ရုရှားနှင့်ယူကရိန်းနှစ်ဘက်စလုံး အပြိုင်အဆိုင် အသုံးပြုနေတဲ့ အသေခံတိုက်ခိုက်ရေးဒရုန်းများ

ရုရှားနှင့်ယူကရိန်းနှစ်ဘက်စလုံး အပြိုင်အဆိုင် အသုံးပြုနေတဲ့ အသေခံတိုက်ခိုက်ရေးဒရုန်းများ

ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ဟာ Kyb အမျိုးအစား ကာမိကာဇေ(အသေခံ) တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုနေပါတယ်။ ယူကရိန်းစစ်တပ်မှာလည်း အမေရိကန်ထံမှရရှိထားတဲ့ Switchblade ကာမိကာဇေ(အသေခံ) တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုနေပါတယ်။

ဒီ ရုန်းတွေဟာ လေထဲမှာ မိနစ်သုံးဆယ်လောက် ပျံဝဲစောင့်ကြည့်နေနိုင်ပြီး ပစ်မှတ်ကို တွေ့ရှိအတည်ပြုပြီးတာနဲ့တပြိုင်နက် ပစ်မှတ်အပေါ် လျှင်မြန်တဲ့ အမြန်နှုန်းနဲ့တိုက်ရိုက်ထိုးစိုက် ဖေါက်ခွဲပစ်တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကာမိကာဇေ(kamikaze)(အသေခံ)ဒရုန်းလို့ ခေါ်ကြတာပါ။

၂ဝ၂ဝ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ အဇာဘိုင်ဂျန်-အာမေးနီးယားစစ်ပွဲမှာ အသေခံတိုက်ခိုက်ရေးဒရုန်းများကို နှစ်ဘက်စလုံးက အသုံးပြုခဲ့ကြပါတယ်။ အဲဒီစစ်ပွဲမှာ အသေခံတိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ယူကရိန်းစစ်ပွဲဟာ အသေခံဒရုန်းများကို အသုံးပြုတဲ့ ကမ္ဘာ့ဒုတိယမြောက် စစ်ပွဲဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ MQ-9 Reaper နှင့် တူရကီရဲ့ နာမည်ကျော် TB-2 Bayraktar ဒရုန်းတွေဟာ အရွယ်အစားကြီးမားသလို အကြိမ်ကြိမ်ပြန်လည်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဈေးလည်းကြီးပါတယ်။

အသေခံတိုက်ခိုက်ရေးဒရုန်းများကတော့ အရွယ်အစားသေးငယ်သလို ကုန်ကျစရိတ်တန်ဖိုးလည်း အလွန်ချိုသာပါတယ်။ တင့်ကားကဲ့သို့သော ရန်သူ တန်ဖိုးကြီးပစ်မှတ်များကို ထိထိရောက် ရောက်တိုက်ခိုက်ချေမှုန်းနိုင်ပါတယ်။ဈေးနှုန်းချိုသာတာ‌ကြောင့် ငွေကြေးအရလည်း တွက်ခြေကိုက်ပါတယ်။

ရုရှားရဲ့ Kyb ကာမိကာဇေဒရုန်း

ရုရှားစစ်တပ်ဟာ Kyb အသေခံတိုက်ခိုက်ရေးဒရုန်းကို ၂၀၁၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေပါတယ်။ Kyb အသေခံတိုက်ခိုက်ရေးဒရုန်းဟာ အနံလေးပေ၊ အလျားသုံးပေရှိပါတယ်။

မိနစ် ၃၀ ခန့် ဆက်တိုက်ပျံသန်းနိုင်ပါတယ်။ အမြန်နှုန်းက တစ်နာရီ မိုင် ၅ဝ မှ မိုင် ၈ဝ အထိ ရှိပါတယ်။ ရုရှားရဲ့ Kyb ဒရုန်းမှာ အာရုံခံကိရိယာများ မပါဝင်လို့ ပစ်မှတ်ကို ကိုယ်တိုင်ထောက်လှမ်းနိုင်စွမ်း မရှိပါဘူး။ ဒရုန်းကို မလွတ်တင်မီမှာ သွားရောက်တိုက်ခိုက်စေလိုသော ပစ်မှတ်ရဲ့တည်နေရာ ကိုဩဒိနိတ်အမှတ်များကို ထည့်သွင်းပေးရပါတယ်။

ရုရှားစစ်တပ်က ထပ်မံအဆင့်မြှင့်တင်ထားတဲ့ Kyb ဒရုန်းများမှာကတော့ ပုံရိပ်ဖော် အာရုံခံကိရိယာ ပါဝင်တာကြောင့် ရန်သူပစ်မှတ်များကို အလိုအလျောက် ရှာဖွေတိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

ရုရှား၏ Kyb အသေခံတိုက်ခိုက်ရေးဒရုန်းများကို ယူကရိန်းစစ်သားများက ရိုင်ဖယ်သေနတ်ဖြင့် ပစ်ချရန် ကြိုးပမ်းနေသော ဓာတ်ပုံများကို မြင်တွေ့ရသည်။ သို့သော် ရုရှားစစ်တပ်က မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်းကိုတော့ မသိရပါဘူး။

ယူကရိန်းစစ်တပ်မှာ အသုံးပြုနေတဲ့ Switchblade ဒရုန်း

ယူကရိန်းစစ်တပ်ဟာ အမေရိကန်ထံမှ Switchblade အသေခံတိုက်ခိုက်ရေးဒရုန်းပထမအကြိမ် အစင်း ၁၀၀ နဲ့ ဒုတိယအကြိမ် အစင်း ၃၀၀ ကို လက်ခံရရှိခဲ့ပါတယ်။ ၎င်းဒရုန်းဟာ လေထဲသို့ လွတ်တင်ရန် နှစ်မိနစ်ခန့်သာ အချိန်ပေးပြင်ဆင်ရပြီး စင်ရော်ငှက်တစ် ကောင်အရွယ်အစားခန့်သာ ရှိပါတယ်။

Switchblade ဒရုန်းကို အဝေးထိန်းစနစ် ဖြင့်ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ဒီဂျစ် တယ်မြေပုံပေါ်မှာ ပစ်မှတ်ကိုထောက်ကာ တိုက်ခိုက်ရန် စေခိုင်းနိုင်သလို ဒရုန်း တွင် တပ်ဆင်ထားသော ကင်မရာဖြင့်လည်း ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်နိုင်ပါတယ်။ ရုရှားရဲ့ Kybဒရုန်းထက် အရွယ်အစား ပိုငယ်ပြီး အလေးချိန် ငါးပေါင်ခွဲသာရှိတဲ့ Swissblade ဒရုန်းဟာ အမြန်နှုန်းတစ်နာရီ ၆၃ မိုင်မှ မိုင် ၁ဝဝ အထိပျံသန်းနိုင်ပါတယ်။

Switchblade ဒရုန်းဟာ ရန်သူကို နောက်ကျောဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့် ရုရှားတပ်ဖွဲ့များကို စိတ်ဓာတ်ခြောက်ခြားစေပါတယ်။သို့သော် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပျံသန်းရတာကြောင့် အကွာအဝေး လေးမိုင် ပတ် လည်အတွင်းရှိ ပစ်မှတ်များကိုသာ တိုက်ခိုက်နိုင်ပါတယ်။ နောက်ဆုံးပေါ် မော်ဒယ်အသစ် Switchblade များမှာတော့ ၂၄ မိုင် ပတ်လည်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ ရန်သူ့လက်နက်ကြီးအမြောက်များရဲ့ တည်နေရာကို ထောက်လှမ်းသော အဆင့်မြင့်ရေဒါများကို အမေရိကန်ထံမှ ရရှိထားပါတယ်။ Switchblade ဒရုန်းအတွက် ပစ်မှတ်များ ရှာဖွေပေးရာမှာ အဆိုပါ ရေဒါများက များစွာအထောက်အကူ ဖြစ်စေပါတယ်။

ကာမိကာဇေဒရုန်းများဟာ မျက်မှောက်ခေတ်စစ်ပွဲများတွင် လွန်စွာထိရောက်တဲ့နောက်ဆုံးပေါ် စစ်လက်နက်တစ်မျိုး ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ စစ်တပ်များဟာလည်း တိုက်ခိုက်ရေးဒရုန်းများရဲ့ အရေးပါအသုံးဝင်မှုကို ပိုမိုလက်ခံနေရာပေးလာကြကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.