ကမ္ဘာတစ်ဝန်းက ထူးခြားလှပသော မြွေများအကြောင်း

ကမ္ဘာတစ်ဝန်းက ထူးခြားလှပသော မြွေများအကြောင်း

ကမ္ဘာတစ်ဝန်းတွင် မြွေမျိုးစိတ်ပေါင်း ၃၉၀၀ ကျော်ရှိပြီး အရွယ်အစား၊ အရောင်အသွေးနှင့် ပုံစံအမျိုးမျိုးဖြင့်ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ လူသားတို့သည် ၎င်းတို့၏ အလှကို အမြဲတမ်း တန်ဖိုးထားခြင်းမရှိဘဲ ကြောက်လန့်ခြင်းဖြင့်သာ အချိန်ကုန်ဆုံး လေ့ရှိကြသည်။

ကမ္ဘာတစ်ဝန်းတွင် တွေ့ရှိနိုင်သော အထူးခြားဆုံး မြွေမျိုးစိဝာ်အချို့၏ နမူနာများကို စုစည်းဖော်ပြထားပြီး ၎င်းတို့၏ အလှတရားတစ်ခုချင်းစီသည် တွားသွားသတ္တဝါများကြားတွင် ကွဲပြားမှုကို အသားပေးလျက်ရှိသည်။

(၁) သီရိလင်္ကာတွင်းမြွေပွေး (Sri Lankan Pit Viper)

သီရိလင်္ကာကို သင်သွားလည်မည်ဆိုလျှင် လှပသော သီရိလင်္ကာတွင်းမြွေပွေး တစ်ကောင်ကိုတွေ့မြင်နိုင်ရန် သစ်ပင်များပေါ်တွင် သေချာကြည့်နိုင်ပါသည်။ အကြမ်း ဖျင်းအားဖြင့် အရှည် ၂ ပေ ရှိသော မျိုးစိတ်များ ပေါက်ဖွားရာတစ်ခုတည်းသောနေရာသည် သေးငယ်လှသည်။

တွင်းမြွေပွေးသည် ကြီးမားသော တြိဂံပုံသဏ္ဌာန်ဦးခေါင်းရှိပြီး ၎င်း၏အရောင်အသွေးမှာ အစိမ်း နှင့် အနက်ရောင် ပေါင်းစပ်ဖြစ်သည်။ အဆိပ်ပြင်းသော သီရိလင်္ကာတွင်းမြွေပွေး၏ ကိုက်ခြင်းကိုခံရသည့်အခါ နာကျင်မှုကိုဖြစ်စေပြီး ၎င်းကြောင့် အရည်ကြည်ဖုများ ဖြစ်ပေါ်လာခြင်းနှင့် အသက်ဆုံးပါးမှုများ ဖြစ်ခြင်းအထိတောင် ဖြစ်စေနိုင်သည်။

(၂) အာရှနွယ်ပင်မြွေ (Asian Vine Snake)

အာရှနွယ်ပင်မြွေ၏ အကြေးခွံများမှာ သာမန်ထက်လွန်ကဲသော ဂျီဩမေတြီပုံစံရှိသည်။ ၎င်းမြွေသည် အန္တရာယ်နှင့်ကြုံတွေ့ရသည့်အခါ ၎င်း၏ခန္ဓာကိုယ်ကို ကြီးမားအောင်ပြုလုပ်ကာ အစိမ်းရောင်အကြေးခွံများကြားတွင် အဖြူရောင်၊ အမည်းရောင်များပေါ်လာအောင် အသားပေးပြုမူလျက်ရှိသည်။

အနားယူချိန်တွင် ၎င်းသည် အစိမ်းဖျော့ရောင်ရှိပြီး ခန္ဓာကိုယ်မှာ သွယ်လျသည်။ နွယ်ပင်မြွေများကို ၎င်းတို့၏ရှည်လျားသော နှုတ်သီးချွန်များဖြင့် မှတ်သားထားနိုင်သည်။

(၃) အစိမ်းရောင်စပါးအုံးမြွေ (Green Tree Python)

စပါးအုံးမြွေစိမ်းသည် ၎င်း၏တောက်ပသော အစိမ်းရောင်ကြောင့် လူသိများသည်။ အရွယ်ရောက်ပြီး စပါးအုံးမြွေစိမ်း၏ ထင်ရှားသောအစိမ်းရောင် အရောင်အသွေးသည် သစ်ပင်နေမြွေများအတွက် စံပြပုံသဏ္ဌာန် ဖုံးကွယ်မှုကို ပေးဆောင်သည်။

အရွယ်မရောက်သေးသော စပါးအုံးမြွေများသည် တောက်ပသော အဝါရောင်၊ ထင်ရှားသော အနီရောင်၊ သို့မဟုတ် အလွန်နက်မှောင်သော အညိုရောင်ပင် ဖြစ်နိုင်ပါသည်။

အရွယ်ရောက်ပြီး ၎င်း၏အရောင်အသွေးမှာ အလွန်လှပနေသော်လည်း ၎င်းမျိုးစိတ်များ ငယ်ရွယ်ပြီး အရောင်ပြောင်းသောအခါတွင်လည်း ရင်သပ်ရှုမောဖွယ်ဖြစ်သည်။

(၄) ဆန်ဖရန်စစ္စကိုဂါတာမြွေ (San Francisco Garter Snake)

ဆန်ဖရန်စစ္စကိုဂါတာမြွေသည် လိမ္မော်ရောင်၊ စိမ်းပြာရောင်၊ အနက်ရောင်နှင့် သန္တာရင့်ရောင်တို့ရှိပြီး ၎င်းတို့နေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည်ဟု ယူဆရသည်။

၎င်းသည် အရှည် ၃ ပေအထိ ကြီးထွားနိုင်သော်လည်း လူသားများအတွက် အန္တရာယ်မရှိပေ။ အဓိကအားဖြင့် ရေအနီးအနားတွင်တွေ့ရသော ဆန်ဖရန်စစ္စကိုဂါတာမြွေ၏ အနီရောင်လျှာတွင်ပါရှိသော အနက်ရောင်ထိပ်အဖျားသည် ငါးနှင့် အခြားသားကောင်များကို ဖမ်းရာတွင် အသုံးပြုသည်။

(၅) အိုင်းလက်မြွေပွေး (Eyelash Viper)

၎င်း၏မျက်လုံးအထက်တွင် ထင်ရှားပေါ်လွင်သော အကြေးခွံများကြောင့် အိုင်းလက်မြွေပွေးဟု အမည်ပေးထားခြင်းဖြစ်သည်။ ယင်းမျိုးစိတ်သည် အလွန်အဆိပ်ပြင်းပြီး လှပသည်။

အိုင်းလက်တွင်းမြွေပွေးများသည် အဝါရောင်၊ ပန်းရောင်၊ အစိမ်းရောင်နှင့် အညိုရောင်အပါအဝင် အရောင်အမျိုးမျိုးဖြင့် ဖြစ်ပေါ်သည်။ အဝါရောင်တွင်းမြွေပွေးများသည် ငှက်ပျောပင်များတွင် အလွယ်တကူရောယှက်နေထိုင်လေ့ရှိပြီး မကြာ
ခဏတွေ့မြင်နိုင်သည်။

၎င်းတို့၏ အကြေးခွံများသည် ကြမ်းတမ်းသော်လည်း အစာရှာရာတွင် ၎င်းတို့တက် နေသည့် အကိုင်းအခက်များမှ လိုက်လျောညီထွေရှိခြင်းဖြင့် အကာအကွယ်ပေးသည်။

(၆) ပင်လယ်မြွေဟောက် (Banded Sea Krait)

လှပသော မြွေမျိုးစိတ်များသည် ကုန်းပေါ်တွင် တွေ့ရုံမျှမက သမုဒ္ဒရာထဲတွင်လည်း နေထိုင်ကြသည်။ အဝါရောင်အပေါ်နှုတ်ခမ်းသားကြောင့် အဝါရောင်နှုတ် ခမ်းရှိသော ပင်လယ်မြွေဟောက်ဟုလည်း ခေါ်ဆိုကြပြီး ၎င်း၏အဝါရောင်အမှတ်အသားသည် နှုတ်ခမ်းနှင့် မျက်လုံးအောက်တွင် ကျယ်ပြန့်နေသည်။

ပင်လယ်မြွေဟောက်၏ ချောမွေ့သော ခန္ဓာကိုယ်တွင် အနက်ရောင်အရစ်အကွင်းများ ၂ဝ ခုမှ ၆၅ ခုအထိပါရှိသည်။ ကုန်းပေါ်တွင် ဥများဥလေ့ရှိသော်လည်း ရေထဲတွင်ကျက်စားသော ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ်ဖြစ် သည်။

၎င်းမြွေသည် နှာခေါင်းပေါက်များစွာပါရှိပြီး လှော်တက်နှင့်တူသောအမြီးကြောင့် ရေထဲတွင်ကူးခပ်နိုင်ကာ သားကောင်ကို အမဲလိုက်နိုင်သည်။

(၇) ဘရာဇီးသက်တံစပါးကြီးမြွေ (Brazilian Rainbow Boa)

အဓိကအားဖြင့် အညိုရောင်၊ သို့မဟုတ် နီညို ရောင်ရှိသော စပါးကြီးမြွေမျိုးစိတ်တွင် အထင်ရှားဆုံးလက္ခဏာမှာ ၎င်း၏အကြေးခွံသည် သက်တံရောင် ပြိုးပြိုး ပြက်ပြက်တောက်ပနေခြင်း ဖြစ်သည်။

ယင်းထူ ခြားသောအင်္ဂါရပ်သည် အရေခွံလဲပြီးသည့်အခါတွင် အထင်ရှားဆုံးဖြစ်သည်။ အရှည် ၄ ပေမှ ၆ ပေအထိ ရှိနိုင်သော ၎င်းစပါးကြီးမြွေများသည် ဦးခေါင်းထိပ်တွင် အနက်ရောင် အစင်းအမြှောင်းများနှင့် ၎င်းနောက်တွင် အနက်ရောင်အကွင်းများ ရှိသည်။

(၈) ထူးဆန်းသောအကြေးခွံရှိ ဖော်မိုဆာမြွေ (Formosa Odd-Scaled Snake)

သက်တံရောင်တောက်ပနေသော အခြားမြွေမျိုးစိတ်မှာ ထူးဆန်းသော အကြေးခွံရှိ ဖော်မိုဆာမြွေဖြစ်သည်။ ၎င်းမြွေသည် သေးငယ်သောဦးခေါင်းနှင့် သေးငယ်သော အနက်ရောင် ပုတီးစေ့များကဲ့သို့ မျက်စိများရှိသည်။

အရွယ်ရောက်ပြီးမြွေများတွင် သံလွင်ရောင်၊မီးခိုးရောင်၊ သို့မဟုတ် အနက်ရောင်ကဲ့သို့အရောင်များ အများဆုံးဖြစ်ပြီး မြွေပေါက်စများတွင်မူ အများအားဖြင့် အနက်ရောင်ဖြစ်သည်။ ၎င်းမြွေများကို ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတောင်ပိုင်းရှိ ကျွန်းများတွင် တွေ့ရှိရသည်။

(၉) အကြေးခွံမဲ့ပြောင်းမြွေ (Scaleless Corn Snake)

ပြောင်းမြွေများသည် ၎င်းတို့၏အသက်အရွယ်နှင့် တွေ့ရှိရသည့် ဒေသပေါ်မူတည်၍ လိမ္မော်မှ အညိုရောင်အထိ အရောင်မျိုးစုံရှိသည်။ အခြားခွဲခြားသိမြင်နိုင်သော အင်္ဂါရပ်များမှာ ၎င်းတို့၏အောက်ဘက်တွင် အနက်နှင့် အဖြူအမှတ်အသားများသည် တစ်ကန့်စီရှိနေသည်။

ပြောင်းမြွေအပေါ် စိတ်ဝင်စားစရာကောင်းသော ကွဲပြားမှုမှာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှာ အကြေးခွံ အနည်းငယ်မျှသာ ရှိသည်။ အကြေးခွံမရှိခြင်းသည် သဘာဝမျိုးဗီဇပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။

ယေဘူယျအားဖြင့် မြေပြင်အမျိုးမျိုးကိုဖြတ်၍ ရွေ့လျားသွားလာနိုင်ရန် ကူညီပေးသည့် ဝမ်းဗိုက်အကြေးခွံများရှိသည်။ ပြောင်းမြွေများသည် သိမ်မွေ့နူးညံ့သော သဘောသဘာဝရှိပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် လူကြိုက်များပြီး အဆိပ်မရှိသော မြွေအမျိုးအစားလည်း ဖြစ်သည်။

Author:မြတ်မင်း
From:knowledge light , Source: 9 Gorgeous Snake Species Around The World.

Leave a Reply

Your email address will not be published.