိုက်လေယာဉ်တွေမှာ တွဲဖက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

(၂) ရုရှားရေတပ်ဟာ ဇာကွန်ဟိုက်ပါဆိုးနစ်ဒုံးကျည်(Zircon Hypersonic Missile) ကို စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုနေပါတယ်။ အသံထက် ၉ ဆ ပိုမြန်ပြီး မြေပြင်နဲ့ ရေပြင်ရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလက ဇာကွန်ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(၃) အေဗန်ဂတ် အသံလွန်လက်နက်ယာဉ်( Avangard-Hypersonic Glide Vehicle) ဟာ ငှက်တစ်ကောင်လေဟုန်စီးသကဲ့သို့ ပျံသန်းနိုင်ပါတယ်။ ဒုံးခွင်းဒုံးများ ကြားဖြတ်ဟန့်တားနိုင်ဖို့ လုံးဝမဖြစ်နိုင်တဲ့ လက်နက်လို့တောင် သမ္မတပူတင်က ကြုံးဝါးထားတာပါ။

အေဗန်ဂတ်ကို တီထွင်ထုတ်လုပ်နိုင်မှုဟာ ကမ္ဘာ့ပထမဆုံး စပွန်းနစ်ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့မှုကဲ့သို့ပင် အရေးပါသည်ဟုလည်း အမွှမ်းတင်ပြောဆိုထားကြတာပါ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တဲ့ အေဗန်ဂတ်အသံလွန်လက်နက်ယာဉ်ဟာ အသံထက် ၂၇ ဆ ပိုမြန်ပါတယ်။ နျူကလီးယား ထိပ်ဖူးတပ်ဆင်အသုံးပြုနိုင်ပါတယ်။

အကွာအဝေး ကီလိုမီတာ ၆၀၀၀ ခန့်အထိ ပျံသန်း ရောက်ရှိနိုင်တာကြောင့် တိုက်ချင်ပစ်ဒုံးအဖြစ်လည်း အသုံးပြုနိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *