AOG လို့ခေါ်တဲ့ လေယာဉ်ကို မြေပေါ်ရပ်နားထားရခြင်း ( Aircraft on Ground ) အ‌ကြောင်း

AOG လို့ခေါ်တဲ့ လေယာဉ်ကို မြေပေါ်ရပ်နားထားရခြင်း ( Aircraft on Ground ) အ‌ကြောင်း

ဒီတခါတော့ လေယာဉ်အင်ဂျင်နီယာတွေ အတွက်ကြီးမားတဲ့ စိန်ခေါ်မှုတခုအကြောင်း ဖေါ်ပြလိုပါတယ်။ AOG လို့ခေါ်တဲ့ လေယာဉ်ကို မြေပေါ်ရပ်နားထားရခြင်း ( Aircraft on Ground ) အ‌ကြောင်းလေးပါ။

ကမ္ဘာပေါ်မှာ လေကြောင်းလိုင်း အများအပြားရှိသလို လေယာဉ်အမျိုးအစားတွေကလဲ စုံလင်လှပါတယ်။ ဒီလေယာဉ်များကို လုံခြုံစိတ်ချစွာ လေထဲ ပျံသန်းနိုင်ဖို့ အဓိက တာဝန်အရှိဆုံးသူများကတော့ လေယာဉ်ကိုပြုပြင်ထိမ်းသိမ်းရတဲ့ အင်ဂျင်နီယာနဲ့ သူ့အဖွဲ့သားတွေပါ။

အင်ဂျင်နီယာများဟာလည်း သက်ဆိုင်ရာ လေယာဉ်အမျိုးအစားအလိုက် ပြုပြင်ထိမ်းသိမ်းခွင့် လိုင်စင် ရှိရပါမယ်။ ဒီလိုင်စင်ဆိုတာကလဲ သက်ဆိုင်ရာလေယာဉ်ရဲ့ ပြုပြင်ထိမ်းသိမ်းမှုဆိုင်ရာ သင်တန်းကိုတက်ရောက်အောင်မြင်ပြီးမှသာ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ထုပ်ပေးမှာဖြစ်ပါတယ်။

လေယာဉ်များဟာ ပျံသန်းပြေးဆွဲပြီး မိမိလေဆိပ်ကို ပြန်လည်ရောက်ရှိ ရပ်နားပြီဆိုရင် အင်ဂျင်နီယာများက လေယာဉ်ကို လိုအပ်တဲ့ ပြုပြင်ထိမ်းသိမ်းမှုတွေ ပြုလုပ်ရပါတယ်။ မပျံသန်းခင်မှာရော ပျံသန်းပြီးချိန်မှာပါ စနစ်တကျ စစ်ဆေးကြရပါတယ်။

Snag လို့ခေါ်တဲ့ လေယာဉ်ရဲ့ချို့ယွင်းမှုတွေကို ပြင်ဆင်ရပါတယ်။ပြင်ဆင်ပြီးတဲ့အကြောင်း ကိုလဲ သက်ဆိုင်ရာ log book ထဲမှာ ရေးသွင်း လက်မှတ်ထိုး ရပါတယ်။

ကုမ္ပဏီက အသိအမှတ်ပြုတံဆိပ်တုံးရှိရင်လဲ စာရွက်ပေါ်မှာ တခါထည်းနှိပ်ရပါတယ်။ ဒါမှလဲ ဒီလေယာဉ်ကို ဘယ်သူက ဘယ်နေ့ ဘယ်အချိန်မှာ ဘာတွေကိုဘယ်လိုပြုပြင်ထားတယ်ဆိုတာ သိရနိုင်မှာပါ။

အခုပြောပြချင်တာကတော့ လေယာဉ်ပျက်ဆီးမှု ကြီးမားလို့ဖြစ်စေ လေယာဉ်ရဲ့ အပိုပစ္စည်း Spare ရရှိမှုခက်ခဲနေလို့ဖြစ်စေ လေယာဉ်ဟာ လေထဲမှာ ပျံသန်းဖို့စိတ်ချရတဲ့ အခြေအနေ မရှိဖူးဆိုရင် အင်ဂျင်နီယာဟာ လေယာဉ်ကို ရပ်နားထားဖို့ ဆုံးဖြတ်ရပါတော့မယ်။ ဒါကို လေယာဉ်မြေချခြင် AOG ( Aircraft on Ground ) လို့ခေါ်ပါတယ်။

ဒါဟာ အင်ဂျင်နီယာတယောက်အတွက် တကယ့်ကို စိန်ခေါ်မှုတခုပါ။ လေယာဉ်ခရီးစဉ်တခု ရပ်နားရရင် ကုမ္ပဏီဟာ ဆုံးရှုံးမှုများစွာ ဖြစ်စေနိုင်ပါတယ်။အင်ဂျင်နီယာ အနေနဲ့ကလဲ ပြုပြင်ဖို့ ကြာမဲ့အချိန် အပိုပစ္စည်းရရှိမဲ့အချိန် တို့ကိုတွက်ဆရပါတယ်။

ရပ်နားထားရမဲ့အချိန် ကြာလေ ကုန်ကျစရိတ် များလေပါပဲ။ လေယာဉ်ရပ်နားထားရတဲ့အခါမှာလဲ သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း လိုက်နာရပါသေးတယ်။ ဥပမာ ကာလတို ရပ်နားသိုလှောင်ခြင်း short term storage နဲ့ ကာလရှည်ရပ်နားသိုလှောင်ခြင်း long term storage တို့ပါ ။ အမျိုးအစားအလိုက် လိုက်နာရမဲ့ နည်းစနစ်တွေအတိုင်းလေယာဉ်ကိုရပ်နားရပါတယ်။

မိမိကုမ္ပဏီရဲ့ base ခေါ် မိခင်လေဆိပ်သို့မဟုတ် အလုပ်ရုံမှာ ရပ်နားရရင် တော်ပါသေးတယ်။ ဒီလိုမဟုတ်ဘဲ အဝေးလေဆိပ် out station မှာသာ grounded လို့ခေါ်တဲ့လေယာာဉ်ရပ်နားထားရမယ်ဆိုရင် ပိုဆိုးပါတယ်။

အင်ဂျင်နီယာဟာ ရပ်နားရာလေယာဉ်ကွင်းကို ကိုယ်တိုင်သွားရောက်ပြီး လေယာဉ်ကိုရပ်နားသင့်မသင့် ဆုံးဖြတ်ရမှာပါ။ အင်ဂျင်နီယာဟာ ဒီနေရာမှာ သက်ဆိုင်ရာ လက်စွဲစာအုပ် manuals ကို ကိုးကား ဆုံးဖြတ်ယုံမျှနဲ့ မလုံလောက်ပါဘူးတဲ့။ ပင်ကိုယ် အသိဉာဏ် အပြင် အတွေ့အကြုံကိုပါပေါင်းစပ်ပြီး ဆုံးဖြတ်ကြရပါတယ်။

ဒါပေမဲ့ လေယာဉ်ကိုပြင်ဆင်ပြီးလို့ လေထဲမှာ ပြန်လည်ပျံသန်းနိုင်ပြီ ဆိုရင်တော့ အင်ဂျင်နီယာများဟာပျော်ရွှင်ပီတိ ဖြစ်ရပါတယ်။အဝေးကွင်းကနေ ပြင်ဆင်ပြီး လေယာဉ်ကို မိခင်ဌာနကိုပြန်လည် ပျံသန်းစေနိုင်တဲ့အခါမျိုးမှာဆိုရင် အင်ဂျင်နီယာများဟာ မိမိကလေးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီ ( I take back my baby ) လို့တောင် တင်စားကြလေ့ရှိပါတယ်တဲ့။

အခုတင်ပြခဲ့တာကတော့ နေ့ ၊ည မခွဲခြားနိုင်ပဲ လေယာဉ်စီးခရီးသည်များ စိတ်ချစွာ စီးနင်းနိုင်စေဖို့ အရေးကြီးတဲ့ကဏ္ဍက ပါဝင်လှုပ်ရှား‌နေရတဲ့ လေယာဉ်အင်ဂျင်နီယာများ ကြုံတွေ့ရလေ့ရှိတဲ့ အကြောင်းအရာများစွာထဲက လက်လှမ်းမှီတဲ့ အချက်ကလေးတခုအကြောင်း တင်ပြလိုက်ရတာ ဖြစ်ပါတယ်ခင်များ။

SAYAR LAY

Leave a Reply

Your email address will not be published.