ဒရုန်းနှင့် ဒုံးကျည်တွေကို ပစ်ချပေးနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး လေဆာကာလက်နက် Iron Beam
အစ္စရေးနိုင်ငံဟာ စွမ်းအားမြင့် လေဆာကာကွယ်ရေးစနစ်သစ်ကို စမ်းသပ်မှုအောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ ၎င်း လေဆာကာကွယ်ရေးစနစ်ဟာ ဒရုန်း၊ ဒုံးကျည်နဲ့ တခြားလေကြောင်းရန် ခြိမ်းခြောက်မှုတွေကို ကြားဖြတ် ဖျက်ချပေးနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး လေဆာကာကွယ်ရေးစနစ် ဖြစ်ပါတယ်။
အစ္စရေးရဲ့ စွမ်းအားမြင့် လေဆာကာကွယ်ရေးစနစ်သစ်ကို Iron Beam လို့ အမည်ပေးထားပါတယ်။ ၎င်း လေဆာစနစ်သစ်ဟာ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။
နာမည်ကျော် ဒုံးကျည်ကာကွယ်ရေးစနစ် Iron Dome အပါအဝင် ကုန်ကျစရိတ်ပိုမိုကြီးမားတဲ့ တခြားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့လည်း တွဲဖက်ဖြည့်စွက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
သိပ္ပံဇာတ်ကားထဲကလိုမျိုး အံ့အားသင့်စရာကောင်းတဲ့ လေဆာကာကွယ်ရေးစနစ်ဖြစ်တဲ့ Iron Beam ဟာ အသံကျယ်လောင်မှုမရှိသလို မျက်လုံးနဲ့ မမြင်ရတဲ့ လေဆာစနစ်ဖြစ်ကာ ကုန်ကျစရိတ်လည်း အများကြီးပိုမိုသက်သာတယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက် က ဆိုပါတယ်။
အသုံးပြုရတဲ့အခါမှာလည်း ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာမှုက သိသာထင်ရှားတဲ့ အားသာချက် ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးဌာနက ဆိုပါတယ်။
လေဆာစနစ်ရဲ့ အကျိုးထိရောက်မှုအကြောင်းကို လူသိနည်းနေသေးပေမယ့် ဒီစနစ်ကို ကုန်းမြေမှာသာမက ပင်လယ်ပြင်ပြင်နဲ့ ဝေဟင်မှာပါ တပ်ဆင်သုံးစွဲ နိုင်တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံကို ရန်သူ့တိုက်ခိုက်မှုကနေ ကာကွယ်ထားနိုင်ဖို့ ဒီလေဆာစနစ်တွေကို လာမယ့်ဆယ်စုနှစ်အတွင်း နယ်စပ်တစ်လျှောက် တပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အစ္စရေးနိုင်ငံရဲ့ ကမ္ဘာကျော် လေကြောင်းကာကွယ်ရေးစနစ်ဖြစ်တဲ့ Iron Dome လိုပဲ လေဆာလက်နက်စနစ်သစ် Iron Beam ဟာ ကမ္ဘာကျော် လေကာစနစ်ဖြစ်လာဦးမှာ ဖြစ်ပါတယ်။
အစ္စရေး၊လေဆာလက်နက်စနစ်သစ်၊Iron Beam