လေယာဉ်ပျံ၊ ရဟတ်ယာဉ်နှင့် ဒုံးပျံတို့အကြောင်း သိကောင်းစရာ

လေယာဉ်ပျံ၊ ရဟတ်ယာဉ်နှင့် ဒုံးပျံတို့အကြောင်း သိကောင်းစရာ

လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒုံပျံတွေ ဘယ်လို ပျံသန်းကြတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

လေယာဉ်ပျံ ဘယ်လိုပျံလဲဆိုတာ

လူသားတွေဟာ ငှက်ကလေးတွေ လေထဲမှာ ပျံနေကြတာကို အတုယူပြီး လေယာဉ်ပျံကို လေထဲမှာ ပျံနိုင်အောင် တီထွင်လာခဲ့ကြတာ ဖြစ်ပါတယ်။ လေယာဉ်ပျံတစ်စင်း လေထဲမှာ ဘာကြောင့်ပျံနိုင်သလဲလို့မေးရင် လေယာဉ်ပျံရဲ့ အတောင်ပံနှစ်ဖက်ကြောင့် ပျံနိုင်ခြင်းဖြစ်ပါတယ်။

လေယာဉ်ရဲ့ပန်ကာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ပုံမှာပြထားတဲ့အတိုင်း လေယာဉ်ပျံရဲ့အတောင်ပံဟာ အပေါ်က ခုံးပြီး အောက်က ပြားပြားပြေပြေလေးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုပုံကို အေရိုဖွိုင် (Aerofoil Shape) လို့ ခေါ်ပါတယ်။

လေယာဉ်ပျံဟာ ကွင်းပြင်မှာအရှိန်နဲ့ပြေးနေတဲ့ အချိန်မှာ လေယာဉ်တောင်ပံရဲ့ အပေါ်ပိုင်းဟာ ခုံးနေတဲ့အတွက် လေဖိအားနည်းပြီး လေယာဉ်တောင်ပံရဲ့ အောက်ပိုင်းဟာ လေဖိအားများနေပါတယ်။ ဒါကြောင့် လေဖိအားများတဲ့အပိုင်းကနေပြီး အပေါ်ကို ပင့်တင်လိုက်တဲ့အတွက်ကြောင့် လေယာဉ်ပျံရဲ့ အပေါ်ပိုင်းမှာ ကြွတက်လာပါတယ်။

ဒီလိုလေယာဉ်ပျံကြွချင်တဲ့ အားအနည်းအများကို ထိန်းတာကတော့ လေယာဉ်မှူးလက်ထဲမှာ ကိုင်ထားတဲ့ အထိန်းလက်တံ (Control Stick) ပါပဲ။ လက်တံကိုရှေ့တိုးပေးရင် လေယာဉ်ပျံ စိုက်ဆင်းသွားပြီး နောက်ကိုဆွဲရင် လေယာဉ်ပျံကြွချင်အား များလာလို့ လေယာဉ်ပျံကြီး ထောင်တက်သွားမှာ ဖြစ်ပါတယ်။

ငှက်တွေဟာ လေထဲမှာ ဘယ်ညာယိမ်းနွဲ့ချင်ရင် သူတို့ရဲ့အတောင်ပံကို ကုပ်လိုက် ကော့လိုက်ကစားရသလို လေယာဉ်ပျံအတောင်ပံမှာလည်း ဘယ်ညာထိန်း ရွက်မ ရှိရပါမယ်။ လေယာဉ်ပျံဘယ်ကွေ့၊ ညာကွေ့ကိုတော့ လေယာဉ်ရဲ့ အမြီးပိုင်းက ပဲ့မကြီး(Rudder)က လုပ်ပေးပါတယ်။

ယခုခေတ် ဂျက်လေယာဉ်ပျံတွေမှာတော့ ပန်ကာအစား ဂျက်အင်ဂျင်တွေ သုံးလာကြတယ်။ ဂျက်တင်ဂျင်တွေဟာ လေတွေကို အင်ဂျင်ရဲ့တာဘိုအတွင်း ဆွဲယူပြီး နောက်ဘက်ကို ကန်ထုတ်လိုက်တာကြောင့် လေယာဉ်ဟာ ရှေ့ကို တိုးပျံသွားတာဖြစ်ပါတယ်။

ရဟတ်ယာဉ် ဘယ်လိုပျံလဲဆိုတာ

ရဟတ်ယာဉ်တွေကတော့ ကျဉ်းမြောင်းတဲ့နေရာမှာပဲ အထက်တည့်တည့်ကို ပျံတက်နိုင်ပါတယ်။ လိုချင်တဲ့နေရာကိုလည်း အလွယ်တကူကွေ့ နိုင်ပါတယ်။
ရဟတ်ယာဉ်နဲ့ လည်နေတဲ့ပန်ကာ (Rotor blade) တွေဟာ လေယာဉ်ရဲ့အပေါ်မှာ ရှိနေပါတယ်။

ပန်ကာကို လည်လိုက်တဲ့အခါ လေဖိအားအနည်း အများဖြစ်လာပြီး ရဟတ်ယာဉ် အပေါ်ကို ပျံတက်သွားနိုင်ပါတယ်။ လေယာဉ်ဘယ်ညာကွေ့တာကိုတော့ လေယာဉ်မောင်းသူရဲ့ ခြေထောက်နားက (Pedal) ခြေနင်းကို အသုံးပြုပါတယ်။
ရဟတ်ယာဉ်ရဲ့ အမြီးမှာရှိတဲ့(Tail rotor) ကနေ လေယာဉ်ပျံပတ်ချာလည် မသွားဖို့ ကာကွယ်ပေးပါတယ်။

ရဟတ်ယာဉ်တွေကို ကယ်ဆယ်ရေး၊ ရိက္ခာသယ်ပို့ရေး၊ ဆေးဖျန်းရေးနဲ့ အရေးပေါ်နေရာတွေမှာ အသုံးပြုကြပါတယ်။

ဒုံးပျံတွေ ဘယ်လိုပျံလဲဆိုတာ

အာကာသထဲကို ပစ်လွှတ်မယ့် ဒုံးပျံတွေကျတော့ လေရဲ့အားကို တိုက်ရိုက် မယူဘဲ အဆင့် (၃) ဆင့်နဲ့ ပစ်လွှတ်ရပါတယ်။

ပထမအဆင့်မှာ အောက်ဆီဂျင်အရည်(Liquid oxygen)နဲ့ ရေနံ ဓာတ်ငွေ့အရည် (Kerosene) ကို အသုံးပြုပြီး မြေပြင်မှကြွတက်စေကာ လောင်စာကုန်သွားတဲ့အချိန်မှာ ပထမအဆင့်ကို ဖြုတ်ချလိုက်ပါတယ်။

ဒုတိယအဆင့်မှာပါတဲ့ ဟိုက်ဒရိုဂျင်အရည် (Liquid hydrogen) နဲ့ အောက်ဆီဂျင်အရည်ကနေ ဆက်လက်လောင်ကျွမ်းပြီး ဒုံးပျံကို ပိုမြင့်တဲ့ အာကာသထဲ တက် ရောက်စေပါတယ်။ ဒုတိယအဆင့်ကို လောင်စာကုန်လို့ဖြုတ်ချပြီးရင် တတိယ အဆင့်အင်ဂျင်ကနေ လောင်စာတွေနဲ့ဆက်ပြီး အပေါ်တက်စေပါတယ်။

နောက်ဆုံးဂြိုဟ်တုပတ်လမ်းကြောင်းထဲ ရောက်သည်အထိ အဲဒီ အင်ဂျင်တွေက (space ship) အာကာသယာဉ်ကို ပတ်လမ်းအတွင်း ပို့ဆောင်ပေးပါတယ်။

ဒီလောက်ဆို လေယာဉ်ပျံကြီးတွေ၊ ရဟတ်ယာဉ်တွေ၊ ဒုံးပျံတွေ၊ အာကာသလွန်းပျံယာဉ်တွေ ဘယ်လိုသွားတယ်ဆိုတာ အနည်းအကျဉ်း သိလောက်ပါပြီ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published.