ယူကရိန်းစစ်ပွဲနှင့် ဓါတုလက်နက်များ၏ ကြောက်မက်ဖွယ် အန္တရာယ်

ယူကရိန်းစစ်ပွဲနှင့် ဓါတုလက်နက်များ၏ ကြောက်မက်ဖွယ် အန္တရာယ်

ယူကရိန်းစစ်ပွဲမှာ အခြေအနေ မလှဘဲဖြစ်နေတဲ့ ရုရှားဟာ ဓာတုလက်နက်၊ ဇီဝလက်နက်များကို ထုတ်သုံးလာနိုင်ကြောင်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့က ယခုသီတင်းပတ်ထဲမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရုရှားအနေနဲ့ နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတဲ့ အဆိုပါ လက်နက်များကို ထုတ်သုံးလာပါက ပြင်းထန်စွာ အရေးယူမည်ဟုလည်း အမေရိကန်က သတိပေး‌ ပြောကြားထားပါတယ်။

ဓာတုလက်နက်ကို ပထမဆုံး တီထွင်အသုံးပြုခဲ့တဲ့ နိုင်ငံကတော့ ဂျာမနီဖြစ်ပါတယ်။ ဂျာမနီဟာ ပထမကမ္ဘာစစ်ကာလ ၁၉၁၅ ခုနှစ်မှာ ကလိုရင်းဓာတ်ငွေ့ ဓာ တုလက်နက်ဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ဗြိတိန်နဲ့ ကနေဒါတပ်သား ထောင်နှင့်ချီပြီး မချိမဆန့် အသက်ရှူကြပ်ကာ ကျဆုံးခဲ့ရပါတယ်။

ပထမကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးဟာ ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အသုံးပြုမှုကို ၁၉၂၅ ခုနှစ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပါအဝင် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော စစ်ပွဲများမှာလည်း ကမ္ဘာ့နိုင်ငံများဟာ အဆိုပါ တားမြစ်ပိတ်ပင်မှုကို လေးစားလိုက်နာခဲ့ ကြပါတယ်။

အမေရိကန်နှင့် ဆိုဗီယက်တို့ဟာ ဓာတုလက်နက်၊ ဇီဝလက်နက်များကို စစ်ပွဲများတွင် လက်တွေ့အသုံးပြု ခြင်းမရှိသော်လည်း စစ်အေးခေတ်တွင် အင်တိုက် အားတိုက် သုတေသနပြု စမ်းသပ်ထုတ်လုပ်ခဲ့ကြပါတယ်။

အခြားသောနိုင်ငံအချို့မှာတော့ ဓာတုလက်နက်၊ ဇီဝလက်နက်များကို လက်တွေ့အသုံးပြု တိုက်ခိုက်မှုများ ရှိခဲ့ဖူးပါတယ်။ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ဟာ ကာ့ဒ်လူမျိုးများ နေထိုင်ရာ မြို့တစ်မြို့ကို ၁၉၈၈ ခုနှစ်မှာ မုံညှင်းဓာတ်ငွေ့လက်နက်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထောင်နှင့်ချီ ဆုံးပါးခဲ့ရပါတယ်။

လက်ရှိ ဆီးရီးယား သမ္မတအာဆတ်ကလည်း ပြည်တွင်းစစ်မှာ ဓာတုလက်နက်အသုံးပြုတိုက်ခိုက်မှု အကြိမ် ၃ဝဝ ကျော် လုပ်ဆောင်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီသေဆုံးစေခဲ့ပါတယ်။

ဓာတုလက်နက်၊ ဇီဝလက်နက်များဟာ လေထဲမှတစ်ဆင့် ပျံ့နှံ့တာဖြစ်သဖြင့် သာမန်ကျည်ဆန်များ၊ ဗုံးများနဲ့ တိုက်ခိုက်ရန် မလွယ်ကူတဲ့ ပစ်မှတ်များကို ချေမှုန်းနိုင်ပါတယ်။ အထူးသဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် အသုံးဝင်ပါတယ်။

အဆိုပါ လက်နက်များဟာ မချိမဆန့်ဝေဒနာခံစားပြီးခါမှ သေဆုံးစေတာ ဖြစ်သဖြင့် ထိတ်လန့်ဖွယ်ကောင်းလှပါတယ်။ ရုရှားဟာ ယူကရိန်းစစ်တပ်နှင့် ယူကရိန်းပြည်သူများ စိတ်ဓာတ်ချောက်ခြား တုန်လှုပ်စေရန် ရည်ရွယ်ပြီး ဓာတုလက်နက်၊ ဇီဝလက်နက်များကို အသုံးပြုလာနိုင်ကြောင်း လေ့လာသူများက သတိပေးထား ကြပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံများဟာ ဓာတုလက်နက် အသုံးပြုခဲ့သည့် ဆီးရီးယားအစိုးရကို ထိရောက်စွာအရေးယူရန် ပျက်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရုရှားသမ္မတပူတင်ဟာ အနောက်နိုင်ငံများရဲ့ အရေးယူဒဏ်ခတ်မှုကို စိုးရိမ်နေမည် မဟုတ်ဘဲ ထိုလက်နက်များ ထုတ်သုံးလာနိုင်တယ်လို့ လေ့လာသူများက သုံးသပ်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.