ကပ္ပလီကျွန်းများမှ ထူးခြားသော မြောက်ပိုင်းကင်းစောင့် ကျွန်းသစ်တော
မြောက်ပိုင်းကင်းစောင့် ကျွန်းသစ်တော (North Sentinel Island Forest)
ဘင်္ဂလားပင်လယ်အော်အတွင်း ကပ္ပလီကျွန်းများအနက်မှ ထူးခြားသောကျွန်းတစ်ခုဖြစ်သည့် မြောက်ပိုင်းကင်းစောင့်ကျွန်းသည် တောင်ကပ္ပလီကျွန်း၏ အနောက် တောင်ဘက်တွင်ရှိသည်။
ကင်းစောင့်ကျွန်းတစ်ခုလုံးကို သန္တာကျောက်တန်းများက ဝိုင်းပတ်ထားသည့် သဘာဝအနေအထားကြောင့် ကျွန်းတွင် သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ကမ်းမရှိပါချေ။
ထို့ ကြောင့်လည်း ထိုနေရာသည် ဥရောပသားများလာ ရောက်အခြေချခြင်း မရှိသော သဘာဝသစ်တောကြီးတစ်ခုဖြစ်လာခဲ့ကာ ၇၂ စတုရန်းကီလိုမီတာ (၂၇ ဒသမ ၈ စတုရန်းမိုင်) ကျယ်ဝန်းသည့် ကျွန်းတစ်ခုလုံးနီးပါးကို သစ်ပင်များက ဖုံးလွှမ်းနေခဲ့သည်။
လူသူအရောက်အပေါက်နည်းသည့်အတွက် မြောက်ပိုင်းကင်းစောင့်ကျွန်းသည် စန်တီ (Sentinelese) ဟု သိထားခဲ့ကြသည့် ကျောက်ခေတ်သစ်အကြိုကာလ လူသားမျိုးနွယ်များနေထိုင်ရာ ဒေသတစ်ခုဖြစ်လာခဲ့ပေသည်။
လက်ရှိအချိန်တွင် ကျွန်းပေါ်ရှိ သစ်တောအတွင်း၌ လူရိုင်းများဟု သတ်မှတ်ခံထားရသည့် စန်တီမျိုးနွယ်စုလူဦးရေ ၅၀ မှ ၃၀၀ အကြားရှိနေပြီး ယင်းတို့သည် ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ် ပြတ်နေကြသည်။
၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကင်းစောင့်ကျွန်းအနီးတွင် ရွှံ့ဂဏန်းများကိုဖမ်းနေသည့် ငါးဖမ်းသမားနှစ်ယောက်သည် စန်တီတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အိန္ဒိယနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့က ယင်းတို့ နှစ်ဦးကို ပြန်လည်ရရှိရန် ရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့ကြသော်လည်း မြားများဖြင့်ပစ်ခတ်ခြင်းကိုသာ ခံခဲ့ကြရသည်။
၂၀၀၄ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပွားခဲ့သော ရေအောက် ငလျင်နှင့် ဆူနာမီရေလှိုင်းများက ကင်းစောင့်ကျွန်းကို များစွာထိခိုက် ပျက်စီးစေခဲ့သည်။ ကျွန်းကိုဝိုင်း ပတ်တည်ရှိနေသည့် သန္တာကျောက် တန်းအချို့မှာ ရေအောက်သို့ နှစ်မြုပ်သွားခဲ့ပြီး အချို့က ရေပြင် အထက်သို့ မြင့်တက်လာခဲ့သည်။
ကျွန်း၏ ကမ်းရိုးတန်းသည်လည်း ပျက်စီးခဲ့ကာ စန်တီတို့ ငါးဖမ်းသည့်နေရာများကို ထိခိုက်ခဲ့သည်။ စန်တီတို့သည် သစ်တောအတွင်း မုဆိုးလိုက်ခြင်း၊ ငါးမျှားခြင်း ၊သား ငါး အသီးအရွက်များစုဆောင်းခြင်းစသည့် ကျောက်ခေတ်လူသားများ ကျင့်သုံးခဲ့သော အမဲလိုက်အစာစုဆောင်းခြင်း (Hurter-gatherer) လူနေမှုစနစ်ကို ယခုတိုင်ကျင့် သုံးလျက်ရှိနေကြသည်။
စန်တီများသည် စိုက်ပျိုးခြင်းအတတ်နှင့် မီးကို မည်သို့ရှာဖွေသိရှိခဲ့ကြသည်ကို ယနေ့တိုင် မည်သူမျှ မသိရှိကြသေးပါချေ။ ယင်းတို့သည် လှံများနှင့်ထိပ်ပြားထားသည့်လေးများကို သားကောင်များဖမ်းဆီးရာတွင် အသုံးပြုကြသည်။
သားကောင်ကိုခြောက်လှန့်ရန် အတွက် ထိပ်မချွန်ထားသောမြားများကိုသုံးကြသည်။ စန်တီတို့သည် အဓိကအားဖြင့် သစ်တောအတွင်း ပေါများလှသည့် အုန်းသီးများအပါအဝင် အသီးအနှံ များနှင့် ဝက်များ၊ လိပ်များ၊ ငှက်များနှင့် အခြားသား ကောင်များကို စားသောက်ကြသည်။
Author:မောင်သာ(ရှေးဟောင်းသုတေသန)