အမေရိကန်ရဲ့နာမည်ကျော် စပိုင်ပြတိုက်ကြီး အကြောင်း

အမေရိကန်ရဲ့နာမည်ကျော် စပိုင်ပြတိုက်ကြီး
International Spy Museum (Washington, D.C)

ပထမကမ္ဘာစစ် ၊ဒုတိယကမ္ဘာစစ်၊စစ်အေးတိုက်ပွဲကာလကစလို့ ယခုအချိန်အထိ စပိုင်တွေဟာ အင်အားကြီးနိုင်ငံတွေအတွက် အရေးပါတဲ့နေရာက ရှိနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။

အဲဒီစပိုင်တွေဟာ သူ့လူကိုယ့်ဘက်သားလုပ်ပြီး ရန်သူ့ထံကနေ စစ်ရေးသတင်းတွေ၊နယ်မြေထောက်လှမ်းမှု တွေဟာ စစ်ပွဲကြီးတစ်ခုလုံး အနိုင်အရှုံးနဲ့တောင် သွားရောက်ဆက် စပ်မှုတွေရှိနေတာကြောင့် စပိုင်တွေရဲ့အရေးပါပုံ ကို ခန့်မှန်းနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ တည်ရှိတဲ့ စပိုင်ပြတိုက်မှာတော့ နိုင်ငံတကာက အထူးအေးဂျင့် စပိုင်တွေအသုံးပြုခဲ့တဲ့ ကိရိယာ ပစ္စည်းတွေကို ပြသထားပါတယ်။

ပြတိုက်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အလျှို့ဝှက်ဆုံးသော ပရော်ဖက်ရှင်နယ်စပိုင်တစ်ယောက်ရဲ့ ဘဝတစ်စိတ် တစ်ဒေသကို သိရှိအမှတ်ရနေစေဖို့ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာရှိတဲ့ စပိုင်ပြတိုက်ကြီးကို တည်ထောင်ခဲ့သူကတော့ နာမည်ကျော်ပြတိုက် တည်ထောင်သူ Milton Maltz ဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်း ၄၀ အထိအကုန်ကျခံကာ ၎င်းစပိုင်ပြတိုက်ကို တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။

ယင်းပြတိုက်ဟာ ၁၉၉၆ ခုနှစ်က ဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၂ ခုနှစ်ဇူလိုင်လ ၁၉ ရက်မှာတော့ တရားဝင်ဖွင့်လှစ် ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်ကတည်းက Milton Maltz တည်ထောင်ခဲ့တဲ့ Malrite Company က စပိုင်ပြတိုက်ကုန်ကျစရိတ်ရဲ့တစ်ဝက်ကို ကျခံ ပေးခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ District of Columbia ကနေ ကျခံခဲ့တယ်လို့ သိရပါတယ်။

စပိုင်ပြတိုက်ဟာ မူလက ဝါရှင်တန်ဒီစီမြို့ ရှိ Penn Quarter မှာ ၂၀၀၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေစ၍ L-Enfant Plaza ကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ယင်းနှစ် မေလမှာပဲ တရားဝင်ဖွင့်လှစ်ပြသခဲ့တာဖြစ်ပါ တယ်။

အသစ်တည်ဆောက်ပြီးစီးခဲ့တဲ့ စပိုင် ပြတိုက်အသစ်ကြီးဟာ စတုရန်းပေ ၃၂ဝဝဝ အကျယ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၆၂ သန်း အထိ ကုန်ကျစရိတ်ရှိခဲ့ပါတယ်။

ပြတိုက်အတွင်း စတုရန်းပေ ၂ဝဝဝဝ အကျယ်မှာတော့ စပိုင်အသုံးအဆောင်ပစ္စည်း အမျိုးပေါင်း ၇၅ဝ လောက်ကို ခင်းကျင်းပြသထား ပြီး သမိုင်းဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေအထိကို ပြသထားပါတယ်။

ယင်းထဲကပစ္စည်း အချို့ဆိုရင် ရောမအင်ပါယာ၊ ဂရိအင်ပါယာ၊ ဗြိတိသျှအင်ပါယာ၊ အလယ်ခေတ်ကာလနဲ့ အမေရိကန်တော်လှန်ရေးကာလ၊ ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကာလ၊ စစ်အေးတိုက်ပွဲကာလ တွေအတွင်းကနေ မျက်မှောက်ခတ်ကာလတွေအထိ စပိုင်တွေအသုံးပြုခဲ့တဲ့ ထောက်လှမ်းရေး ပစ္စည်းအသုံးအဆောင်တွေ ပြသထားပါတယ်။

ပြတိုက်ရဲ့ အချို့နေရာတွေမှာဆိုရင် Covers and Legends, School for Spies, Spies Among Us, The Secret History of History နဲ့ The 21 st Century ဆိုတဲ့ သီးခြား ခေါင်းစဉ်တွေအောက်က အထူးအေးဂျင့်စပိုင် တွေရဲ့အကြောင်းအရာမူကွဲတွေကို လေ့လာခွင့် လည်းရှိပါတယ်။

ပြတိုက်ရဲ့အချို့အပိုင်းတွေမှာ ဆိုရင်လည်း အဖမ်းရအခက်ဆုံးစပိုင်တွေရဲ့ နောက်ကွယ်ကလုပ်ငန်းတာဝန်တွေကို ရုပ်သံဓာတ်ပုံမှတ်တမ်းတွေနဲ့ မှတ်တမ်းတင်ထားတာ ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီပြတိုက်အတွင်းမှာဆိုရင် သူလျှိုလုပ်ငန်း အကြောင်းအသေးစိတ်ကအစ ဖော်ပြထားတဲ့ အတွက် လာရောက်လေ့လာသူတွေအဖို့ စပိုင်တွေ ရဲ့အကြောင်းကို နားလည်လွယ်စေဖို့ ကွန်ပျူတာ ဆိုင်ရာအထောက်အကူတွေနဲ့ စီစဉ်ပေး ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

စပိုင်တစ်ယောက်ရဲ့ နေ့ရက်အလိုက်၊ အချိန်နဲ့ နေရာအလိုက် ကွဲပြားပိရိတဲ့လုပ်ငန်း ဆောင်တာတွေကို ကွန်ပျူတာစနစ်အတွင်းထည့် သွင်းထားရှိမှာဖြစ်ပြီး လေ့လာသူတွေအနေနဲ့စပိုင်တွေရဲ့ လျှို့ဝှက်လက်နက်အသုံးပြုပုံအထိ သိရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် GPS လို. တည်နေရာအထောက်အကူပစ္စည်းတွေလျှို့ဝှက် လက်နက်တွေရဲ့ Password နံပါတ်ရှာဖွေထည့် သွင်းခြင်းတွေကိုပါ ကွန်ပျူတာမျက်နှာပြင်ပေါ် မှာပဲ အလွယ်တကူလေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ပြတိုက်တာဝန်ရှိသူတွေဘက်က လာရောက်လေ့လာသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စပိုင်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာစာတမ်း ဖတ်ပွဲတွေ၊ လေ့လာရေးဆိုင်ရာခရီးစဉ်တွေနဲ့ ရုပ်ရှင်တွေအပြင် များစွာသော Special Events တွေကို ပြုလုပ်ပေးထားတာကိုလည်း တွေ့ရမှာဖြစ် ပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ စပိုင်ပြတိုက်ကြီးဟာ ကမ္ဘာ့ရှားပါး ပြတိုက်တစ်ခုအဖြစ်ရှိနေရုံသာမက တစ်ဖက်က လည်း စာသင်သားကလေးငယ်တွေအတွက် စာပေ လေ့လာရေးဆိုင်ရာ စာကြည့်တိုက်တစ်ခုအဖြစ် လည်း ရှိနေတာဖြစ်ပါတယ်။

စပိုင်ပြတိုက်ကြီး ကို နှစ်စဉ်လာရောက်လည်ပတ်သူဦးရေဟာ ၆ဝဝဝဝဝ လောက်အထိရှိနေပြီး စပိုင်ပြတိုက်ရဲ့ ဒါရိုက်တာအဖြစ် Christopher P. Costa က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း တင်ပြ လိုက်ရပါတယ်။

ကောင်းစစ်ဟန်
Ref:thutazone and wiki

Leave a Reply

Your email address will not be published. Required fields are marked *