Kevlar ကျည်ကာအင်္ကျီတီထွင်သူ

Kevlar ကျည်ကာအင်္ကျီတီထွင်သူ

ကျည်ကာအင်္ကျီဆိုတာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကာကွယ်ရေးတာဝန်ထမ်းဆောင်သူများအတွက် တစ်ကိုယ်ရေကာကွယ်ရေးဆိုင်ရာကဏ္ဍတွေမှာ အသုံးပြုပါတယ်။

ကျည်ကာအင်္ကျီတွေကို အလွန်ခိုင်ခံ့ပြီး Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ခန့် ကတည်းက ပေါ်ပေါက်လာတာဖြစ်ပြီး တီထွင်သူကတော့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

အမှန်တကယ် သူမတီထွင်ခဲ့တာက Kevlar လူလုပ် ပိုလီမာ ဖြစ်ခဲ့ပေမဲ့ ကျည်ကာအင်္ကျီတီထွင်သူလို့ပဲ လူသိများခဲ့ပါတယ်။ စာဖတ်သူတို့ ဗဟုသုတရစေရန်အတွက် ဒီတီထွင်သူ အမျိုးသမီးကြီးအကြောင်းကို ဝေမျှလိုက်ရပါတယ်။

သူမနာမည်ကတော့ စတက်ဖနီလူဝီခရိုးလက်ခ်ဖြစ်ပြီး အမေရိကန်နိုင်ငံသူ ပိုလန်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူမကို ပိုလန်လူမျိုးမိဘနှစ်ပါးက ၁၉၂၃ ခုနှစ် အမေရိကန် Pittsburgh မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဖြစ်ပြီး မိခင်က စက်ချုပ်သမတစ်ဦးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက သဘာဝသိပ္ပံနဲ့ ဖက်ရှင်ဒီဇိုင်းတို့ကို စိတ်ဝင်စားခဲ့ပါတယ်။

၁၉၄၆ ခုနှစ်၊ သူမ ၂၃ နှစ်အရွယ်မှာ မာဂရက်မောရစ်ဆန်ကာနယ်ဂျီ ကောလိပ်ကနေ ဓာတုဗေဒ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက် သူမဟာ ဆရာဝန်တစ်ဦးဖြစ်လာဖို့ ကြိုးစားခဲ့ပါတယ်။ ဆေးကျောင်းတက်ဖို့ ဝင်ငွေရှာတဲ့အနေနဲ့ ဓာတုဗေဒပညာနဲ့ဆက်စပ်တဲ့ ယာယီအလုပ်တစ်ခုရှာဖွေလုပ်ကိုင်ခဲ့ပါတယ်။ သူမလုပ်ခဲ့တဲ့ကုမ္ပဏီက ဘတ်ဖဲလိုးမြို့မှာရှိတဲ့ နာမည်ကျော် ဓာတုဗေဒကုမ္ပဏီ DuPont ပဲဖြစ်ပါတယ်။

သူမအလုပ်လုပ်တဲ့ရည်ရွယ်ချက်က ဆေးကျောင်းတက်ဖို့ ဝင်ငွေလုံလောက်စွာရရှိခဲ့ရင် ဒီအလုပ်ကထွက်ပြီး ဆေးကျောင်းတက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ DuPont မှာ အလုပ်လုပ်ရင်းနဲ့ပဲ ဒီအလုပ်ဟာ ဝါသနာပါတဲ့ အလုပ်ဆိုတာ သိရှိလာခဲ့ပြီး ဆရာဝန်လုပ်ဖို့ အိပ်မက်ကို စွန့်ပစ်လိုက်ကာ ဓာတုဗေဒ သုတေသနနယ်ပယ်မှာပဲ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ ဓာတုဗေဒသုတေသနနယ်ပယ်မှာ ၉ နှစ်လောက် ဆက်တိုက်လုပ်ကိုင်ပြီးတဲ့အခါမှာ ကျည်ကာအင်္ကျီတီထွင်နိုင်မဲ့ နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီမတိုင်ခင် တစ်နှစ်လောက်က ကားတာယာတွေရဲ့ စတီးနေရာမှာ အစားထိုးဖို့ ပလတ်စတစ်တစ်မျိုးကို ရှာဖွေတွေ့ရှိပြီး ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ Kevlar ကို စတင်တီထွင်နိုင်ခဲ့ကာ ၁၉၇ဝ ပြည့်နှစ်မှာတော့ ထုတ်ကုန်များ ထုတ်လုပ်ကာ စီးပွားရေးဈေးကွက်မှာ စတင်အသုံးပြုလာခဲ့ပါတယ်။

Kevlar ဟာ ပေါ့ပါးပြီး အလွန်ခိုင်ခံ့တာကြောင့် ကားတာယာတွေသာမကပဲ ဒီထက်ပိုတဲ့ နယ်ပယ်တစ်ခုမှာအသုံးပြုဖို့ စဉ်းစားရာကနေ ကျည်ကာအင်္ကျီတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ Kevlar ဟာ အပူဒဏ်ကို ခံနိုင်သလို သံမဏိထက် ၅ ဆလောက် ပိုခိုင်ခဲ့ပါတယ်။ Kevlar မှာ K-29၊ K-49၊ K-100 စတဲ့ အမျိုးအစားများစွာ ရှိပါတယ်။

Kevlar ကို ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်တွေသာမက အာကာသယာဉ်၊ ဆဲလ်ဖုန်း၊ ဆိုင်ကယ်၊ ကားတာယာ၊ မော်တော်ကားအစိတ်အပိုင်းများအပြင် စက်မှုနဲ့ ဆောက်လုပ်ရေးဆိုင်ရာ နယ်ပယ်တွေမှာပါ စုစုပေါင်းထုတ်ကုန် ၂၀၀ ကျော်မှာ အသုံးပြုလျက်ရှိပါတယ်။

သူမဟာ ဒီထုတ်ကုန်တွေကနေ အကျိုးအမြတ် တစ်စုံတစ်ခုမယူခဲ့ဘဲ မူပိုင်ခွင့်ကို သူလုပ်ကိုင်တဲ့ ကုမ္ပဏီကိုပဲ ပေးအပ်ခဲ့ပါတယ်။ Kevlar ကို တီထွင်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ချီးမြှင့်တဲ့ Perkin Medal ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဆုတွေအပြင် အခြား ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခံရသလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ တီထွင်သူစာရင်းမှာလဲ ထည့်သွင်း ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

ဓာတုဗေဒသုတေသနနယ်ပယ်ထဲမှာပဲ နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာတော့ အလုပ်က အနားယူခဲ့ပါတယ်။ သူမဟာ နှစ်ပေါင်း ၄ဝ ကျော်အတွင်း ဓာတုဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုများစွာအတွက် မူပိုင်ခွင့် ၂၈ ခုအထိ ရရှိခဲ့ပါတယ်။

အနားယူပြီးတဲ့နောက်မှာလဲ DuPont ရဲ့ အတိုင်ပင်ခံအဖြစ် သာမက သိပ္ပံအကယ်ဒမီရဲ့ ကောင်စီဝင်အဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ သူမရဲ့ အားလပ်ချိန်တွေမှာလဲ ကလေးတွေကို စာသင်ခြင်း၊ သူမလို အမျိုးသမီးသိပ္ပံပညာရှင်တွေဖြစ်လာစေဖို့ အခြားအမျိုးသမီးငယ်များကို ကူညီသင်ကြားပေးခဲ့ပါတယ်။ သိပ္ပံပညာစာတမ်းများစွာကိုလဲ ရေးသားခဲ့ပြီး သူမရဲ့စာအုပ်တွေကို ကျောင်းတွေမှာ ပညာသင်ကြားရေးအတွက် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

သူမရဲ့တီထွင်မှုတွေဟာ အခြားသူတွေရဲ့အသက်ကို ကယ်တင်နိုင်တာကြောင့် ဒီတီထွင်မှုတွေအတွက် အားရကျေနပ်ဂုဏ်ယူတယ်လို့ သူမက အမြဲပြောဆိုခဲ့ပါတယ်။

စတက်ဖနီဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက် အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူမ မရှိတော့ပေမဲ့ တီထွင်ခဲ့တဲ့ Kevlar ကျည်ကာအင်္ကျီတွေဟာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်အစရှိတဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်သူ လူပေါင်းများစွာရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့ပြီးဖြစ်သလို နောက်ထပ်လဲ ကယ်တင်နေအုံးမှာပဲ ဖြစ်ပါတယ်လို့ ဂုဏ်ပြုရေးသားတင်ပြရင်း Stephanie Louise Kwolek ကို ဒီဆောင်းပါးနဲ့အတူ ဂုဏ်ပြုလိုက်ရပါတယ်။

Author- လှိုင်းရင့်နွေ(ပမန)
Source-Thutazone

Leave a Reply

Your email address will not be published.