ကမ္ဘာပေါ်က အစောဆုံးနှင့် သက်တမ်းအရှည်ဆုံး ဟိုတယ်ကြီး

ကမ္ဘာပေါ်က အစောဆုံးနှင့် သက်တမ်းအရှည်ဆုံး ဟိုတယ်ကြီး

ဂျပန်နိုင်ငံ၊ ယာမာနာရှီ စီရင်စုနယ်၊ ဟာယာကာဝါမြို့မှာ တည်ရှိတဲ့ နီဆီယားမား အွန်ဆင်း ကေးန်ကန်(Nishiyama Onsen Keiunkan) ဟိုတယ်ဟာ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး အလွန်ကျော်ကြားပါတယ်။

အဲဒီဟိုတယ် ဖွင့်လှစ်ထားတာဟာ နှစ်ပေါင်းထောင်ချီရှိပြီ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အစောဆုံးဟိုတယ်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံထားရတဲ့ ဟိုတယ်ဖြစ်ပါတယ်။

နီဆီယားမား အွန်ဆင်းကေးန်ကန် ဟိုတယ်ဟာ ရေပူစမ်းဟိုတယ်အမျိုးအစားဖြစ်ပါတယ်။ သာယာလှပတဲ့ အကိုင်းရှီတောင်တန်းရဲ့ခြေရင်းမှာ တည်ရှိနေတာဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်ကတည်းက ဟာကူဟိုရေပူစမ်းမှရေကို တိုက်ရိုက် သွယ်ယူထားပြီး ရေချိုးကန်တွေကိုပါ တွဲဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဟိုတယ်ကို အေဒီ ၇၀၅ ကာလကတည်းက ဖူဂျီဝါရာမာဟီတိုက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဖူဂျီဝါရာမာဟီတို ဟာ ၃၈ ယောက်မြောက် ဂျပန်ဧကရာဇ် Terji လက်ထောက်ဖြစ်သူရဲ့သား ဖြစ်ပါတယ်။

အဲဒီခေတ် အဲဒီခါကတည်းက ရေပန်းစားခဲ့ပြီး ဆာမူရိုင်းတွေဟာ ဒီဟိုတယ်နဲ့ ရေပူစမ်းမှာ မကြာခဏလာရောက် အပန်းဖြေလေ့ ရှိတယ်လို့ သိရပါတယ်။ ဒီအထဲမှာ ရှေးခေတ်ဂျပန်ပြည်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ တကီဒါရှင်ဂန်းနဲ့ တိုကူရာဝါလီရဆု တို့တောင် လာရောက်အပန်းဖြေတဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။

ဟိုတယ်ရဲ့ ရေပူစမ်းမှာ ရေပူစိမ်ခြင်းဖြင့် အနာရောဂါ ပျောက်ကင်းတာ ရှိခဲ့တာကြောင့် ဂျပန်နိုင်ငံ တဝှမ်းမှာ ကျော်ကြားခဲ့ပါတယ်။ ရေပူစမ်း စိမ်ခြင်းဟာ ကျန်းမာရေးကိုကောင်းစေတယ်ဆိုတဲ့ အယူအဆဟာလည်း အဲဒီကတည်းက ပေါ်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒီဟိုတယ်ကို သားစဉ်မြေးဆက် အမွေဆက်ခံစောင့်ရှောက်ပြီး နှစ်ပေါင်းများစွာ အပျက်စီးမခံဘဲ ဖွင့်လှစ်လာခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်ထိဆိုရင် ခေတ်အဆက်ဆက်စောင့်ရှောက်ခဲ့တဲ့ မျိုးဆက်ပေါင်းဟာ ၅၂ ဆက်ရှိသွားပြီဖြစ်သလို ဟိုတယ်ရဲ့သက်တမ်းကလဲ နှစ်ပေါင်း ၁၃၁၃ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အပျက်စီးမခံဘဲ ခေတ်ကာလ အခြေအနေအမျိုးမျိုးမှာ ဖွင့်လှစ်နိုင်ခဲ့တာဟာလည်း အတော်ကို အံ့သြစရာကောင်းလှပါတယ်။

မူလကတော့ အဆောက်အအုံတွေကို ဂျပန်ရိုးရာဗိသုကာအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ ၁၉၉၇ ခုနှစ်မှာတော့ ခေတ်သစ်ဗိသုကာပုံစံတွေကိုပါ ထည့်သွင်းပေါင်းစပ်ပြီး အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ပါတယ်။

ကေးန်ကန်ဟိုတယ်ဟာ အထပ် ၄ ထပ်၊ ဖြစ်သလို အခန်းစုစုပေါင်း ၃၇ ခန်း ရှိပါတယ်။ အခန်းတိုင်း အခန်းတိုင်းမှာ ရေနွေးစိမ်ကန်တွေကိုလဲ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တစ်ခုနဲ့ လသာဆောင်တွေလဲ ပါဝင်နေပါတယ်။

အခန်းတွေထဲမှာတော့ ဂျပန်ရိုးရာ တာတာမိဖျာနဲ့အတူ ရိုးရာအပြင်အဆင်တွေကို ခေတ်မီအောင် ပြင်ဆင်ထားပါတယ်။ သာယာအေးချမ်းတဲ့နေရာမှာတည်ရှိတဲ့ ကေးန်ကန်ဟိုတယ်ဟာ ရေပူစမ်းတွေကိုလဲ ပုံစံမျိုးစုံနဲ့ တည်ဆောက်ထားပါတယ်။

၂ဝ၁၇ ခုနှစ်မှာတော့ ကေးန်ကန်ဟိုတယ်ရဲ့ပိုင်ဆိုင်မှုကို ယုရှီမဟိုတယ်လုပ်ငန်း လွှဲပြောင်းယူခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကေးန်ကန်ဟိုတယ်ကို ကမ္ဘာ့အစောဆုံး ဟိုတယ်အဖြစ် အသိအမှတ်ပြုကာ ဂင်းနစ်မှတ်တမ်းတင်ခဲ့ပြီး ယနေ့အချိန်အထိတိုင်ဖွင့် လှစ်နေဆဲဖြစ်တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးဟိုတယ်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.