မြန်မာ့နန်းတွင်းမှ မိန်းမစိုးများ၏ ဘဝနှင့် တာဝန်ပိုင်း ဆိုင်ရာများ

မြန်မာ့နန်းတွင်းမှ မိန်းမစိုးများ၏ ဘဝနှင့် တာဝန်ပိုင်း ဆိုင်ရာများ

မြန်မာ့ပဒေသရာဇ်ခေတ်မှ နန်းတွင်းထိပ်သီး အမျိုးသမီးများ ဖြစ်ကြသော ဆောင်ရ၊နန်းရ မိဖုရားကြီး ငယ် လတ် နှောင်း မောင်းမပေါင်းနှင့် ကိုယ်လုပ်တော်များစွာ၊ ထိပ်ခေါင်တင် အခေါ်ခံ သမီးတော်များ စံမြန်းရာနေရာ တစ်နည်း ဘုရင်၏ မိန်းမများနှင့် သမီးတော်များ စုနေသော နန်းတွင်းအရပ်ကို အနောက်ဆောင် ဟု ခေါ်လေသည်။

အနောက်ဆောင်တွင် အပျိုတော် အထိန်းတော် အဆောင်ကိုင် စသည်ဖြင့် အခြွေ အရံ အများပြားသည် နေ့ညဉ့်မပြတ် ဝဲလှည့်ခစားနေရသော နေရာတစ်ခု ဖြစ်ပါသည်။

အနောက်ဆောင်တွင် အဆင့်အသီးသီးမှ အမျိုးသမီးများကို အုပ်ချုပ် ထိန်းသိမ်းနိုင်ရန် မိန်းမစိုးများကို ဦးရေ ၁၀၀ ကျော်အထိ ခန့်အပ်ထားကြရသည်။ထိုမိန်းမစိုးများမှာ မိန်းမ အစစ်များသာ ဖြစ်ပါသည်။ အချို့ထင်မြင် ရေးသားသလို သင်းကွပ်ထားသော ယောက်ျားများ ဆိုသည်မှာ မဟုတ်ပါ။

ယောက်ျား မိန်းမစိုးဟူ၍ မင်းတုန်းမင်းကြီးထံပါးတွင် နတ်ပြည် စံတော်မူမည့် အချိန်တိုင်အောင် အနီးကပ်ခစား ထမ်းရွက်ခွင့်ရသူ လူယုံငယ် ကျွန်တော် “ဖေခဲ” ဆိုသူ တစ်ဦးသာလျှင် ရှိခဲ့ပါသည်။

ယင်း “ဖေခဲ” မှာလည်း သင်းကွပ် ထားသူမဟုတ်။ ငယ်စဉ်ဘဝက ထိခိုက်မိ၍ ယောက်ျား အင်္ဂါ မစုံလင်သော သူသာ ဖြစ်သည်။ သူမှတပါး သင်းကွပ် ယောက်ျား မိန်းမစိုး မရှိခဲ့ချေ။

ယခုခေတ်တွင် မိန်းမစိုးကို ‘စ’ ဖြင့် ပေါင်းရေး နေကြသော်လည်း ရှေးအခါက ‘ဆ’ ဖြင့် မိန်းမဆိုးဟူ၍ မှတ်သားခဲ့ကြပါသည်။ မိန်းမဆိုး (မိန်းမစိုး) များသည် နန်းတွင်း ရဲမေ များသာလျှင် ဖြစ်ပေသည်။ အပျိုနည်းပါးပြီး အများစုမှာ အိမ်ထောင်သည်များ ဖြစ်ကြသည်။

မိန်းမစိုးတာဝန် ထမ်းဆောင်ခွင့်ရရန် လိုအပ်သည့် အရည်အချင်းများအနက် သန်စွမ်းသော ကာယဗလရှိခြင်း၊ ထက်မြက် ခက်ထန်သူဖြစ်ခြင်း၊ စာရေးစာဖတ် တတ်မြောက်ပြီး နန်းတွင်းသုံး အလေ့အထ အသုံးအနှုန်း ကျွမ်းကျင်သူဖြစ်ခြင်း၊ အနာရောဂါ ကင်းစင်သူဖြစ်ခြင်း စသည်တို့ ပါဝင်လေသည်။

အများအားဖြင့် မိန်းမစိုးများသည် မြို့ဝန် တံခါးမှူးစသည့် အရာရှိ အလယ်အလတ်များ၏ မယားငယ်များ ဖြစ်ကြပေသည်။မြို့ဝန်ဦးသာအိုး၏ မယားငယ်များ ထဲမှပင်လျှင် မိန်းမစိုး အဖြစ် ငါးယောက် ရှိနေလေသည်။

ဦးသာအိုးကဲ့သို့ အဆင့်ရှိသူသည် သူ၏မယားငယ် နှစ်ဆယ် အစိတ်ခန့်ကို လုံလောက်အောင် ကျွေးမွေး ထောက်ပံ့ခြင်း မပြုနိုင်သဖြင့် သင့်တော်ရာ အလုပ်သွင်းပေးခြင်း၊ စျေးဆိုင်ကနား နေရာချ ထားပေးခြင်းမျှသာ ဆောင်ရွက်ပေးနိုင်သည်။

မိန်းမစိုးများကို ဘုရင်က လစာရိက္ခာ အဆင့်လိုက် ပေးသနား ချီးမြှင့်လေသည်။ မိန်းမစိုးတို့တွင် မိန်းမစိုးချုပ်ဟူသည့် အဦးစီးတစ်ဦးကိုလည်း ခန့်ထားလေသည်။ မိန်းမစိုးတို့သည်ကား မိန်းမစိုးချုပ်က တာဝန်ချထားသည့်အတိုင်း ဆိုင်ရာ အဆောင်တွင် ထမ်းရွက် ကြပ်မတ်ကြရခြင်း ဖြစ်ပေသည်။

သူတို့၏ ဝတ်စုံများကား ထမီရင်လျား ပုဝါနီစီးပြီး ရွှေနားထောင်းကြီးများ ဝတ်ဆင်ကြသည်။ ရိုးရိုး မိန်းမစိုးက ထားဝယ်ကြိမ် ကိုင်ခွင့်ရှိပြီး မိန်းမစိုးချုပ်ကမူ ငလိပ် ကျောက်မြီး ကိုင်ဆောင် ရိုက်နှက် ဆုံးမခွင့်ရှိသည်။

ဆုံးမခွင့်ရှိသူများမှာ သန့်ရှင်းရေး အလုပ်သမားများ၊ အစေတော် ကျေးကျွန်များ၊ ဗိုင်းတာမများ စသည်တို့ ဖြစ်သည်။မိန်းမသားချည်း နေကြသော အရပ်ဖြစ်သောကြောင့် ဖြစ်လေ့ဖြစ်ထ ရှိသည့် အချစ်တော်ဖွဲ့သည့် ကိစ္စမျိုးလည်း ဖြစ်ပွားတတ်သေးသည်။

ထိုကိစ္စမျိုး ပေါ်ပေါက်လျှင်ကား မိဖုရားကြီး စုဖုရားလတ် ကိုယ်တိုင်က အလွန် စက်ဆုပ်တော်မူသဖြင့် မိန်းမစိုးချုပ်က ရိုက်နှက်ဆုံးမဖို့ အမိန့်ပေးထားသည်။ ကျန်အမှုအခင်းများမှာမူ ပစ္စည်းခိုးခြင်း၊ ရန်စောင်ခြင်း၊ ဆဲဆိုသတ်ပုတ်ခြင်း လောက်သာ ရှိလေသည်။

အနောက်ဆောင်နေသူများတွင် ခင်ခင် အခေါ်ခံ အပျိုတော်များ၊ ခင်လေး အခေါ်ခံ အငြိမ့် အပျိုတော် စသည်များကို ဆုံးမပိုင်ခွင့်မရှိချေ။ အပျိုတော် အချင်းချင်း စကားများခြင်း၊ ရန်ဖြစ်ခြင်းများ ရှိပါက မိန်းမစိုးများ အနေဖြင့် ဖျန်ဖြေပေးပြီး

မရပါမှ ယင်းအပျိုတော် ခစားထမ်းရွက်သည့် မိဖုရား သို့မဟုတ် မင်းသမီးထံမှောက်သို့ ပို့အပ်တိုင် ကြားရုံမျှသာ ဆောင်ရွက်ရလေသည်။ နန်းတွင်း အပျိုတော် ဆိုသည်မှာ မှူးကြီးမတ်ကြီးများ၏ သမီးများ အဆင့်မနိမ့်သူများ ချည်း ဖြစ်သည်။

မိန်းမစိုးများ၏ အရေးပါသော တာဝန်တစ်ရပ်မှာ မိဖုရားကြီး စုဖုရားလတ် ဥယျာဉ်တော်သို့ ဆင်းသည် ဖြစ်စေ၊ မည်သည့် နေရာသို့ သွားသည်ဖြစ်စေ၊ မလှမ်းမကမ်းမှ ကင်းပုန်းဝပ်ပြီး လုံခြုံရေး စောင့်ရှောက် ကြရလေသည်။

ယင်းမိန်းမစိုးများသည် ကိုယ့်အဆင့်နှင့်ကိုယ် လစာအနေဖြင့် ရိက္ခာတော်များ ရရှိကြ၍ သီပေါမင်း လက်ထက်တွင်မူ လစာ ငွေဒင်္ဂါးများ ရရှိခဲ့ပါသည်။ မိန်းမစိုးများ၏ ဘဝနှင့် တာဝန်ပိုင်း ဆိုင်ရာများကို ဗဟုသုတအဖြစ် ကူးယူမျှဝေ ပေးလိုက်ရသည်။

Credit:
Aung Thiha
Ref: မိန်းမစိုးနှင့် နန်းတွင်းသူခိုး

Leave a Reply

Your email address will not be published.