တစ္ဆေလင်းနို့တွေလို အစွမ်းရှိတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဒရုန်းသစ် MQ-28A Ghost Bat

တစ္ဆေလင်းနို့တွေလို အစွမ်းရှိတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဒရုန်းသစ် MQ-28A Ghost Bat

ဘိုးရင်းကုမ္ပဏီရဲ့ ဩစတြေးလျ အခြေစိုက်ကုမ္ပဏီခွဲက ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေးဒရုန်း အမျိုးအစားသစ်ကို MQ-28A Ghost Bat(တစ္ဆေလင်းနို့)လို့ တရားဝင် အမည်ပေးခဲ့ပါတယ်။

ဒီဒရုန်းဟာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး တိုက်လေယာဉ်မှူးတွေကို ဝေဟင်မှာ ကူညီပေးမယ့် မောင်းသူမဲ့ Loyal Wingman စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဩစတြေးလျနိုင်ငံမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

တစ္ဆေလင်းနို့ (Ghost Bat)ဆိုတာ ဩစတြေးလျနိုင်ငံတွင်သာ တွေ့ရှိရတဲ့ အသားစားလင်းနို့ မျိုးစိတ်တစ်ခုရဲ့ အမည်ဖြစ်ပါတယ်။ အဲဒီအမည်ကို အစွဲပြုပြီး ထိုကဲ့သို့ မှည့်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ghost Bat ဒရုန်းဟာ တစ္ဆေလင်းနို့ကဲ့သို့ပင် အာရုံခံကိရိယာများကို အသုံးပြုထားကာ ပစ်မှတ်သားကောင်ရဲ့ တည်နေရာကို ထောက်လှမ်းရှာဖွေနိုင်ပါတယ်။ မြေပြင်နှင့် ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်ရာမှာ လူလိုက်ပါသော တိုက်လေယာဉ်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။

“တစ္ဆေလင်းနို့တွေဟာ အုပ်စုဖွဲ့ပြီး အမဲလိုက်ကြသလို Ghost Bat ဒရုန်းကလည်း အုပ်စုဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင် စွမ်းရှိပါတယ်”လို့ ဩစတြေးလျအခြေစိုက် ဘိုးရင်း ကုမ္ပဏီခွဲ၏ ညွှန်ကြားရေးမှူး ဆိုထားပါတယ်။

Ghost Bat ဒရုန်းရဲ့ စစ်ဘက်သုံးအမည်မှာ MQ-28A ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ သတ်မှတ်ချက် အစဉ်အလာများအရ M သည် Multi-mission (ဘက်စုံသုံး)ကို ကိုယ်စားပြုပြီး Q သည် Drone (ဒရုန်း)ကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် MQ-28A Ghost Bat ဟာ ဘက်စုံသုံး တိုက်ခိုက်ရေးဒရုန်း အမျိုးအစားဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ၎င်းတို့ရဲ့ အဆင့်မြင့် တိုက်ခိုက်ရေးဒရုန်းတွေကို ပြည်ပသို့ တင်ပို့ရောင်းချခွင့် မပြုဘဲ တားမြစ်ပိတ်ပင်လေ့ရှိပါတယ်။

သို့သော် Ghost Bat ဟာ ဩစတြေးလျမှာ တီထွင်ထုတ်လုပ်ခြင်းဖြစ်လို့ အမေရိကန်အစိုးရရဲ့ တားမြစ်ကန့်သတ်မှုများနှင့် အကျုံးဝင်မှု ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဩစတြေးလျနိုင်ငံတွင်သာတွေ့ရှိရတဲ့ တစ္ဆေလင်းနို့များဟာ အကောင်ငယ်သော ငှက်များ၊ ကြွက်များ၊ အင်းဆက်ပိုးမွှားများ၊ ပင့်ကူများကို ဖမ်းဆီးစားသောက်ကြပါတယ်။

တစ္ဆေကဲ့သို့ ဖြူဆွတ်သော အရောင်ရှိပြီး ညအချိန်မှာ အမဲလိုက်ကြပါတယ်။ Ghost Bat ဒရုန်းဟာ အဆိုပါ တစ္ဆေလင်းနို့များကို အတုခိုးကာ ဖန်တီးထားခြင်းဖြစ်သည်ဟု သိရပါတယ်။

ဘိုးရင်းကုမ္ပဏီဟာ Ghost Bat ဒရုန်းကို ဩစတြေးလျလေတပ်အတွက် တီထွင်ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။

အမေရိကန် လေတပ်၊ ရေတပ်နှင့် မရိန်း တပ်ဖွဲ့များကလည်း အဆိုပါ ဒရုန်းကို ဝယ်ယူအသုံးပြုလာနိုင်သည်ဟု လေ့လာသူများက ခန့်မှန်း သုံးသပ်ထားကြောင်း တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *