မကြာခင်မှာ ပျောက်ကွယ်သွားနိုင်သောအရာများ

မကြာခင်မှာ ပျောက်ကွယ်သွားနိုင်သောအရာများ

နည်းပညာတွေ တိုးတက်လာတာနဲ့အညီ အရင်ကသုံးခဲ့တဲ့ ပစ္စည်းတွေဟာလည်း သူ့ထက်မြင့်တဲ့ ထုတ်ကုန်တွေ ထပ်ထပ်ပေါ်လာတဲ့အတွက် တဖြည်းဖြည်း ပျောက်ဆုံးလာရပါတယ်။

ဂဏန်းတွက်စက်၊ နာရီ၊ အသံဖမ်းစက်၊ ကြိုးဖုန်း၊ ကက်ဆက်တို့နေရာမှာ ယနေ့ စမတ်ဖုန်းတစ်လုံးတည်းနဲ့ အစားထိုးနိုင်နေပြီဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ မကြာခင်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အရာတွေရဲ့စာရင်းကို စုစည်းတင်ပြပေးလိုက်ရပါတယ်။

(၁) သတင်းစာများ

တစ်ချိန်ကတော့ သတင်းစာတွေကို အထူးအားကိုးပြီး ဖတ်ခဲ့ကြပါတယ်။ ဒီလိုဖတ်ရဖို့ နယ်မြို့တွေဆိုရင် တစ်ရက်နောက်ကျပြီးမှ ရရှိကြပါတယ်။ အခုတော့ သတင်းစာဖတ်သူဟာလည်း နည်းပါးသွားရပါပြီ။ အကြောင်းကတော့ အွန်လိုင်းကနေ သတင်းတွေကို ချက်ချင်းလက်ငင်း သိရှိနေပြီဖြစ်လို့ပါပဲ။

(၂)ဒီဂျစ်တယ် ကင်မရာများ

တစ်ချိန်က ပိုက်ဆံအနည်းငယ်တတ်နိုင်သူတွေ အချို့ကတော့ ဓာတ်ပုံရိုက်ဖို့အတွက် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးကို ဝယ်ထားလေ့ရှိကြပါတယ်။ အခုတော့ နောက်ဆုံးပေါ်ဖုန်းတွေမှာ ဒစ်ဂျစ်တယ်ကင်မရာအလား ဓာတ်ပုံရိုက်လို့ရတဲ့စနစ်တွေ ပါဝင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်စိတ်ဝင်စားတဲ့သူတွေမှတစ်ပါး ဒစ်ဂျစ်တယ်ကင်မရာ ဝယ်ယူသုံးစွဲသူ နည်းလာခဲ့ပြီ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာတော့ ဓာတ်ပုံရိုက်တာကို နှစ်သက်မြတ်နိုးသူတွေလောက်ပဲ သုံးစွဲတော့မဲ့အရာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

(၃) Hard drive နဲ့ Thumb drive များ

Hard drive နဲ့ Thumb drive များရဲ့ သုံးစွဲ မှုဟာ အခုထိတော့ အရေးပါနေပါသေးတယ်။ ဒါပေမဲ့ Cloud သိုလှောင်မှုစနစ်ဟာ တိုးတက်လာပြီဖြစ်တဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာ လူအများစုဟာ Data တွေကို Cloud စနစ်နဲ့ သိမ်းဆည်းကြမှာဖြစ်တဲ့အတွက် Physical drive တွေဟာ သုံးစွဲသူနည်းပါးသွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါတယ်။

(၄) မြေပုံစာရွက်များ

တစ်ချိန်ကတော့ မြေပုံစာရွက်တွေဟာ ခရီးသွားသူများအတွက် အဖော်မွန်ပါပဲ။ ဒါပေမဲ့ Google map ရဲ့ ဖြည့်စွက်မှုတွေ တဖြည်းဖြည်း ပြည့်စုံလာပြီးတဲ့နောက်ပိုင်း မြေပုံစာရွက်တွေကို မသုံးကြတော့ဘဲ ဖုန်းတိုင်းမှာပါတဲ့ Google map ကိုပဲ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

(၅) စီဒီ(CD)၊ ဒီဗီဒီ(DVD)နဲ့ ဒီဗီဒီစက်များ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ စီဒီ၊ ဒီဗီဒီနဲ့ ဒီဗီဒီစက်တွေရဲ့ ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါတယ်။ သီချင်းပဲ နားထောင်ချင်ချင်၊ ဗီဒီယိုပဲ ကြည့်ချင်ချင် စီဒီ၊ ဒီဗီဒီနဲ့ ဒီဗီဒီစက်တွေကို အားကိုးရလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ လိုအပ်တဲ့နေရာအနည်းငယ်ကလွဲလို့ ဒါတွေကို သိပ်မသုံးကြတော့ပါဘူး။ အင်တာနက်ရှိတဲ့ ဖုန်းကနေတစ်ဆင့် အွန်လိုင်းက နှစ်သက်ရာသီချင်း၊
ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှုနားထောင်တာပဲ ဖြစ်ဖြစ်၊ ဒေါင်းလုတ်ဆွဲပြီး မိမိရဲ့ဖုန်း၊ ဒါမှမဟုတ် ကွန်ပျူတာထဲကို ထည့်သွင်းပြီး အချိန်မရွေးပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။

(၆) ဘေလ်စာရွက်များ

မီတာဘေလ်၊ ဖုန်းဘေလ်များကို အရင်ကတော့ စာရွက်တွေနဲ့ ပေးချေကာ သက်ဆိုင်ရာရုံးတွေမှာ သွားရောက်ပေးဆောင်ရပါတယ်။ အခုတော့ ဘဏ်နဲ့ချိတ် ထားပြီး ဖုန်းထဲကနေပဲ လွယ်လွယ်ကူကူ ဆောင်လို့ရနေပြီ ဖြစ်ပါတယ်။

(၇) ဂဏန်းပေါင်းစက်၊ နှိုးစက်၊ လက်ပတ်နာရီ

အားလုံးသိတဲ့အတိုင်း ဒီအရာ ၃ ခုစလုံးရဲ့လုပ်ဆောင်ချက်ဟာ ဖုန်းတိုင်းမှာ ပါရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်တဲ့သူ၊ သုံးရတာနှစ်သက်လို့ သီးသန့် ဝယ်တဲ့သူ အနည်းငယ်ကလွဲလို့ ဒီအရာတွေကို အသုံးပြုမှုနည်းပါးလာပါပြီ။

(၈) ကြိုးဖုန်းများ၊ ဖုန်းရုံများ

အမေရိကန်မှာတော့ ၂၀၁၆ ခုနှစ်ဟာ အိမ်အများစုမှာ ကြိုးဖုန်းအသုံးမပြုတော့တဲ့ ပထမဆုံးနှစ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလဲ လက်ကိုင်ဖုန်းတွေပေါ်လာပြီးတဲ့နောက်မှာ ကြိုးဖုန်းကို သုံးလေ့မရှိတော့တာ အားလုံးအသိပါ။

ဌာနဆိုင်ရာရုံး၊ ကုမ္ပဏီနဲ့ လုပ်ငန်းတချို့မှာသာ ကြိုးဖုန်းကို အသုံးပြုတော့တာကြောင့် ကြိုးဖုန်းရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားပြီဖြစ်ပါတယ်။ ဖုန်းရုံတွေဟာ လဲ အလားတူပါပဲ။ လူတိုင်းနီးပါး ကိုယ်ပိုင်ဖုန်းတွေ ကိုင်လာနိုင်ပြီးတဲ့နောက်မှာ ဖုန်းရုံတွေလည်း မရှိတော့ ပါဘူး။

(၉)ခလုတ်ပါတဲ့ ဖုန်းများ

လက်ကိုင်ဖုန်းတွေ စပေါ်ခါစက ကီးပတ်ဖုန်းတွေကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကီးပတ်ဖုန်းတွေနေရာမှာ Touch Screen ဖုန်းတွေက အစားထိုးဝင်ရောက်လာပါတယ်။

ပထမဆုံး Touch Screen ဖုန်းကတော့ ၁၉၉၃ ခုနှစ်ကတည်းက ပေါ်ခဲ့တဲ့ IBM Simon ဖုန်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ တဖြည်းဖြည်းနဲ့ ဖုန်းပေါ်က ခလုတ်ဟာ ၂ ခု ၊ ၃ ခုသာ ရှိပါတော့တယ်။

အဲဒီနောက်တော့ ခလုတ်တစ်ခုသာ ပါရှိရာကနေ အခုဆိုရင် ဖုန်းအမျိုးအစားတော်တော်များများဟာ ခလုတ်တွေကို ဖျောက်ပစ်လိုက်ကြပါပြီ။ နောက်ပိုင်းမှာ ဖုန်း အားလုံးဟာ ခလုတ်မပါတဲ့ဖုန်းတွေ ဖြစ်သွားတော့မှာပါ။

(၁၀) မှီငြမ်းစာအုပ်များ

အွန်လိုင်းကဏ္ဍ လျင်မြန်စွာတိုးတက်လာပြီးတဲ့နောက်မှာ စာအုပ်စာတမ်းတွေအားလုံး နီးပါးဟာလည်း အင်တာနက်ပေါ် ရောက်နေခဲ့ပြီဖြစ်ပြီး အချိန်မရွေး ရှာဖွေဖတ်ရှုနိုင်နေပါပြီ။

အပြင်မှာ သွားရောက်ရှာဖွေရတဲ့ အခြေအနေဟာ တဖြည်းဖြည်းနည်းပါးသွားပြီး အများစုဟာ အင်တာနက်ပေါ်မှာပဲ လေ့လာရှာဖွေကြပါတော့တယ်၊

(၁၁) ရီမုတ်ကျန်ထရိုးများ

အသံနဲ့စေခိုင်းမှုစနစ်၊ စမတ်ဖုန်းတွေနဲ့ ကွန်ထရိုးလုပ်နိုင်တဲ့ စနစ်တွေကို တဖြည်းဖြည်း ထွန်းကားလာပြီးတဲ့နောက်မှာ ရီမုတ်ကွန်ထရိုးတွေကို အသုံးပြုကြ တော့မှာ မဟုတ်ဘူး။

လိုအပ်တဲ့စက်အမျိုးအစားရဲ့ ဆော့ဖ်ဝဲလ်ကို ဖုန်းမှာထည့်လိုက်တာနဲ့ ဖုန်းဟာ ရီမုတ်ကွန်ထရိုးအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒီစနစ်ကိုပြောင်းလဲသွားမှာပါ။

(၁၂) ကားသော့များ

BMW ကားအမျိုးအစားမှာ သော့မလိုဘဲ တံခါးဖွင့်လို့ရတဲ့ App တစ်မျိုး ရှိပါတယ်။ ဒါ့အပြင် ကားသော့တွေနေရာကို နောက်ပိုင်းမှာ ဖုန်း App နဲ့ အစားထိုးတော့မယ်ဆိုတဲ့အကြောင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ကြေညာခဲ့ပါတယ်။

Author: ပြည့်စုံထက်ကျော်
သုတအလင်း

Leave a Reply

Your email address will not be published. Required fields are marked *