လေယာဉ်အင်ဂျင်နီယာ
လေယာဉ်နဲ့ ခရီးသွားကြတဲ့အခါ ခရီးသည်တွေ သတိထားမိတာကတော့ လေယာဉ်မှူးများနဲ့ လေယာဉ်မောင်မယ်များသာ ဖြစ်ပါလိမ့်မယ်။
လေယာဉ်ရဲ့အတောင်ပံ အစွန်းနားမှာရပ်ရင်း ထွက်ခွာသွားတဲ့ လေယာဉ်ကို လက်ပြနေတဲ့ အင်ဂျင်နီယာနဲ့ မက္ကင်းနစ်များကိုတော့ သတိထားမိမယ် မထင်ပါဘူး။
အခု ပြောပြချင်တာကတော့လေယာဉ်ကို ပြုပြင်ထိန်းသိမ်းကြတဲ့ သူတို့အကြောင်းပါ။ ဟုတ်ပါတယ် လေယာဉ်တစ်စီး လေထဲမှာချောမွေ့စွာပျံသန်းပြီး လိုရာခရီးကိုရောက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။
လေယာဥ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ မလွယ်သလို တာဝန်တွေကလဲ ခက်ခဲပါတယ်။ လုံလောက်တဲ့ပညာအရည်အချင်း ရှိရပါမယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် စက်မှုကျောင်းတစ်ခုခုမှ ဘွဲ့ရဖြစ်ရပါမယ်။
အလုပ်မှာလည်း သတ်မှတ်ကာလနဲ့ အတွေ့အကြုံရှိရပါမယ်။( ဥပမာ ၂ နှစ်သို့မဟုတ် ၃ နှစ် ) ပါ။ သတ်မှတ်ကာလပြည့်ရုံနဲ့ မရသေးပါဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ လေကြောင်းဦးစီးဌာနမှာ လေကြောင်းဥပဒေ ဘာသာရပ်( Airlegislation ) အပြင် လေယာဉ်ရဲ့ အခြေခံဆိုင်ရာ ဘာသာရပ် အမျိုးမျိုးကို ရေးဖြေ၊ နှုတ်ဖြေ ( လိုအပ်ရင် လက်တွေ့ပါ ပါပါတယ် )ကို ဖြေဆိုအောင်မြင်မှသာ အင်ဂျင်နီယာဖြစ်မှာပါ။
ဒါ့အပြင် type rated ဖြစ်ဖို့အတွက် မိမိသက်ဆိုင်ရာလေယာဉ်အမျိုးအစားအလိုက် သင်တန်းတက်ရောက်အောင်မြင်ပြီးသူလဲ ဖြစ်ရပါမယ်။ ( ဥပမာ Boeing or Embraer or ATR 42/ 72 စသဖြင့် )ဒါမှသာ လေယာဉ်ကို ပြုပြင်ထိန်းသိမ်းခွင့်လိုင်စင်ရရှိမှာပါ။
ယနေ့ခေတ် ဥရောပနဲ့အာရှ နိုင်ငံတော်တော်များများမှာ EASA ( European Aviation Safety Agency ) ရဲ့ ဥပဒေအတိုင်း B1 လိုင်စင်နဲ့ B2 လိုင်စင်ဆိုပြီး နှစ်မျိုးခွဲခြားထုပ်ပေးပါတယ် ။
B1 ကတော့ ကိုယ်ထည်နဲ့ အင်ဂျင်ပိုင်းဆိုင်ရာပြုပြင်ပါတယ်။ B2 ကတော့ Avionics လို့ခေါ်တဲ့ Aviation Electronic ပိုင်းမှာ တာဝန်ရှိပါတယ်။ အမေရိကန် FAA ( Faderal Aviation Administration) ရဲ့သတ်မှတ်ချက်ကတော့ ဥရောပနဲ့ အနဲငယ်ကွဲပြားပါတယ်။
အင်ဂျင်နီယာတဦးတည်းက B1 ရော ၊ B2 လိုင်စင်ပါ ဖြေဆိုအောင်မြင်ရင် လိုင်စင်၂ ခုစလုံး ကိုင်တွယ်ဆောင်ရွက်နိုင်ပါတယ်။
အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပြီဆိုရင်လဲ တာဝန်တွေက များလာပါပြီ။လေယာဉ်ကို Serviceable ဖြစ်ဖို့ တာဝန်ယူရပါတယ်။ သက်ဆိုင်ရာ ဂျူတီအလိုက် နေ့/ ည အလုပ်ဆင်းရပါတယ်။
လေယာဉ်အချိန်မှီ ထွက်ခွာနိုင်ဖို့လဲ တာဝန်ရှိလာပါပြီ။ သက်ဆိုင်ရာ shift ဂျူတီအလိုက် နွေရာသီပူပြင်းတဲ့ နေရောင်အောက် ၊မိုးရာသီ မိုးစက်တွေကြား ဆောင်းရာသီ ချမ်းအေးမှုတွေကြား မနားနိုင်ပဲ လုပ်ကိုင်ရပါတယ်။
ဒီလို ခက်ခဲတဲ့အခြေအနေကြားက လေယာဉ် လုံးဝကောင်းမွန်နေစေဖို့ အဓိကထား လုပ်ကိုင်ရပါတယ်။ မိမိရဲ့ အမှားတစ်ချက်ကြောင့် အသက်ပေါင်းများစွာ ထိခိုက်နိုင်တယ်ဆိုတာ အမြဲသတိရှိနေကြရပါတယ်။
အင်ဂျင်စက်သံရဲ့ ဆူညံမှုဒါဏ်ကိုလဲ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ပြုပြင်ထိန်းသိမ်းမှု (Maintenance ) လုပ်ရာမှာလဲ သက်ဆိုင်ရာ လက်စွဲစာအုပ် ( Aircraft Manual ) များကို သေချာစွာဖတ်ရှုပြီး တစ်ဆင့်ချင်း လုပ်ကိုင်ရတာမျိုးပါ။
သတ်မှတ်ထားတဲ့ ကရိယာ ( Tools and Equipments ) များကိုသာအသုံးပြုပြီး ပြင်ဆင်ကြရပါတယ်။ လေယာဉ်ကိုလဲ အပစ်အနာအဆာ ( snag ) ရှိမှ မဟုတ်ပဲ ပြန်လည်ဆိုက်ရောက်ချိန် (Turn around ) နေစဉ်ပုံမှန်စစ်ဆေးမှု ( Daily inspection ) မထွက်ခွာမှီစစ်ဆေးခြင်း ( Pre-departure inspection ) ဆိုပြီး အမြဲစစ်ဆေးလက်မှတ်ရေးထိုးကြရပါတယ်။
သတ်မှတ်ကာလတိုင်းမှာလဲ မွမ်းမံသင်တန်း (Refresher Course)တွေတက်ရောက်ပြီး ခေတ်ပေါ်နည်းပညာများ ထပ်မံဆည်းပူးရပါသေးတယ်။ လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ရင်လဲ သတ်မှတ်ကာလအတွင်း ပြင်ဆင်ထားသူ လက်မှတ်ထိုးထားသူ အင်ဂျင်နီယာက အရင်ဆုံးဖြေရှင်းချက် ပေးဖို့တာဝန်ရှိပါတယ်။
မှားယွင်းခဲ့ရင်လဲ တာဝန်ယူမှု တာဝန်ခံမှုအရ ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှု ကိုခံရမှာဖြစ်ပါတယ်။ ဒီလို အခက်အခဲ ဖိအားတွေကြားက အသက်မွေးဝမ်းကြောင်း နေကြတဲ့လေယာဉ်အင်ဂျင်နီယာတွေရဲ့ Ethic ကတော့ လေယာဉ်များ လုံခြုံစိတ်ချစွာပျံသန်းနိုင်ရေးနဲ့ လေယာဉ်မှူး လေယာဉ်မောင်မယ်များ အပါအဝင် ခရီးသည်များ အားလုံး ဘေးကင်းလုံခြုံရေးသာ အဓိကလို့ ခံယူထားကြပါတယ်။
ဒီအကြောင်းအရာလေးကို လက်လှမ်းမီသလောက်တင်ပြရင်း လေယာဉ်အင်ဂျင်နီယာများကို လေးစားဦးညွှတ်လျက်ရှိပါကြောင်း။