ကမ္ဘာ့အကြီးဆုံး သစ်တော

ကမ္ဘာ့အကြီးဆုံးသစ်တော

အကြီးဆုံးသစ်တောလို့ ဆိုလိုက်တာနဲ့ အများစုသိထားကြတာက အမေဇုန်သစ်တောကြီး ဖြစ်ပါတယ်။ဒါပေမဲ့ အမေဇုန်ဟာ မိုးသစ်တောထဲမှာသာ အကြီးဆုံးဖြစ်ပြီး သစ်တောတွေထဲမှာတော့ အကြီးဆုံးမဟုတ်ဘဲ ဒုတိယအကြီးဆုံးသစ်တောသာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးသစ်တောကတော့ Taiga သို့မဟုတ် Boreal သစ်တောဖြစ်ပြီး နှင်းသစ်တောလို့လည်းခေါ်ကြပါတယ်။ Boreal ဆိုတဲ့ နာမည်ကတော့ ဂရိဒဏ္ဍာရီထဲက မြောက်ပိုင်းလေနတ်ဘုရား Boreas ကနေ ဆင့်ပွားယူထားတာဖြစ်ပြီး Tanga ကတော့ ကိုနီဖာပင်များ ပေါက်ရောက်တဲ့ သစ်တောလို့ အဓိပ္ပာယ်ရပါတယ်။

Boreal သစ်တော

Boreal သစ်တော လို့ခေါ်လေ့ရှိကြပေမယ့် သူဟာ အမေဇုန်မိုးသစ်တောလို တစ်ဆက်တည်း ပေါက်ရောက်နေတဲ့ သစ်တောမဟုတ်ဘဲ Biome သာဖြစ်ပါတယ်။ Biome ကတော့ နေရာတစ်ခုနဲ့တစ်ခုပေါက်ရောက်တဲ့ အပင်မျိုးစိတ်တွေ နေထိုင်ကျက်စားတဲ့ တိရစ္ဆာန်တွေ သဘာဝပတ်ဝန်းကျင် အခြေအနေတွေ ယေဘုယျအားဖြင့် တူညီတဲ့ဇီဝစနစ်ကို ဆိုလိုတာပါ။

အဲဒါကြောင့် ဒီလိုပေါက်ရောက်နေတဲ့ အာရှ၊ ဥရောပနဲ့ မြောက်အမေရိကသစ်တောတွေကို စုပေါင်းပြီး သစ်တောလို့ ခေါ်ခြင်းဖြစ်တယ်။

Boreal သစ်တောဟာ ကမ္ဘာ့သဘာဝဆိုင်ရာ အံ့ဖွယ်တွေထဲမှာပါဝင်ပါတယ်။ ၎င်းသစ်တောဟာ မြောက်ကမ္ဘာခြမ်းမှာတည်ရှိနေပြီး ကတော့ပုံစံအပင်များ၊ ရှားပါးလှတဲ့အပင်များ၊ တိရစ္ဆာန်မျိုးစိတ်များ၊ငှက်မျိုးစိတ်များ၊ ကန်နဲ့ ရွှံ့မြေများစွာရှိတဲ့ သစ်တောကြီးဖြစ်ပါတယ်။

အကျယ်အဝန်းကတော့ စတုရန်းမိုင်ပေါင်း ၄ ဒသမ ၅ သန်းခန့်ရှိပါတယ်။ အမေဇုန်မိုးသစ်တောကြီးရဲ့ အကျယ်ကတော့ စတုရန်း မိုင်၂ ဒသမ ၁ သန်းရှိပါတယ်။ နှစ်ပိုင်းကွဲနေတဲ့ Boreal သစ်တောကိုပဲ Boreal သစ်တောနဲ့ ရုရှား Boreal သစ်တောလို့ နှစ်မျိုးခွဲခြားခေါ်ကြပါသေးတယ်။

ကမ္ဘာ့မြေပုံပေါ်က Boreal သစ်တော

Boreal သစ်တောဟာ နှင်းများဖုံးလွှမ်းနေတဲ့သစ်တောတွေဖြစ်ပြီး ကနေဒါ၊ အလာစကာ ၊အမေရိကန်မြောက်ပိုင်းဒေသအချို့၊ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊ အိုက်စလန်၊ ရုရှား၊ ကာဇက်စတန်၊ ဂျပန်မြောက်ပိုင်းနဲ့ မွန်ဂိုလီးယားမြောက်ပိုင်းဒေသတွေမှာ တည်ရှိပါတယ်။

ကမ္ဘာ့သစ်တောတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးဟာ ၎င်းသစ်တောဖြစ်ပြီး ကနေဒါနဲ့ ရုရှားဒေသတွေမှာ အများဆုံ းပေါက်ရောက်ကြပါတယ်။ Boreal သစ်တောတွေမှာ ကတော့ချွန်ပုံစံ အပင်မျိုးစိတ်များစွာအပြင် ထင်းရှူးပင်မျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်လျက်ရှိပါတယ်။

Boreal သစ်တော၊ အလာစကာဒေသ

အမြဲတမ်းလိုလို နှင်းတွေဖုံးလွှမ်းလျက်ရှိပေမယ့် အမေဇုန်သစ်တောလို မစိုစွတ်ဘဲ ခြောက်သွေ့နေလေ့ရှိပါတယ်။ မိုးရွာသွန်းမှုနည်းပါးပြီး ပျမ်းမျှအားဖြင့် နှစ်တစ်နှစ်ရဲ့ ပျမ်းမျှမိုးရေချိန်က ၃၃ လက်မခန့်သာ ရှိပါတယ်။

အေးစက်တဲ့ရာသီဥတုကို ပိုင်ဆိုင်ပြီး အအေးဆုံးနေရာကတော့ ရုရှားမြောက်ပိုင်းဖြစ်ကာ အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက် အထိ ကျဆင်းတတ်ပါတယ်။ နို့တိုက် သတ္တဝါမျိုးစိတ်ပေါင်း ၈၅ မျိုးခန့်၊ ငါးမျိုးစိတ်ပေါင်း ၁၃ဝ ခန့်၊ အင်းဆက် ပိုးမွှားမျိုးစိတ်ပေါင်း ၃၂ဝဝဝ ခန့်နဲ့ ငှက်မျိုးစိတ်ပေါင်း ၃ဝဝ ကျော်ခန့် ဟာ ဒီသစ်တောတွေထဲမှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။

ဒီသစ်တောတွေမှာ ငှက်မျိုးကွဲ များစွာ မှီတင်းနေထိုင်ကြပြီး တချို့ကတော့ ရာသီဥတုအပေါ် မူတည်၍ ပြောင်းရွှေ့နေထိုင် ကြလေ့ရှိပါတယ်။ ယင်းတောများတွင် ပိန်ညင်းငှက်များ၊ဇီးကွတ်များ၊ ငှက်ပိတုန်းများ၊ သိမ်းငှက်၊ သစ်‌တောက်ငှက်နဲ့ လင်းတစတဲ့ ငှက်အမျိုးအစားများ အပါအဝင် တေးဆိုငှက်များစွာကိုလည်း တွေ့ရှိရပါတယ်။

ယင်းသစ်တောတွေမှာ ကြီးမားလှတဲ့ နို့တိုက် သတ္တဝါတွေဖြစ်တဲ့ ဝံနက်၊ ဂရစ် ဇလီဝက်ဝံ၊ ဝံပုလွေ၊ ကဲရီဘူးသမင်၊ အကြီးဆုံးသမင်မျိုးဖြစ်တဲ့ Moo se၊ ပိုလာဝက်ဝံ၊ တောင်ဆိတ်များ၊ ဆိုက်ဘေးရီးယား ကျား၊ အမေရိကန် ပြောင်၊ ယုန်၊ တောယုန်ကြီး၊ လင်းနို့၊ ရှဉ့်၊ ရှဉ့်ပျံ၊ကိုက်ဖြတ် တတ်တဲ့သတ္တဝါများ၊ ခွေးတူ ဝက်တူနဲ့ သမင်မျိုးစိတ်များစွာ နေထိုင်ကြပါတယ်။

ရေနေ နို့တိုက်သတ္တဝါတွေဖြစ်ကြတဲ့ ဖျံမျိုးစိတ်များ၊ လွှငါးမန်း၊Humyback ဝေလငါး၊ Killer ဝေလငါးနဲ့ လင်းပိုင်မျိုးစိတ်ပေါင်းများစွာဟာ Boreal သစ်တောအနီးတစ်ဝိုက်က ပင်လယ်ပြင်ထဲမှာကျက်စားလေ့ ရှိပါတယ်။

Boreal သစ်တောတွေဟာ မီး၊ အင်းဆက်နှင့်ပိုးမွှားများ ကူးစက်လွယ်တဲ့အတွက် ကနေဒါနိုင်ငံမှာတော့ တစ်နှစ်ကို သစ်တောရဲ့ ၁ ရာခိုင်နှုန်းလောက် ပျက်စီးနေပါတယ်၊ Boreal ဒေသရဲ့သက်ရှိပတ်ဝန်းကျင် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ရုရှား၊ စကင်ဒီနေးဗီးယားဒေသနိုင်ငံ များ အမေရိကန်၊ ကနေဒါနှင့် Boreal သစ်တောရှိတဲ့ နိုင်ငံတော်တော်များဟာ အစီအစဉ်ရေးဆွဲ လျက်ရှိပါတယ်။

ယခုအခါ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် Boreal အပါအဝင် သစ်တော အများအပြားဟာ ထိခိုက်ပျက်စီးမှုများစွာ ကြုံတွေ့ နေရပါတယ်။ ယခုလို ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်လာမှုကြောင့် Boreal သစ်တောများနေရာတွင် အပူပိုင်း သစ်တောများ၊ Parkland နှင့် မြက်ခင်းများ အစားထိုးပေါက်ရောက်လာကြပါတယ်။

သိပ္ပံပညာရှင်တွေကတော့ Boreal သစ်တောတွေဟာ လာမယ့်နှစ် ၅၀ ကျော်လောက်ကြာရင် သစ်တောဧရိယာ တစ်ဝက်လောက်နီးပါးအထိ ဆုံးရှုံးလျော့နည်းကာ အဲဒီနယ်မြေထဲမှာနေထိုင်တဲ့သက်ရှိတွေလည်း မျိုးသုဉ်းသွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Author: ရဲမာန်ခ
Source-Taiga by wiki
Thutazone

Leave a Reply

Your email address will not be published. Required fields are marked *