အာကာသရောက် သက်ရှိသတ္တဝါများ
လူသားတို့ အာကာသထဲသို့ မသွားရောက်မီက အာကာသခရီးစဉ်၌ တွေ့ကြုံနိုင်သည့် အန္တရာယ်နှင့်စပ်လျဉ်း၍ သိပ္ပံပညာရှင်များတွင် အယူအဆတစ်ခုရှိ၏။ ယင်းမှာ လူသားတို့အနေဖြင့် ဒြပ်ဆွဲအားမဲ့မှု (Weightlessness) ပတ်ဝန်းကျင်တွင် ရေရှည်ရပ်တည်နိုင်မည်မဟုတ် ဟူ၍ဖြစ်သည်။
ဤအယူအဆနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များကြားတွင် ပြင်းထန်သော ငြင်းခုံမှုများ ပေါ်ပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ယူနီယံတို့မှ သိပ္ပံပညာရှင်များသည် မိမိတို့နိုင်ငံအနေဖြင့် သက်ရှိကို အာကာသအတွင်းစေလွှတ်ပြီး အသက်ရှင် ဘေးကင်းစွာ
ကမ္ဘာသို့ ပြန်ခေါ်ယူ နိုင်စွမ်းရှိသည်ဟူသော အရည်အချင်းကို ပြသနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းကြသည်။ ဤသို့ ဖြင့် သက်ရှိသတ္တဝါအမျိုးမျိုးကို ဒုံးပျံ၊ ဂြိုဟ်တု များဖြင့် အာကာသသို့ အကြိမ်ကြိမ်စေလွှတ်ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။
မျောက်သတ္တဝါများကို စေလွှတ်ခြင်း
အမေရိကန်နိုင်ငံသည် ၁၉၄၈ ခုနှစ်ဇွန်လ တွင် Albert I အမည်ရှိ မျောက်နီကို V-2 ဒုံးပျံဖြင့် White Sands လေတပ်စခန်းမှ အာကာသသို့ လွှတ်တင်လိုက်သည်။ ၁၉၄၉ ခုနှစ်တွင် Albert II နှင့် Albert IV မျောက်နီနှစ်ကောင်ကို ဒုံးပျံ များဖြင့် သီးခြားစီ လွှတ်တင်လိုက်ရာ အာကာသ pအတွင်းသို့ ခရီးပေါက်သော်လည်း ကမ္ဘာသို့ ပြန်အဝင်တွင် ‘အောင်းခြင်း’ (Impact) ဒဏ်ကြောင့် သေဆုံးသွားကြသည်။
၁၉၅၁ ခုနှစ်တွင် Yorick ခေါ် မျောက်ငယ်ကို Hallomanလေတပ်စခန်းမှ Aerobee ဒုံးပျံဖြင့် လွှတ်တင်လိုက်ရာ ကမ္ဘာအထက် အမြင့် ၄၅ မိုင်ခန့်ရောက်ရှိခဲ့ပြီး ကမ္ဘာသို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့သည်။ Yorick သည် အာကာသမှ ပထမဦးဆုံး အသက်ရှင်လျက် ပြန်ရောက်လာသော မျောက်သတ္တဝါ ဖြစ်လာသည်။
၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် Gordo ခေါ် မျောက်ငယ်ကို Jupiter ဒုံးပျံဖြင့် လွှတ်တင်လိုက်ရာ အာကာသအတွင်းသို့ မိုင် ၆၀၀ အမြင့်အထိ ရောက်ရှိပြီး အပြန်တွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကျရောက်ခဲ့၏။
မျောက်ငယ်ထည့်သွင်းထားသည့် အလုံပိတ်ခန်း (Capsule)ပျောက်ဆုံးသွားခဲ့သည်။ ထိုမျောက်ငယ် ၏ အသက်ရှူမှုနှင့် နှလုံးခုန်မှု အချက်ပေးချက်များအရ ဤခရီးစဉ်မျိုးကို လူသားတို့ ခံနိုင်ရည် ရှိနိုင်ကြောင်း ရေတပ်ဆရာဝန်များက ဆိုသည်။
ဆက်လက်၍ ၁၉၅၉ ခုနှစ်တွင် Able နှင့် Baker မျောက်နှစ်ကောင်ကို လွှတ်တင်ခဲ့ရာ ကမ္ဘာမှ အမြင့်မိုင် ၃၀၀ အထိ ရောက်ရှိပြီး ဘေးကင်းစွာ ပြန်လာနိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် Sam အမည်ရှိ မျောက်နီကို Mercury အာကာသယာဉ်၏ ဆလင်ဒါပုံအလုံခန်းတွင်း ထည့်သွင်း၍ Little Joe ဒုံးပျံဖြင့် ပစ်လွှတ်လိုက်သည်။
ဒုံးပျံမှ ထွက်ခွာလွတ်မြောက်မှုစနစ် (Launch Escape System) ကိုစမ်းသပ်ခြင်း ဖြစ်၏။ တစ်နာရီလျှင် ၃,၆၈၅ မိုင်နှုန်းဖြင့် တစ်မိနစ်ခန့် ပျံသန်းပြီး . ၅၁ မိုင် အမြင့်သို့ ရောက်ရှိသောအခါ Mercury အာကာသယာဉ်သည် ဒုံးပျံမှ အောင်မြင်စွာ ထွက်ခွာလွတ်မြောက်ကာ အတ္တလန္တိတ် သမုဒ္ဒရာအတွင်းကျဆင်းသွားသည်။ Samကိုဘေးကင်းစွာ ဆယ်ယူနိုင်ခဲ့၏။
အထက်တွင် ဖော်ပြခဲ့သော အမေရိကန်၏ အာကာသခရီးစဉ်များမှာ အာကာသအတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုမျှသာ ဖြစ်၏။ ကမ္ဘာကို လှည့်ပတ်ပျံသန်းခြင်းမျိုးမဟုတ်ချေ။
နောက်ပိုင်း ကာလများတွင် ပတ်လမ်းမပြည့် (Sub-orbital) နှင့်ပတ်လမ်းပြည့် (Orbital) ခရီးစဉ်များကို စေလွှတ်မှု ပြုလာသည်။ ၁၉၆၁ ခုနှစ်တွင် Ham အမည်ရှိချင်ပင်ဇီမျောက်ဝံကိုMercury Redstone ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။
ပတ်လမ်းမပြည့် ခရီးစဉ်ဖြစ်ပြီး ကမ္ဘာမှအမြင့် ၁၅၇ မိုင်အထိ ရောက်ရှိခဲ့သည်။Ham သည် ပျံသန်းချိန်၁၆ဒသမ ၅ မိနစ်အတွင်း ဒြပ်ဆွဲအားမဲ့ အခြေအနေတွင် ၆ ဒသမ ၆ မိနစ်မျှ နေခဲ့ရ၏။
ဤခရီးစဉ်သည် အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး အာကာသသူရဲကောင်း Alam B.Shepard ၏ အာကာသခရီးအတွက် လမ်းခင်းပေးခဲ့သည်။ ထိုနှစ်အတွင်းမှာပင် Enos အမည်ရှိ ချင်ပင်ဇီ မျောက်ဝံကို Mercury Atlas ဒုံးပျံဖြင့် ကမ္ဘာသုံးပတ်ခရီးစဉ်စေလွှတ်ခဲ့ရာ စက်ချို့ယွင်း၍ နှစ်ပတ်သာ လှည့်ပတ်နိုင်ခဲ့ပြီး ကမ္ဘာသို့ ဘေးကင်းစွာ ပြန်ရောက်ရှိခဲ့သည်။
Enos ၏ ခရီးစဉ်သည် ၁၉၆၂ ခုနှစ်တွင် ကမ္ဘာကို ပထမဦးဆုံးအကြိမ် လှည့်ပတ်သည့် အာကာသသူရဲကောင်း John Glenn ခရီးစဉ်အတွက် အထောက်အကူ ပြုခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် Bonnie ခေါ်မျောက် ကို Biosatellite III ဖြင့် ရက်ပေါင်း ၃၀ အာကာသ ခရီးစဉ်အတွင်း စေလွှတ်ခဲ့ရာ မျောက်၏ ကျန်းမာရေး အခြေအနေကြောင့် ကိုးရက်မပြည့်မီ ကမ္ဘာသို့ ပြန်လည်ခေါ်ယူခဲ့ရသည်။
ဆိုဗီယက်ယူနီယံသည် သက်ရှိသတ္တဝါ အမျိုးမျိုးကို အာကာသသို့ ပို့လွှတ်ခဲ့သော်လည်း မျောက်သတ္တဝါကို ၁၉၈၃ ခုနှစ်ရောက်မှသာ စတင်စေလွှတ်သည်။ ဆိုဗီယက်မှ စေလွှတ်မှုများမှာ ကမ္ဘာပတ် ခရီးစဉ်များ ဖြစ်ပြီး အချိန်အားဖြင့် ရက်သတ္တပတ်နှင့်ချီ၍ ကြာညောင်း၏။
ထိုသို့ စေလွှတ်ရာတွင် Bion အစီအစဉ်ဂြိုဟ်တုများကို အသုံးပြုသည်။ ၁၉၈၃ ခုနှစ်တွင် Abrek နှင့် Bion အမည်ရှိ မျောက်နှစ်ကောင်ကို ငါးရက်ကြာ ခရီးစဉ်၊ ၁၉၈၅ ခုနှစ်တွင် Verny နှင့် Gordy မျောက်နှစ်ကောင်ကို ခုနစ်ရက်ခရီးစဉ်နှင့် ၁၉၈၇ ခုနှစ်တွင် Yerosha နှင့် Dryoma ခေါ် မျောက် နှစ်ကောင်ကို ၁၃ ရက် ခရီးစဉ်အသီးသီးစေလွှတ် ခဲ့ရာကမ္ဘာမြေသို့ဘေးကင်းစွာပြန်လည်ရောက်ရှိ ခဲ့ကြသည်။
အလားတူပင် ၁၉၈၉ ခုနှစ် Zhakanya နှင့် Zabiyaka အမည်ရှိ မျောက်နှစ်ကောင်ကို ၁၄ ရက်ကြာခရီးစဉ်၊ ၁၉၉၆ ခုနှစ်တွင် Lapik နှင့် Multik ခေါ် မျောက်နှစ်ကောင်ကို ၁၄ ရက်ကြာ ခရီးစဉ်အသီးသီးစေလွှတ်ခဲ့ရာ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြ၏။
ခွေးများကို စေလွှတ်ခြင်း
ဆိုဗီယက်ယူနီယံသည် အာကာသသို့မျောက် အစားခွေးကို ရွေးချယ်စေလွှတ်ရခြင်းမှာ ခရီးစဉ် တစ်လျှောက် ခွေးသတ္တဝါက ပို၍ဂနာငြိမ်သော ကြောင့်ဖြစ်သည်။ခွေးနှစ်ကောင်တွဲ စေလွှတ်ခြင်းဖြင့် ပို၍တိကျသော ရလဒ်များရရှိနိုင်သည်ဟု ဆိုဗီယက် သိပ္ပံပညာရှင်များက ဆိုသည်။
၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်များတွင် ဆိုဗီယက် R-1 အစီအစဉ် ဒုံးပျံများဖြင့် ခွေးသတ္တဝါများကို အာကာသသို့ စေလွှတ်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ သြဂုတ်လအတွင်း Dezik နှင့် Tsygan ခွေးငယ်နှစ်ကောင်ကို လွှတ်တင်ခဲ့ရာ ပတ်လမ်းမပြည့် ခရီးစဉ်ကို ပထမ ဦးဆုံး သွားရောက်ခဲ့သည့် ခွေးသတ္တဝါများ ဖြစ်လာကြသည်။
စက်တင်ဘာလတွင် Dezikနှင့် Lisa အမည်ရှိ ခွေးငယ်နှစ်ကောင်ကို ဒုတိယမြောက်လွှတ်တင်လိုက်ရာ ခွေးများ သေဆုံး သွားကြသော်လည်း အချက်အလက် မှတ်တမ်းပြု ကိရိယာကို ကောင်းစွာရရှိ၏။ ထိုလထဲမှာပင် တတိယ အကြိမ်အဖြစ် Smelaya နှင့် Malyshka အမည်ရှိ ခွေးနှစ်ကောင်ကို ဆက်လက်စေလွှတ်ရာခရီးစဉ် အောင်မြင်ခဲ့သည်။
ဆက်လက်၍ စတုတ္ထအကြိမ် စေလွှတ်မှုတွင် ခွေးငယ်နှစ်ကောင် သေဆုံးပြီး ပဉ္စမအကြိမ် ခွေးနှစ်ကောင်ပါဝင်သော ခရီးစဉ်မှာ အောင်မြင်မှု ရခဲ့၏။ ထိုလထဲမှာပင် ဆဋ္ဌမအကြိမ်အဖြစ် ZIB အမည်ရှိ ခွေးငယ်နှင့် အခြားခွေးငယ်တစ်ကောင် ကိုလွှတ်တင်ခဲ့ရာကမ္ဘာမှအမြင့် ၁၁၀ကီလိုမီတာ အထိ ရောက်ရှိခဲ့ပြီး အောင်မြင်စွာ ပြန်လာ
၁၉၅၇ ခုနှစ်မှစ၍ ဆိုဗီယက်ယူနီယံသည် Sputnik အစီအစဉ် ဂြိုဟ်တုများကို အသုံးပြု၍ ခွေးသတ္တဝါများကို အာကာသထဲသို့ ဆက်လက် စေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလတွင် Laika အမည်ရှိ ခွေးငယ်ကို Sputnik-2 ဂြိုဟ်တု ဖြင့် လွှတ်တင်လိုက်သည်။
Laikaသည် ကမ္ဘာကို လှည့်ပတ်ပျံသန်းသည့် ပထမဦးဆုံးသက်ရှိ သတ္တဝါဖြစ်လာသည်။ သို့ရာတွင် တစ်လမ်းသွား ခရီးစဉ်ဖြစ်၍ ခွေးငယ်မှာ နာရီအနည်းငယ် မျှသာ အသက်ရှင်ခွင့်ရခဲ့သည်
၁၉၆ဝ ပြည့်နှစ် ဇူလိုင်လတွင် လူလိုက်ပါမည့် Vostok အာကာသယာဉ်၏ ရှေ့ပြေးပုံစံဖြစ် သည့် Korabl Sputnik ဂြိုဟ်တုတွင် Bars နှင့် Lisichka အမည်ရှိခွေးငယ်နှစ်ကောင်ထည့်သွင်း၍ အာကာသသို့ လွှတ်တင်ရာ ဒုံးပျံပေါက်ကွဲ၍ ခွေးများ သေဆုံးသွားကြရသည်။
တစ်ဖန် ဩဂုတ်လတွင် Belka နှင့် Strelka ခေါ်ခွေးငယ်နှစ်ကောင် ကိုအာကာသသို့ စေလွှတ်ရာ ကမ္ဘာသို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ထိုနှစ် ဒီဇင်ဘာလတွင် Pchelka နှင့် Muska ခွေးငယ် နှစ်ကောင်ကို လွှတ်တင်ပြန်ရာကမ္ဘာသို့ ပြန်အဝင်တွင် အာကာသယာဉ် မီးလောင်ပျက်စီးသွားသည်။
ထိုနှစ် ဒီဇင်ဘာလထဲတွင်ပင် Damka နှင့် Krasavka အမည်ရှိ ခွေးငယ်နှစ်ကောင်ကို လွှတ်တင်လိုက်ပြန်ရာ ဒုံးပျံချို့ ယွင်းသဖြင့် ကမ္ဘာပတ်လမ်းကြောင်းထဲသို့ မရောက်ရှိနိုင် တော့ဘဲပတ်လမ်းမပြည့် ခရီးစဉ်ဖြင့်သာ ကမ္ဘာသို့ ဘေးကင်းစွာ ပြန်ရောက်ရှိခဲ့သည်။
၁၉၆၁ ခုနှစ်အတွင်း Chernushka နှင့် Zvegdochka ခွေးငယ်နှစ်ကောင်ကို Korabl Sputnik 4 နှင့် 5 ဂြိုဟ်တုနှစ်လုံးဖြင့် သီးခြားစီ လွှတ်တင်လိုက်ရာ အားလုံးဘေးကင်းစွာ ကမ္ဘာ သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၁၉၆၆ ခုနှစ် တွင် Veterok နှင့် Ugoyok ခွေးနှစ်ကောင် ပါဝင်သော Kosmos 110 ဂြိုဟ်တုကို ပစ်လွှတ်လိုက်သည်။ အာကာသရောက် သက်ရှိများ အပေါ် ဓာတ်ရောင်ခြည်သင့်မှု၏ အကျိုးရလဒ်ကို လေ့လာရန်ဖြစ်၏။ ခရီးစဉ်သည် ၂၁ ရက် ကြာမြင့်ခဲ့ပြီး အာကာသရောက် ခွေးသတ္တဝါတို့၏ စံချိန်တင်လိုက်သည်။
အခြားသတ္တဝါငယ်များကို စေလွှတ်ခြင်း
အမေရိကန်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်မှစတင်၍ ကြွက်ငယ်များနှင့် ကြွက်ဖြူကလေးများကို အာကာသသို့ သီးခြားဒုံးပျံများဖြင့်လည်းကောင်း၊မျောက်သတ္တဝါတို့နှင့် ပူးတွဲ၍လည်းကောင်း စေလွှတ်ခဲ့သည်။
တစ်လမ်းသွားခရီးစဉ်များ ရှိသလို ကမ္ဘာသို့ ပြန်ခေါ်ယူသည့် ခရီးစဉ်များ လည်း ပါဝင်၏။ ၁၉၆၆ ခုနှစ်တွင် Biosatellite 1 ဂြိုဟ်တုကိုလွှတ်တင်ရာတွင် အင်းဆက် ပိုးကောင်များ၊ ဖားဥများနှင့် အဏုဇီဝပစ္စည်းများ ပါဝင်သည်။ကမ္ဘာကို ၄၅ နာရီကြာမျှ လှည့်ပတ်ခဲ့ပြီး ကမ္ဘာသို့ ပြန်ဝင်ရန် ဒုံးတွန်းအားစနစ် ချို့ယွင်းသွားသဖြင့် ပြန်ရောက်မလာတော့ချေ။
၁၉၆၉ ခုနှစ်နောက်ပိုင်းတွင် ယုန်၊ လိပ်၊ ပင့်ကူ၊ ငါးနှင့် ရေခူတို့ကိုတိုးချဲ့စေလွှတ်မှု ပြုလာသည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လအတွင်း Skylab ခရီးစဉ်တွင် Anita နှင့် Arabella အမည်ရှိ ပင့်ကူနှစ်ကောင် ပါဝင်သည်။ အာကာသအတွင်း ပင့်ကူအိမ် ရက်လုပ်နိုင်မှုကို လေ့လာရန်ဖြစ်၏။
အလားတူပင် ဆိုဗီယက်သိပ္ပံပညာရှင်များသည် ၁၉၆၈ ခုနှစ်တွင်Zond5 နှင့် Zond 6ဂြိုဟ်တု များဖြင့် လိပ်များ၊ ယင်ကောင်များ၊ အသီးအနှံပိုး များနှင့်ဘက်တီးရီးယားပိုးမွှားများကို အာကာသသို့ စေလွှတ်ခဲ့ရာ အားလုံးဘေးကင်းစွာ ကမ္ဘာသို့ ပြန်လည်ရောက်ရှိကြသည်။
၁၉၇၃ ခုနှစ် ရောက်သောအခါ Bion အစီအစဉ်ဂြိုဟ်တုများဖြင့် လိပ်၊ ကြွက်၊ ငါး၊ ရေပုတ်သင်၊ ဖားနှင့် အင်းဆက် ပိုးကောင်များကို ၂၂ ရက်ကြာ ခရီးစဉ်အတွက် အာကာသသို့ စေလွှတ်ခဲ့သည်။
ဆက်လက်၍ ၁၉၈၇၊ ၁၉၈၉၊၁၉၉၂ ခုနှစ် များတွင် Bion ဂြိုဟ်တုများဖြင့် ငါး၊ ပုရွက်ဆိတ်၊ တီကောင်၊ ဖားလောင်းစသည့် သတ္တဝါငယ်များကို အာကာသသို့ စေလွှတ်ခဲ့ရာ အောင်မြင်သော ခရီးစဉ်များရှိသကဲ့သို့ ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
လွန်ခဲ့သည့် နှစ် ၅၀ အတွင်း အမေရိကန်နှင့် ဆိုဗီယက်/ရုရှားသိပ္ပံပညာရှင်များသည် သက်ရှိ သတ္တဝါများကို စမ်းသပ်မှုအနေဖြင့် အာကာသသို့ စေလွှတ်ခဲ့ကြရာ ထိုသတ္တဝါများက သိပ္ပံ ပညာရှင်များအား သင်ကြားမှု မြောက်မြားစွာ ပြုခဲ့ကြ၏။
အကယ်၍ အာကာသခရီး ရှေးဦး အစီအစဉ်များ၌ သတ္တဝါများ ပါဝင်ခြင်းမရှိခဲ့ – ပါက အာကာသခရီးစဉ်များတွင် လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးရမည် ဖြစ်သည်။ ထိုသတ္တဝါ များသည် ၎င်းတို့ မှီတင်းနေထိုင်ရာ တိုင်းပြည် အပေါ်လူသားတို့ မဆောင်ရွက်နိုင်သည့် အလုပ် အကျွေးပြုမှုမျိုးကို ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။
Author ; ချိုးငှက် (သံတွဲ)