၂၀၃၀ ပြည့်နှစ်မတိုင်ခင် ဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင် ပြဿနာကြီးများ

၂၀၃၀ ပြည့်နှစ်မတိုင်ခင် ဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင် ပြဿနာကြီးများ

၂၁ ရာစုရဲ့ တတိယမြောက် ဆယ်စုနှစ်ထဲရောက်လာချိန်မှာ စောင့်ကြိုနေတဲ့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေ အတော်များကြောင်း ၂၀၃၀ ပြည့်နှစ်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂကဖော်ပြထားပါတယ်။

ဒီအစီအစဉ်က “ခွင့်တူညီမျှလူ့လောက၊ ပတ်ဝန်းကျင်ကို လေးစားကြ” ဆိုတဲ့ဆောင်ပုဒ်ကို ၁၈ နှစ် အတွင်း အကောင်အထည် ဖော်သွားမှာဖြစ်သလို အဓိကဖြေ ရှင်းရမဲ့ ပြဿနာတချို့ကို တင်ပြလိုက်ပါတယ်။

(၁) ရာသီဥတု ပြောင်းလဲမှုလျော့ပါးစေရေနှင့် အလိုက်သင့်နေထိုင်ရေး

ရာသီဥတုပြောင်းလဲစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ၅၀ ရာခိုင်နှုန်း အထိမြင့်တက်လာကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ဆိုပါတယ်။

ရလဒ်ကတော့ လူ၊ တိရစ္ဆာန်နဲ့အပင် သန်းပေါင်းများစွာဟာ မိုးခေါင်တာ၊ တောမီး လောင်တာ၊ ရေကြီးတာစတဲ့ မိုးလေဝသဆိုင်ရာ ဖောက်ပြန်မှုတွေ ခံစားလာရပြီဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ ပဲရစ်စာချုပ်ပါအတိုင်း ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီဆဲစီးယပ်အောက်မှာပဲ ရှိနေအောင် ထိန်းချုပ်နိုင်ရင်တောင် ဒီဒုက္ခတွေဟာ ရာစုနှစ်ချီပြီး တည်တံ့နေနိုင်ပါတယ်။

(၂) ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့်ကျန်းမာရေးပြဿနာများ

အမ္ဘာ့လူဦးရေ ၉ ရာခိုင်နှုန်းဟာ မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေကြရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ လျော့နည်းသွားရင် နှစ်စဉ်လူ ၇ သန်းကို ကယ်ဆယ်နိုင် မှာဖြစ်လို့ လေထုညစ်ညမ်းမှုလျှော့ချဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုက်တွန်းထားပါတယ်။

မသန့်ရှင်းတဲ့ရေကြောင့် နှစ်စဉ် လူ ၅ သန်းသေဆုံးနေရကြောင်း Oxfam Intermon အဖွဲ့က ဆိုပါတယ်။ အမှိုက်မပစ်ဖို့၊ ဓာတုပစ္စည်းလျှော့သုံးဖို့၊ ရေဆိုး သန့်စင်ဖို့နဲ့ တခြားအချက်တွေကို ကုလသမဂ္ဂက အကြံပြုထားပါတယ်။

(၃) ပင်လယ်သမုဒ္ဒရာထိန်းသိမ်းကာကွယ်ရေ

ယနေ့ပင်လယ်သမုဒ္ဒရာတွေဟာ ဧရာမ ပလတ်စတစ် အမှိုက်ပုံကြီးတွေ ဖြစ်လာနေပါတယ်။ ရာသီဥတုပူနွေးတာ၊ ညစ်ညမ်းပစ္စည်းတွေစုပုံတာ၊ ရေဆိုးတွေစီးဝင်တာ၊ ရေနံယိုဖိတ်တာကြောင့် ဂေဟဗေဒစနစ် ထိခိုက်လာပါတယ်။

ဒါကြောင့် အထူးစောင့်ရှောက်ခံ နယ်မြေတွေဖန်တီးပြီး သယံဇာတ ဖြည့်တင်းပေးဖို့၊ ငါးအလွန်အကျွံမဖမ်းဖို့၊ ကမ္ဘာမြေအပူချိန် တိုးလာလို့ ပင်လယ်ရေ ညစ်ညမ်းတာ၊ အက်ဆစ်ဓာတ်များလာတာလျှော့ချဖို့ စသဖြင့် ကုလသမဂ္ဂက ဆော်သြထားပါတယ်။

(၄) စွမ်းအင်အသွင်ပြောင်းရေးနှင့်ပြည့်ဖြိုးမြဲစွမ်းအင်များ

စွမ်းအင်သုံးစွဲတာက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၆ ရာခိုင်နှုန်းဖြစ်စေမဲ့ ကမ္ဘာ့လူဦးရေ ၁၃ ရာခိုင်နှုန်းက လျှပ်စစ်မီး မရသေးပါဘူး။ လူပေါင်း ၃ ဘီလီယံဟာ ချက်ပြုတ်ဖို့ ရုပ်ကြွင်းလောင်စာတွေကို သုံးနေရပါတယ်။

ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို အခြေခံပြီး ပိုသန့်ရှင်းတဲ့၊ လက်လှမ်းမီတဲ့၊ ထိရောက်တဲ့စွမ်းအင်တွေ အစားထိုးသုံးစွဲနိုင်မှသာ ရာသီဥတုပြောင်းမှုဒဏ်ခံနိုင်တဲ့ လူ့အဖွဲ့အစည်းတွေအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

(၅) စားနပ်ရိက္ခာဖူလုံရေး

စားသောက်ကုန်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေတာဟာ မြေဆီလွှာကုန်ခန်းစေသလို အဏ္ဏဝါဂေဟသဘာဝကိုလဲ ထိခိုက်စေပါတယ်။ အစားအစာနဲ့သောက်ရေ ပြတ်လပ်မှုတွေ ကြုံရနိုင်ပါတယ်။

စားသောက်ကုန်ထုတ်နည်းစဉ်တွေ ပြောင်းလဲတာ၊ စားသောက်မှုပုံစံပြောင်းလဲတာဒေသထွက် သီးနှံတွေပါတဲ့ သက်လွတ်အစားအစာတွေ ပိုစားတာတွေက စွမ်းအင်ချွေတာရာရောက်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချရာလဲရောက်ကြောင်း ကုလသမဂ္ဂက မောင်းထိုးပြထားပါတယ်။

(၆) ဂေဟစနစ်ထိန်းသိမ်းရေ

ရှိနှင့်ပြီးသား တိရစ္ဆာန်မျိုးစိတ် ၈ ရာခိုင်နှုန်း မျိုးတုံးသွားပြီဖြစ်သလို ၂၂ ရာခိုင်နှုန်းကလည်း မျိုးတုံးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ၄င်းတို့ရဲ့ စားကျက်မြေလျော့နည်းလာတာ၊ အမဲလိုက်ခံရတာ၊ ဧည့်မျိုးစိတ်တွေဝင်ရောက် လာတာတွေကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် သစ်တောပြုန်းတီးလာတာကို တားဆီးတာတွေအပါအဝင် မူရင်းဂေဟစနစ် တွေထိန်းသိမ်းစောင့်ရှောက်ဖို့ ဝိုင်းဝန်းကြပ်မတ်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂက အဆိုပြုထားပါတယ်။

(၇) ပုံမှန်မြို့ပြ ဖွံ့ဖြိုးရေးနှင့်သယ်ယူပို့ဆောင်ရေး

၂၀၃၀ ပြည့်နှစ်မှာ လူသားသန်းပေါင်း ၆ ထောင်နေထိုင်နိုင်ဖို့ မြို့ပြတွေ ချဲ့ထွင်ရတာကလဲ သဘာဝပတ်ဝန်းကျင် ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။ အနာဂတ်မြို့ကြီးတွေဟာ စုစုစည်းစည်းနဲ့ လုံခြုံမှုရှိရမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့လိုသလို စွမ်းအင်လဲချွေတာနိုင်ရမှာ ဖြစ်ပါတယ်။ စိမ်းလန်းနယ်မြေတွေပါတဲ့ အဆောက်အအုံတွေလဲ လိုအပ်ပါတယ်။ လမ်းသွားလမ်းလာတွေကို ဦးစားပေးတဲ့ အစိမ်းရောင်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်တွေ ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

(၈) ရေရင်းမြစ်နှင့်ထောက်ပံ့မှု

သက်ရှိနဲ့ သစ်ပင်တွေအတွက် ရေဟာ မရှိမဖြစ်ပါပဲ။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကို သက်ရောက်မှု ရှိနေပါတယ်။ မိုးခေါင်ရေရှားရပ်ဝန်းနိုင်ငံတွေမှာ စိုက်ပျိုးရေးအတွက် ရေကို ၇၀ ရာခိုင်နှုန်းအထိ သုံးစွဲနေကြောင်း ကမ္ဘာ့ စီးပွားရေးဖိုရမ်က ဆိုပါတယ်။

ရေကိုစနစ်တကျသုံးတတ်ရင် အစားနဲ့စွမ်းအင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ရေချိုစက်ဝန်းလည်ပတ်မှုကို ထိန်းသိမ်းနိုင်လို့ ရာသီ ဥတုပြောင်းလဲမှုကိုပါ နှေးကွေးစေ နိုင်ပါတယ်။

(၉) သဘာဝလွန်မိုးလေ၀သဖြစ်ရပ်များ

ကမ္ဘာမြေပူနွေးလာလို့ မိုးခေါင်တာ၊ မုန်တိုင်းတိုက်တာ၊ အပူလှိုင်းဖြတ်တာတွေဟာ ပိုဆိုးလာနေပါတယ်။ ကမ္ဘာ့အပူချိန် ထိန်းချုပ်တာတွေ လုပ်ရမှာဖြစ်သလို ရာသီဥတုပြဿနာတွေကို ထိထိရောက်ရောက်နဲ့ ချက်ချင်းဖြေရှင်းနိုင်မှသာ ဒုက္ခဆိုးတွေကို လျော့ပါးစေနိုင်ပါလိမ့်မယ်။

(၁၀) လူဦးရေပေါက်ကွဲမှုနှင့်စွန့်ပစ်အမှိုက်ဆယ်တင်ရေး

၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၈ ဒသမ ၅ ဘီလီယံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒါဆိုရင် အမှိုက်စွန့်ပစ်တာကို မဖြစ်မနေလျှော့ချရတော့မှာပါ။

လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်မထိခိုက်စေဘဲ စွန့်ပစ်အမှိုက်လျှော့ချတာ၊ ရိုးရိုးပြန်သုံးကာ၊ ပြုပြင်ပြီးမှ ပြန်သုံးတာတွေကို လိုက်နာမယ်ဆိုရင် အသုံးစရိတ်ချွေတာရာရောက် စေနိုင်ပါတယ်။

Author :ပြည့်ဖြိုးမေ၊သုတကမ္ဘာ
Ref: The big global environmental issues we need to resolve by 2030

Leave a Reply

Your email address will not be published.