ဦးအောင်ဇေယျမှ ဒုတိယမြောက် ဂျော့ချ်ဘုရင်ထံပေးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရွှေပေလွှာအကြောင်း

ဦးအောင်ဇေယျမှ အင်္ဂလန်ဂျော့ချ်ဘုရင်ထံပေးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရွှေပေလွှာအကြောင်း

တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်သွားခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဒုတိယမြောက် ဂျော့ချ်ဘုရင်ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့သော ရွှေပေလွှာမှာ နှစ်ပေါင်း ၂၅၀ ကျော် သက်တန်းရှိပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ရွှေပေလွှာဖြစ်ပါတယ်။

ယင်းရွှေပေလွှာသည် ၁၇၅၆ ခုနှစ် မေလ (၇) ရက်နေ့မှာ မြန်မာဘုရင်
အလောင်းမင်းတရားကြီးသည် အင်္ဂလန်နိုင်ငံ၏ ဘုရင်တစ်ပါးဖြစ်သော ဒုတိယမြောက်ဂျော့ချ်ဘုရင်ထံချစ်ကြည်ရေး ကမ်းလှမ်းတဲ့ရွှေပေလွှာဖြစ်ပါတယ်။

အဲဒီပေလွှာရဲ့ ပုံသဏ္ဌာန်က ထောင့်မှန်စတုဂံပုံ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေပြားချပ်ဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ မြန်မာစာလုံး စာကြောင်း (၁၀) ကြောင်း ရေးထွင်းထားကာ အစွန်းနှစ်ဖက်မှာ ပတ္တမြား ၁၂ လုံးစီ မြှုတ်နှံထားပြီး ၂၄-လုံး တပ်ဆင်ထားပါတယ်။

ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခပ်နှိပ်ထားပါတယ်။ ရွှေပေလွှာဟာ ဂျော့ချ်ဘုရင်မင်း၏ဇာတိ ဂျာမနီနိုင်ငံ Hanover မြို့ကလေးမှာရှိတဲ့ Gottfried Wilhelm Leibniz စာကြည့်တိုက်၏ စတိုခန်းကလေးမှာ နှစ်ပေါင်း ၂၅၀ ကျော်တိုင်လူမသိသူမသိ ရှိနေခဲ့ရာမှ စာကြည့်တိုက်မှူးက တွေ့ရှိခဲ့ပြီး

ရှေးဟောင်းအသုံးအဆောင် ပစ္စည်းတွေမှာ ထွင်းထုထားတဲ့ ကျောက်စာတွေကို အထူးပြုလေ့လာတဲ့ ပြင်သစ်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါထံ အကူအညီတောင်းခံရာက အလောင်း မင်းတရားကြီးပို့ခဲ့တဲ့ ရွှေပေလွှာ ဖြစ်ကြောင်းကို ၂၀၀၇ ခုနှစ်မှာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“သမိုင်းတန်ဖိုး အလွန်ကြီးမားပြီး အနုပညာလက်ရာမြောက်တဲ့ ရွှေပေလွှာ ဖြစ်တဲ့အပြင် နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့ ရွှေပေလွှာတစ်ခု ဖြစ်ပါတယ်” လို့မစ္စတာ ဂျက်လိုင်ဒါက သူလေ့လာဖေါ်ထုတ်ခဲ့တဲ့ ရွှေပေလွှာဖြစ်ကြောင်းကို ပြောပြပါတယ်။

“ရွှေပေလွှာ ဘယ်ကလာသလဲဆိုတာ ဖေါ်ထုတ်ပေးဖို့ ပြတိုက်မှူးကအကူအညီတောင်းတယ်၊ ရွှေပေလွှာက နှစ်ကာလ တော်တော်ကြာပြီဆိုတော့ဟောင်းနွမ်းနေပြီ ဒါပေမဲ့ ပေလွှာပေါ်က စာလုံးတွေနဲ့ ပေလွှာရဲ့ပုံစံ အနေအထားကတော့ မပျက်ပါဘူး။

ဒါပေမဲ့ သူရဲ့မူရင်း ပိုင်ဆိုင်သူကို သိရဖို့ နာရီပေါင်းများစွာ မှန်ဘီလူးသုံးပြီးတော်တော်လေး ကြိုးစားဖော်ထုတ်ခဲ့ရတယ်” လို့သူကဆိုပါတယ်။“ဒီလို လေ့လာဖော်ထုတ်မှုကနေတစ်ဆင့် ဒေါက်တာ ဂျက်လိုင်ဒါက အလောင်းမင်းတရားကြီးမှ ဂျော့ချ်ဘုရင်ထံ ပေးဖို့စာ (၁၇၅၆ ခုနှစ်၊ မေလ ၇ ရက်နေ့) ဆိုတဲ့ စာတမ်းကို ၂၀၀၉ ခုနှစ်မှာ သူရေးသားပြုစုခဲ့တယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၁၄၁ မျက်နှာ ပါဝင်တဲ့ အဲဒီစာတမ်းမှာ အလောင်းမင်းတရားကြီး အုပ်စိုးစဉ်ကစစ်ပွဲအကြောင်းတွေနဲ့ သံတမန်ဆက်ဆံရေး အကြောင်းတွေကိုပါအသေးစိတ်လေ့လာစိတ်ဖြာပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျော့ချ်ဘုရင်ထံအလောင်းမင်းတရားကြီး ပေးပို့တဲ့အချိန်မှာ မင်းတရားကြီး၏ မြန်မာနိုင်ငံတော်ဟာမြောက်ပိုင်းကနေစလို့ တောင်ပိုင်းအထိနိုင်ငံရေးခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်” လို့ဒေါက်တာဂျက်လိုင်ဒါက ဆိုပါတယ်။

၁၇၅၄ ခုနှစ်မှာ အင်းဝနေပြည်တော်ကို သိမ်းယူအပြီး အထက်မြန်မာပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ တောင်ပိုင်းကို သိမ်းယူနိုင်ဖို့အတွက် စစ်လက်နှက်တွေ လိုအပ်တယ်လို့တွေးကာ အင်္ဂလိပ်ဘုရင်နဲ့မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ပြီး ၊

အဲဒီအချိန်တုန်းက လိုအပ်တဲ့ ထောက်ပံ့မှုတွေအတွက်အားကိုးနေရတဲ့ အရှေ့ အိန္ဒိယ ကုမ္ဗဏီကနေတစ်ဆင့် အိန္ဒိယနိုင်ငံ မဒရပ်မြို့ကနေ ၁၇ ၅၆ ခုနှစ်မေလမှာ ချစ်ကြည်ရေး ရွှေပေလွှာကိုပေးပို့လိုက်ပါတယ်။

“အဲဒီ ရွှေပေလွှာကို ၁၇၅၈ ခုနှစ်ကျမှ အင်္ဂလန်ဘုရင်ဒုတိယမြောက်ဂျော့ချ်ထံကို
ရောက်ရှိခဲ့ပါတယ်၊ စာအိပ်ပေါ်မှာလည်း မဒရပ်ကနေ ရောက်လာတဲ့ အိန္ဒိယမင်းသားထံကစာဆိုပြီး မှားယွင်းဖော်ပြထားပါတယ်တဲ့။

အင်္ဂလိပ်ဘုရင်ကလည်း စာမပြန်ခဲ့တဲ့အပြင်သူ့ဇာတိ ဟန်နိုဗာမြို့( Hanover )ကစာကြည့် တိုက် ဆီသို့ အဲဒီစာကို တန်းပို့လိုက်ပါတယ်။

ဂျော့ချ်ဘုရင်ကလည်း တိုင်းတစ်ပါးကလာတဲ့ အနုပညာ လက်ရာမြောက်တဲ့စာအဖြစ်လောက်သာ အသိအမှတ်ပြုခဲ့ပြီး နိုင်ငံရေးအရတော့စိတ်ဝင်စားခဲ့ပုံမရပါဘူးတဲ့။

နောက်ပြီးတော့ အင်္ဂလိပ် ဂျော့ချ်ဘုရင်က စာမပြန်တဲ့အတွက်အလောင်းမင်းတရားကြီး၏ ချစ်ကြည်ရေး ပဏာမ ချဉ်းကပ်မှုဟာ ပျက်ပြယ်သွားခဲ့ရသလိုသြဇာတိက္ကမ ကြီးမားတဲ့သူမို့ သူ့ကို အသိအမှတ်မပြုဘူးဆိုပြီး ထိခိုက်ခံစားရလိမ့်မယ်လို့ယူဆရတယ်” လို့ ဒေါက်တာ ဂျက်လိုင်ဒါက ပြောပါတယ်။

အငြိမ်းစား စာကြည့်တိုက်မှူးဒေါက်တာ သော်ကောင်းကလည်း အင်္ဂလိပ်ဂျော့ချ်ဘုရင်ဟာ မြန်မာဘုရင်ဘယ်လောက်သြဇာအာဏာရှိပြီး အောင်မြင်တယ်ဆိုတာ မသိတဲ့အပြင် ဘုရင်တစ်ပါးကနောက်ဘုရင်တစ်ပါးဆီ ချစ်ကြည်ရေးစာ ကမ်းလှမ်းတဲ့အခါ စာပြန်ကို ပြန်သင့်တယ်လို့သူ့၏အမြင်ကိုဆိုခဲ့ပါသေးတယ်။

“ချစ်ကြည်ရေး စာလွှာဟာ မအောင်မြင်ခဲ့ဘူး၊ စာပြန်ခြင်းလည်း မခံခဲ့ရဘူး၊
ဒီဘက်က စိတ်ရင်း စေတနာကောင်းနဲ့ ကမ်းလှမ်းတာကို ဟိုဘက်က တန်ဖိုးမသိဘူး?အရေးကြီးမှန်းလည်း မသိဘူး၊ အလောင်းမင်းတရားကြီးဘက်က ကြည့်ပြန်တော့လည်းငါလိုဘုရင်တစ်ပါးရဲ့ စာကိုတောင် မပြန်ဘူးဆိုပြီး တော်တော် စိတ်နာသွားပုံရတယ် လို့ပြောပါတယ်။

ရွှေပေလွှာပေါ်ကစာကို အလောင်းမင်းတရားကြီးရဲ့ ယုံကြည်အားကိုးရတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ မှတ်တမ်းရေးဆရာ လက်ဝဲနော်ရထာက ရေးခဲ့တာဖြစ်ပါတယ်။

အလောင်းမင်းတရားကြီး ရွှေနုတ်နဲ့ မိန့်တာကို သူက စာချောအောင် ပေပုရပိုက်ပေါ်မှာ ရေးခဲ့ပုံပေါ်ပါတယ်၊ ပြီးတော့မှ ဘုရင့်အိမ်တော်မှာ ကျွမ်းကျင်တဲ့အမှုတော်ထမ်းတွေက ရွှေအစစ်ပေါ်မှာ လက်ဝဲနော်ရထာ စပ်ဆိုထားတဲ့စာကို ပြန်လည်ရေးထွင်းပြီး ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ ထည့်ပြီး ပို့တာပါ” လို့ဒေါတာဂျက်လိုင်ဒါ၏ ၁၄၁ မျက်နှာပါတဲ့စာတမ်းမှာ ဆိုထားခဲ့ပါတယ်။

ဟန်နိုဗာမြို့ Gottfried Wihelm Leibniz စာကြည့်တိုက်မှာရှိတဲ့ အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာကို ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်ခဲ့ပါတယ် ။

Leave a Reply

Your email address will not be published.