ထိုင်းနိုင်ငံရဲ့ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာ စွမ်းအင်စီမံကိန်းနှင့်အတူ အစိမ်းရောင်စွမ်းအင်ကူးပြောင်းမယ့်အကြောင်း
ထိုင်းနိုင်ငံဟာ ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ ကာဗွန်ကင်းစင်တဲ့ နိုင်ငံအဖြစ်ကို တက်လှမ်းနိုင်ရေးအတွက် အခုအချိန်ကတည်းကစလို့ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ကာ အစိမ်းရောင် စွမ်းအင်ဆီ ကူးပြောင်းနေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အူဘွန်ရတ်ချဌာနီ(Ubon Ratchathani)ပြည်နယ်ရှိ သီရိဒုံဆည်ကြီးရဲ့ ရေပြင်အကျယ် ၁၂၀ ဟတ်တာပေါ်မှာ ရေပေါ်ဆိုလာ အချပ်ပေါင်း ၁၄၄၀၀၀ တပ်ဆင်ထားပါတယ်။ တနည်းအားဖြင့်ပြောရရင် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကြီး ဖြစ်ပါတယ်။
ဒီစက်ရုံစီမံကိန်းရဲ့ အကျယ်အဝန်းဟာ ဘောလုံးကွင်းပေါင်း ၁၆၀ ကွင်းအရွယ်အစားရှိပြီး ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရို-ရေပေါ်ဆိုလာဟိုက်ဘရစ် စွမ်းအင်စီမံကိန်းထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
စွမ်းအင်စီမံကိန်း ရေလှောင်တမံကြီးရဲ့ နာမည်ကတော့ ဆီရင်ထွန် (Sirindhorn) လို့ အမည်ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စီးပွားဖြစ် စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလျှပ်စစ် ဓာတ်အားပေး စက်ရုံကနေ လျှပ်စစ်ဓာတ်အား ၄၅ မဂ္ဂါဝပ် ထွက်ရှိမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ၂ဝ၅ဝ ပြည့်နှစ်အရောက်မှာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့နိုင်ငံ ဖြစ်လာစေရေး ရည်မှန်းချက်ထား လုပ်ဆောင်နေပြီး ဒီစွမ်းအင် စီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ သန့်ရှင်းစွမ်းအင် ဆောင်ရွက်မှုအတွက် အဓိက ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ဆိုလာပြားများနှင့် ဆည်ရေအားလျှပ်စစ်စက်ကြီးများ ယင်းနှစ်ခုစလုံးဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် နှစ်မျိုးစပ်စွမ်းအင်ထုတ် စီမံကိန်းကြီးဟာ စွမ်းအင်ထုတ်လုပ်မှုကို ရေရှည်လုပ်ဆောင် နိုင်ပါတယ်။
ရာသီဥတုအခြေအနေများအပေါ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မှီခိုနေရခြင်းအတွက် မသေချာမရေရာသော အနေအထားနှင့် အပူထုတ်လွှတ်မှုလျှော့ချခြင်းကို လုပ်ဆောင်ပေးနိုင်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့(EGAT)ရဲ့ ပြောကြားချက်အရ နေ့ခင်းပိုင်းမှာ ဆိုလာပြားမှ ထုတ်လွှတ်သောလျှပ်စစ် စွမ်းအင်နှင့် ညပိုင်း သို့မဟုတ် ရေအားအကောင်းဆုံးချိန်တွင် ထုတ်လုပ်သော ရေအားလျှပ်စစ်စွမ်းအင်တို့ဟာ အမြင့်မားဆုံးစွမ်းဆောင်ရည်ဖြင့် ထုတ်လုပ်ပေးနိုင်ကြောင်း ဆိုပါတယ်။
နောက်ပြီး ဒီစီမံကိန်းက ထိုင်းနိုင်ရဲ့ တစ်နှစ်တာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှုကို ၄၇,၀၀၀ တန်အထိ လျှော့ချပေးနိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအစိုးရဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုကို ၂၀၃၇ ခုနှစ်အရောက်တွင် ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားပါတယ်။ နှစ်မျိုးစပ်စွမ်းအင်စီမံကိန်းအောင်မြင်မှုရရှိပြီးနောက်မှာ EGAT ဟာ နိုင်ငံတစ်ဝှမ်း၌ အလားတူစက်ရုံပေါင်း ၁၅ လုံးအထိ တည်ဆောက်သွားမှာဖြစ်ပြီး ဆီရင်ထွန် စီမံကိန်းဟာ အဲဒီစက်ရုံ ၁၅ လုံးအနက် ပထမဆုံး စီမံကိန်းဖြစ်ပါတယ်။
ယင်းစီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ လတ်တလော လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဓာတ်အား စုစုပေါင်း ပမာဏ ၂,၇၂၅ မီဂါဝတ် ရရှိရန် ရည်မှန်းထားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို ဦးစားပေးတဲ့နိုင်ငံ ဖြစ်တဲ့အလျောက် ဒေသအစိုးရအနေဖြင့် ယင်းစက်ရုံကြီးကို ခရီးသွားတွေ လာရောက်လည်ပတ်ရာနေရာအဖြစ် အကောင်အထည်ဖော်ဖို့လည်း လုပ်ဆောင်နေကြောင်း ဖော်ပြလိုက်ပါတယ်။