အိမ်သုံး အဲယားကွန်းများထက် ပိုစွမ်းမည့် ကမ္ဘာ့အဖြူဆုံး ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေး

အိမ်သုံး အဲယားကွန်းများထက် ပိုစွမ်းမည့် ကမ္ဘာ့အဖြူဆုံး ဂင်းနစ်မှတ်တမ်းဝင် သုတ်ဆေး

အမေရိကန်နိုင်ငံ၊ Purdue တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan ဆိုသူ တီထွင်ဖန်တီးခဲ့တဲ့ သုတ်ဆေးအဖြူရောင်ဟာ ကမ္ဘာ့အဖြူဆုံး သုတ်ဆေးအဖြစ် ကမ္ဘာ့ဂင်းနစ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၎င်းသုတ်ဆေးဖြူကို အဆောက်အဦးတစ်ခုလုံးကို သုတ်ထားမယ်ဆိုလျှင် လေအေးပေးစက်(အဲကွန်း)အသုံးပြုမှုကိုပါ လျော့ချနိုင်မယ်လို့ ဆိုပါတယ်။

၎င်းသုတ်ဆေး၏ အဖြူရောင်ဟာ ၉၈.၁% အထိ နေရဲ့အလင်းရောင်ကို ရောင်ပြန်လွှတ်‌‌ပေးပြီး နေရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ် ပေးနိုင်ပါတယ်။

ဒါကြောင့် ၎င်းသုတ်ဆေးအဖြူသုတ်ထားတဲ့ အဆောက်အဦး အနီးရှိ လေထုကို အေးမြ‌စေမည်ဖြစ်ပြီး နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးစေတာ‌ကြောင့် လေအေးပေးစက်(အဲကွန်း)အသုံးပြုမှုကို လျော့ချနိုင်မယ်လို့ ဆိုပါတယ်။

အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်နှင့်ညီတဲ့ အအေးပမာဏကို ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အများစုအသုံးပြုနေကြတဲ့ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်တဲ့ သ‌ဘောပါပဲ။

ဈေးကွက်ထဲမှာ စီးပွားဖြစ်ရောင်းချနေတဲ့ သုတ်ဆေးများဟာ အပူကို ၈၀-၉၀ ရာခိုင်နှုန်းအထိသာ ပြန်လည်စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားတာကိုတွေ့ရပြီး ပတ်ဝန်းကျင် မျက်နှာပြင်ကို ပိုအေးသွားအောင် မပြုလုပ်နိုင်ပါဘူး။

ပါမောက္ခ Xiulin Ruan ဟာ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က စတင်ခဲ့တဲ့တာဖြစ်ပြီ စွမ်းအင် ချွေတာဖို့နဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို တန်ပြန်ဖို့ အတွက်တီထွင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

၎င်းသုတ်ဆေးဖြူကို မကြာမီ ဈေးကွက်‌အတွင်း ရောက်ရှိလာအောင် လုပ်ဆောင်နေပါတယ်လို့လည်း ပါမောက္ခ Xiulin Ruan က ပြောကြားထားပါတယ်။

ယခုလို သုတ်ဆေးဖြူကို တီထွင်နိုင်ခဲ့တဲ့အတွက် လေအေးပေးစက်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးဖြစ်စေနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးပြီး လျှပ်စစ် စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာနိုင်မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.