ထူးထူးခြားခြား ကျောက်တုံးတွေနဲ့ ဆောက်တဲ့ ရွာလေး

ထူးထူးခြားခြား ကျောက်တုံးတွေနဲ့ ဆောက်တဲ့ ရွာလေး

ပေါ်တူဂီနိုင်ငံက စိတ်ဝင်စားဖွယ်ရာ မွန်ဆန်တို (Monsanto) ရွာကလေး အကြောင်းပြောပြရင် မွန်ဆန်တိုရွာကလေးဟာ ထူးထူးဆန်းဆန်း နှစ်သက်စဖွယ်ကောင်းလှတဲ့ တောင်စောင်းပေါ်မှာ တည်ထားတဲ့ ရွာလေးဖြစ်ပါတယ်။

ဘယ်လိုများလဲဆိုရင်ဖြင့် အဲဒီရွာလေးကို ရောက်သွားသူတိုင်းဟာ ရွာရဲ့ထူးခြားမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ရင်သပ်ရှုမော ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

ရွာရှိတဲ့ အိမ်တွေဟာ သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ  ကြီးမားလှတဲ့ ဂရင်းနိုက် ကျောက်တုံး ကျောက်ဆောင်ကြီးတွေကြားထဲမှာ ဆောက်လုပ်ထားကြတာပါ။

အချို့အိမ်တွေကတော့ ကျောက်တုံးကို ထွင်းဖောက်ပြီး ဆောက်လုပ်ထားကြပါတယ်။တစ်ချို့ကတော့ ကျောက်တုံးအရွယ်တော်များနဲ့ တည်ဆောက်ထားကြပါတယ်။

လမ်းတွေဟာဆိုရင်လည်း ကျောက်တုံးတွေကြားထဲမှာ ကွေ့ပတ်ဖောက်လုပ်ထားပြီး အချို့လမ်းတွေဆိုရင် ကျောက်တုံးကိုထွင်းပြီးမှ ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

မွန်ဆန်တို(Mansanto) ရွာလေးဟာ ရှေးကျပြီး ပေါ်တူဂီဆန်လွန်းတဲ့ ဒေသဖြစ်ပါတယ်။ရှေးခေတ်ကတည်းက ပေါ်တူဂီလူမျိုးတွေဟာ ဒီဒေသက တောင်စောင်း တစ်လျှောက်မှာရှိတဲ့ ကျောက်တုံးတွေကြားထဲမှာ အိမ်ခြေဆောက်လုပ်ပြီး အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

၁၉၈၃ခုနှစ်မှာ မွန်ဆန်တိုရွာ လေးကို ပေါ်တူဂီနိုင်ငံရဲ့ အဆန်ဆုံး ဒေသအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ထိုစဉ်ကတည်းက မွန်ဆန်တို ရွာကလေးမှာ အဆောက်အဦးအသစ်တွေ ဆောက်လုပ်တာကို ကန့်သတ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဆယ်စုနှစ် များစွာကြာလာပေမဲ့ ရွာလေးရဲ့ မြင်ကွင်းဟာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါဘူး။ ရှေးခေတ်က ဆောက်လုပ်ခဲ့တဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်အတိုင်း ရှိနေပါတယ်။

ရှေးခေတ်ဆောက်လုပ်ခဲ့တဲ့ အိမ်ပုံစံတွေ များပြားစွာ ရှိနေခဲ့တာကြောင့် ရှေးခေတ်လက်ရာအတိုင်း ထိမ်းသိမ်းထားနိုင်တဲ့ ဒေသလို့ ဆိုနိုင်ပါတယ်။ အိမ်တွေကိုလည်း အမိုးအနီရောင်များဆင်တူ သုတ်ထားကြပါတယ်။

ကျေးရွာမှာရှိတဲ့ အိမ်တွေကို ရုတ်တရက်ကြည့်လိုက်ရင် ကျောက်တုံးကြီးတွေ ဖိညှပ်ခံထားရသလို မြင်တွေ့ရပါတယ်။ အချို့တော့ ဒီ‌ရွာလေးဟာ ဆင်းဒဝစ်နဲ့ တူတယ်လို့ ပြောကြပါတယ်။

ဘာလို့လဲဆိုတော့ ပေါင်မုန့်နှစ်ခုကြားမှာ အသားညှပ်ထားသလို၊ ဒီ‌ရွာလေးက အိမ်တွေကလည်း ကျာက်တုံးတွေကြားထဲမှာ ကပ်ကပ်သပ်သပ် ညှပ်ပိတ်ပြီး တည်ဆောက်ထားတာမို့ပါ။

ရွာရဲ့ လမ်းတွေဟာ ကျောက်တုံးတွေကြား ဖောက်လုပ်ရတာဖြစ်လို့ ကျဉ်းမြောင်းလွန်းလှပြီး မြည်းတစ်ကောင်စာ ဖြတ်သန်းနိုင်ရုံလောက်သာ အကျယ်ရှိတဲ့ လမ်းတွေပဲ ရှိနေပါတယ်။

တောင်ထိပ်ပေါ်အထိ ဖောက်လုပ်ထားတဲ့ လမ်းမဟာ လှေကားထစ်ပေါင်း များစွာနဲ့အတူ ပေလေးရာခန့်အထိ တောက်လျောက် အတက်လမ်း ဖြစ်ပါတယ်။ 

အချို့အိမ်တွေက ကျောက်တုံးကြီးတွေနဲ့ ဆောက်တာမဟုတ်ပေမဲ့ ကျောက်ပြား၊ ကျောက်တုံးငယ်များနဲ့ တည်ဆောက်ထားပြီး ရွာလမ်းတစ်လျှောက်ကိုလည်း ကျောက်ပြားများ သပ်ရပ်စွာ ခင်းထားပါတယ်။

‌ရွာရဲ့ တောင်ထိပ်ပေါ်မှာတော့ ပျက်စီး ယိုယွင်းနေပြီဖြစ်တဲ့  ရှေးဟောင်း ရဲတိုက်ကြီး ရှိနေပါတယ်။ ကျောက်တုံးတွေကြားမှာ တည်ထားတဲ့ ကျေးရွာဖြစ်တဲ့အပြင် ရှေးခေတ်လက်ရာ အဆောက်အဦးများ၊

ရှေးကျတဲ့ ကျောက်တုံးတည်ဆောက်ခြင်း အတတ်ပညာ လက်ရာများစွာ ရှိနေတဲ့ ဒေသဖြစ်တာကြောင့်လည်း မွန်ဆန်တို(Monsanto) ရွာလေးကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း အခြားသော မြို့များနဲ့မတူ တမူထူးခြားတဲ့လက်ရာ ဒီဇိုင်းတွေနဲ့ ကျောက်တုံးတွေကြားက ရှေးခေတ် ပေါ်တူဂီရွာကလေးဟာ စိတ်ဝင်စားဖွယ် နေရာတစ်ခုအဖြစ်ရှိနေပြီး ခရီးသွားဧည့်သည်များစွာ လာရောက်အပန်းဖြေရာနေတစ်ခုလည်း ဖြစ်ပါတယ်။

Source-အစိမ်းရောင်လွင်ပြင်

Leave a Reply

Your email address will not be published. Required fields are marked *