ကမ္ဘာ့‌ပေါ်မှာ အအေးဆုံးရွာလေးအကြောင်း

ကမ္ဘာ့အအေးဆုံး ရွာကလေး

ကမ္ဘာပေါ်မှာ လူသားများနေထိုင်လျက်ရှိသည့် နိုင်ငံ၊ မြို့၊ ရွာ၊ ပြည်နယ်များစွာ တည်ရှိပါသည်။ ဤကဲ့သို့ လူသားများနေထိုင်သည့် နိုင်ငံ၊ မြို့ရွာ၊ ပြည်နယ်များစွာထဲက အအေးဆုံးရွာလေးတစ်ရွာအကြောင်းကို ဗဟုသုတတိုးပွားစေရန်အလို့ငှာ ရေးသားဖော်ပြလိုက်ရပါသည်။

လူသားများနေထိုင်လျက်ရှိသည့် မြို့၊ရွာများထဲတွင် အအေးဆုံးရွာကလေးက အွိုင်မြခုံ(Oymyakon) ဆိုသည့် ရွာကလေးပင်ဖြစ်သည်။ ၎င်းရွာကလေးသည် ရုရှားနိုင်ငံ၊ ဆခါရီပတ်ဘလစ်၊ အွိုင်မြခုံစကီခရိုင်က အစွန်အဖျားနေရာလေးတစ်နေရာတွင် တည်ရှိနေ ခြင်းဖြစ်သည်။

၁၉၂၄ ခုနှစ်တွင် ရုရှားသိပ္ပံပညာရှင်တစ်ဦးက အွိုင်မြခုံဆိုသည့် ရွာကလေးကို စတင်တွေ့ရှိခဲ့ပြီး အပူချိန် အနုတ် ၇၁ ဒီဂရီစင်တီဂရိတ်ရှိသည့် ၎င်းနေရာလေးတွင် နေထိုင်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ရွာကလေးတစ်ရွာအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အာတိတ်ဒေသဆန်သည့် ရာသီဥတုကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းက လူနေထိုင်ရာဒေသများထဲတွင် အွိုင်မြခုံသည် အအေးဆုံးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် အပူချိန် အနုတ် ၆၇ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နှင့် ကမ္ဘာပေါ်မှာ လူနေထိုင်ရာ အအေးဆုံးဒေသအဖြစ် မှတ်တမ်းတင်ခံခဲ့ရခြင်းဖြစ်သည်။ အွိုင်မြမုံရွာလေးထက် အေးသည့်ဒေသမှာ အာတိတ်ဒေသပင်ရှိတော့ သည်။ အပူချိန်မှာ အနုတ် ၈၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

၎င်းအပူချိန်များကို တိုင်းတာလျက်ရှိသည့် မိုးလေဝသဌာနက အမြင့်ပေ ၂၄၆ဝ မှာရှိပြီး ပတ်ပတ်လည်တွင်ရှိသော တောင်တန်းများက အနည်းဆုံး အမြင့်ပေ ၃၆ဝဝ ပေရှိသည်။ တောင်စဉ်တောင်တန်းများ၏ လျှိုမြောင်များမှာ လေအေးများက တဟူးဟူး တိုက်ခတ်လျက်ရှိပြီး အမြင့်ပေ ၁ဝဝဝ တက်သွားတိုင်း အပူချိန်က ၁၀ ဒီဂရီလျော့သွားသည်။

၎င်းရွာကလေး၏ ပတ်ဝန်းကျင်မြေပြင်မှာ အမြဲခဲနေပေသည်။ ဒီဇင်ဘာလတွင် အနုတ် ၅ဝ ဒီဂရီဖာရင်ဟိုက်ရှိပြီး သြဂုတ်လများတွင် အပေါင်း ၅၀ ဒီဂရီဖာရင် ဟိုက်ရှိနေပေသည်။ဆောင်းရာသီမှာ တစ်ရက်ကို နေရောင်ခြည်မြင်ရချိန်မှာ ၃ နာရီလောက်သာရှိပြီး နွေရာသီရောက်ပြန်လျှင်လည်း နေထွက်ချိန်ချည်း ၂၁ နာရီ ရှိနေပြန်သည်။

အွိုင်မြခုံရွာလေးသည် အနီးဆုံးမြို့ဖြစ်သည့် Yakutsk ကို ကားနှင့်သွားလျှင် ၃ ရက်ကြာအောင် သွားရသည့် ခေါင်သောရွာလေးဖြစ်သည်။ ဝေးလံပြီး ခေါင်လွန်းလှသည့်အပြင် ကမ္ဘာ့အအေးဆုံးရွာလေး ဖြစ်သည့်အတွက် အွိုင်မြခုံရွာလေးကို မည်သည့် ဧည့်သည်မှ လာရောက်ခြင်း မရှိကြပါ။ ထို့ကြောင့် အွိုင်မြခုံရွာသားများကဧည့်မျှော်လျက်ရှိကြပါသည်။

ဟိုတယ်မရှိသည့် ၎င်းရွာလေးသည် ဧည့်သည်များ လာရောက်သည့်အခါ နေရာထိုင်ခင်း၊ အိပ်စရာများကို ဝမ်းသာပျော်ရွှင်စွာ ပြင်ဆင်ပေးလျက်ရှိကြပါသည်။ ဧည့်သည်တိုင်းကို “အေးစက်သော ဝင်ရိုးစွန်းသို့ အလည်ရောက်အမှတ်တရ” စာတန်းများ ထုတ်ပေးကြသည်။ ၎င်းရွာလေးသည် တစ်နှစ်ပတ်လုံး နှင်းများ၊ ရေခဲများ နှင့် ဖွေးဖွေးဆွတ်နေပေသည်။

၎င်းရွာလေး၏ စီးပွားရေးမှာ မိရိုးဖလာလုပ်ငန်းဖြစ်သည့် တိရစ္ဆာန်သားမွေးများရောင်းဝယ်ခြင်း၊ ရေခဲငါးများရောင်းခြင်းကိုသာ လုပ်ကိုင်ကြပါသည်။ တစ်နှစ်ပတ်လုံး နှင်းများကျနေသည့်အတွက် ရှုခင်းများမှာ အလွန်လှပလျက်ရှိပြီး ကမ္ဘာ့အလှဆုံးနေဝင်ချိန်ကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

အွိုင်မြခုံရွာလေးသည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း နှေးပါသည်။ ၂၀၀၈ ခုနှစ်တွင် ၎င်းရွာလေး၏ တစ်ခုတည်းသော စာသင်ကျောင်းတွင် အခန်းတွင်း အိမ်သာကို တပ်ဆင်ခဲ့သည်။ အလွန်အေးခဲသောကြောင့် မိုဘိုင်းဖုန်းများ အသုံးပြု၍မရနိုင်သကဲ့သို့ မိုဘိုင်းဖုန်းများက အလုပ်မလုပ်နိုင်ကြပါ။လယ်စိုက်ပျိုး၍လည်းမရနိုင်ပါ။

တစ်ရွာလုံးတွင် လိုအပ်သည့်ပစ္စည်းများဝယ်ရန်အတွက် ကုန်စုံဆိုင်တစ်ဆိုင်သာရှိပါသည်။ အပြင်ထွက်သည့်အခါမျက်မှန်တပ်ဆင်မည်ဆိုပါက မျက်နှာမှာခဲပြီးကပ်သွားမည်ဖြစ်သည်။ ပြန်ခွာလျှင် အရေးပြားပါ ပါသွားနိုင်သည့်အတွက် မည်သူမှ မျက်မှန်မတပ်ဆင်ကြပါ။

ကျောင်းသားများမှာလည်း ဘောပင်မင်ခဲသွားခြင်း၊ သက်ကြီးရွယ်အိုများစာဖတ်ရန် စာဖတ်မျက်မှန် တပ်မရခြင်း၊ ဘက်ထရီများမှာလည်း အေးလွန်းသည့်အတွက် အလိုလိုအားကုန်သွားခြင်းများ ဖြစ်သွားလေ့ရှိသည်။ အသုဘရှိ၍ မြေကျင်းတူးသည့်အခါ ၃ ရက်ခန့် ကြာပါသည်။ မြေကျင်းတူးနိုင်အောင် ရေခဲအရည်ပျော်စေရန် မီးသွေးဖိုများဖြင့်ဝိုင်းထားရသည်။

အမြဲတမ်း ရေခဲနေသည့်နေရာဒေသဖြစ်သည့်အတွက် မည်သည့်အပင်မျှ စိုက်ပျိုး၍ မရနိုင်ပါ။ ၎င်းရွာလေးကလူများက ရေခဲတောင်သမင်နှင့် မြင်းသားကိုသာ စားကြရပါသည်။ သို့သော် အာဟာရချို့တဲ့မှုကို မည်သည့်အခါမှ မခံစားကြရပါ။ သမင်နို့ကို သောက်ကြပြီး ၎င်းသမင်နို့မှာ အာဟာရဓာတ်ပြည့်စုံစွာပါဝင်သည်ဟု ဆရာဝန် များက ဆိုကြသည်။

အွိုင်မြခုံမှာ ရုရှားဘာသာစကားတွင် ‘မခဲသောရေ’ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းရွာနားတွင် ရေပူစမ်းတစ်ခုရှိပြီး ၎င်းရေပူစမ်းကို အွိုင်မြခုံဟု ခေါ်ရာကနေ ယခုကဲ့သို့ အွိုင်မြခုံရွာဟု အမည်တွင်လာခြင်းဖြစ်သည်။ ၎င်းရွာလေးတွင် ခန့်မှန်းခြေ လူဦးရေ ၄၀၀-၅၀၀ လောက်သာ နေထိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာရှိသည်။

ဤမျှလောက် ခက်ခဲသည့်နေရာတွင် လူလေးငါးရာလောက်က သဘာဝကိုအန်တုပြီး နေထိုင်နေကြသည်က အံ့ဩစရာပင်ဖြစ်သည်။ ထိုအချိန်တုန်းက ဆိုဗီယက်အစိုးရက ၎င်းရွာလေးကလူများကို နေရာပြောင်းရွှေ့ပေးရန် ကြိုးစားခဲ့ပါသည်။ သို့ပေမဲ့ ၎င်းရွာမှ ရွာသူရွာသားများက နည်းပညာနှင့် ယဉ်ကျေးမှုကို ကျောခိုင်းပြီး မိုဘိုင်းအဆက်အသွယ်မရှိသည့် ဝေးလံခေါင်သီသော ၎င်းရေခဲနေသည့် ရွာကလေးမှာပင် ဆက်နေရန် ရွေးချယ်ခဲ့ကြပါသည်။

အနွေးဓာတ်ရရှိစေရန်အတွက် အိမ်တိုင်းတွင် မီးသွေးဖိုကို ၂၄ နာရီ ဖိုထားကြရသည်။ လျှပ်စစ်မီးမရှိသည့်အတွက် ထင်းမီးကိုသာ အသုံးပြုကြရသည်။ အခု နောက်ပိုင်းတွင် ကိုယ်ထူကိုယ်ထ မီးစက်နှင့် ရွာကို အချိန်အကန့်အသတ်ဖြင့် လျှပ်စစ်မီးပေးပါသည်။

အွိုင်မြခုံရွာသားများသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့်နေရာတွင် ပြိုင်စံရှားပင်ဖြစ်သည်။ အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်မှသာ တစ်ခုတည်းသောကျောင်းကို ပိတ်ကြသည်။

အခုနောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများကြောင့် အပိုဝင်ငွေရရှိလာပြီး ကမ္ဘာ့အအေးဆုံးနေရာတွင် တစ်ညတာ နေကြည့်ခြင်း၊ အိမ်သာမရှိခြင်း၊ သမင်သားသာ စားရခြင်း၊ မီးသွေးဖိုနှင့် အနွေးဓာတ်ယူရခြင်း၊ ရေချိုးလျှင် မီးသွေးထဲ ထည့်ဖုတ်ထားသည့် ကျောက်ခဲများကို ရေစည်ပိုင်းထဲထည့်ကာ ရေနွေးအောင်လုပ်ပြီး ချိုးရခြင်း။

သာယာလှပသည့် ရှုမျှော်ခင်းများကိုတွေ့မြင် ကြည့်ရှုနိုင်ခြင်းတို့ကြောင့် ကမ္ဘာက မေ့လျော့နေသည့် အွိုင်မြခုံရွာကလေးသည် တဖြည်းဖြည်းနှင့် လူသိများ လာပြီး လာရောက်လည်ပတ်သူများနှင့် စည်ကားလာတော့မည် ဖြစ်ပေသည်။

သင်တို့လည်း အခါအခွင့်သင့်လျှင် သွားရောက်လည်ပတ်ကြည့်သင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Author – ဟန်မင်းဆက်
From Knowledge Light Magazine

Leave a Reply

Your email address will not be published. Required fields are marked *