ကမ္ဘာ့ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ် လာပြီ

ကမ္ဘာ့ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ်တွေ လာပြီ

ကားပျံတွေ ၊ Jetpack ခေါ် လူပျံစက်တွေကို အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီတော့ ဆိုင်ကယ်ပျံတွေလည်း မကြာမီ ဖန်တီးထုတ်လုပ်လာနိုင်‌တော့မှာပါ။

Jetpack ခေါ် လူပျံစက်တွေကို ဈေးကွက်မှာ အောင်အောင်မြင်မြင် ရောင်းချနေတဲ့ အမေရိကန်နိုင်ငံ၊ ကလီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jetpack Aviation ဟာ Speeder ဆိုတဲ့ မိုပျံ မော်တော်ဆိုင်ကယ် ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြသခဲ့ပြီး ဖြစ်ပါတယ်။

Jetpack Aviation ကုမ္ပဏီဟာ မိုးပျံ မော်တော်ဆိုင်ကယ် ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ကွန်ပျူတာ ဆော့ဝဲ ပရိုဂရမ်‌ တွေကို တစ်နှစ်ခွဲကြာ စမ်းသပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီ ကွန်ပျူတာဆော့ဝဲ ပရိုဂရမ်‌ကို Jetpack Aviation က ကိုယ်တိုင် ရေးဆွဲခဲ့တာဖြစ်ပြီး ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ အင်ဂျင်ရဲ့ တွန်းကန်အား၊ဆိုင်ကယ်အမြန်နှုန်းစသည်တို့ကို ချိန်ညှိပေးမှာ ဖြစ်ပါတယ်။

ပျံသန်းမှုဆိုင်ရာ ဆော့ဝဲများ‌ကြောင့် Speeder မိုပျံ မော်တော်ဆိုင်ကယ်ဟာ လေ‌ပေါ်မှာ ပျံသန်းနေစဉ် အလိုအလျောက် တည်ငြိမ်မှုရအောင် ထိန်းကျောင်းပေးမှာ ဖြစ်ပါတယ်။ မြေပြင်‌ပေါ်သို့ ပြန်လည်ဆင်းသက်ရာတွင်လည်း ပုံမှန်မော်တော်ဆိုင်ကယ်ကဲ့သို့ ဆင်သက်နိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ မိုးပျံ မော်တော်ဆိုင်ကယ်ကို အမျိုးအစား ၂ မျိုးနဲ့ ထုတ်လုပ်‌ ရောင်းချမှာ ဖြစ်ပါတယ်။ ပထမ အမျိုးအစားက အပေါ့စား (ultralight) ပုံစံ အမျိုးအစား ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ စမ်းသပ်နေဆဲပဲ ရှိပါသေးတယ်။

အပေါ့စား (ultralight) ပုံစံ အမျိုးအစား မိုးပျံမော်တော်ဆိုင်ကယ်ဟာဆိုရင် ဖက်ဒရယ် လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်ကြောင့် အမြန်နှုန်း တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ ပျံသန်းမောင်းနှင်နိုင်ပြီး ပျံသန်းချိန် ၁၅ မိနစ်ပဲ ဖြစ်ပါတယ်။ အပေါ့စား မိုးပျံမော်တော်ဆိုင်ကယ် မောင်းနှင်ပျံသန်းဖို့အတွက် လေယာဉ်မောင်း လိုင်စင်တော့ မလိုအပ်ပါဘူး။

ဒုတိယအမျိုးအစားဖြစ်တဲ့ စမ်းသပ်နေဆဲ မိုးပျံ မော်တော်ဆိုင်ကယ်မှာတော့ အမြန်နှုန်းက တစ်နာရီကို မိုင် ၂၅၀ နီးပါးနှုန်းဖြင့် ပျံသန်းမောင်းနှင်နိုင်မှာ ဖြစ်ပြီး ပျံသန်းချိန် ၃၅ မိနစ် ဖြစ်ပါတယ်။ဒီအမျိုးအစား မိုးပျံ မော်တော်ဆိုင်ကယ် မောင်းနှင်ပျံသန်းဖို့အတွက်တော့ အခြေခံ လေယာဉ်မောင်း လိုင်စင် လိုအပ်ပါတယ်

စမ်းသပ်ပျံသန်းခဲ့တဲ့ မိုးပျံ မော်တော်ဆိုင်ကယ်မှာ လောင်စာဆီသုံး တာဘို ဂျက်အင် ၄ လုံးကို တပ်ဆင်ထားပါတယ်။ သို့ပေမယ့် ဈေးကွက်တင် ရောင်းချမယ့် မိုးပျံ မော်တော်ဆိုင်ကယ်များမှာတော့ ပိုပြီးဘေးကင်းလုံခြုံမှုရှိဖို့ အင်ဂျင် ၈ လုံးကို ဆိုင်ကယ်ရဲ့ ထောင့်လေးထောင့်မှာ ထောင့်တစ်ခုစီတွင် ၂ လုံးစီ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အင်ဂျင် ၄ လုံးက ပျံသန်းရေးအတွက် အသုံးပြုပြီး ကျန် ၄ လုံးက အရန်အနေနဲ့ ထားရှိထားမှာ ဖြစ်ပါတယ်။

Speeder မိုးပျံ မော်တော်ဆိုင်ကယ်ရဲ့ အလေးချိန်ဟာ ပေါင် ၃၀၀ ခန့်ရှိပြီး အလေးချိန် ပေါင် ၆၀၀ ကို သယ်ဆောင် ပျံသန်းနိုင်ပါတယ်။ ထိန်းချုပ်ဖို့ မောင်းနှင်ဖို့ လက်ကိုင်တစ်ပါရှိပါတယ်။ ၁၂ လက်မ အရွယ်အစားရှိတဲ့ လမ်းကြောင်းပြ စကရင်တစ်ခု နှင့် ဆက်သွယ်ရေး ရေဒီယို စနစ်များလည်း ပါရှိမှာ ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်ခဲ့တဲ့ မိုးပျံဆိုင်ကယ်ကို အဆင့်မြင့်တင်ပြီး Speeder 2.0 ဗားရှင်းရဲ့ ရှေ့ပြေးပုံစံကိုလည်း ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ စတင် စမ်းသပ် မောင်းနှင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ပိုင်း စမ်းသပ်ထုတ်လုပ်မည့် မိုးပျံဆိုင်ကယ်မျာမှာတော့ ၁၀၀ ရာခိုင်နှုန်း ကာဗွန် ထုတ်လွတ်မှုမရှိတဲ့ လောင်စာကို အသုံးပြုဖို့လည်း ကုမ္ပဏီအနေနေနဲ့ ရည်ရွယ် လုပ်ဆောင်နေပါတယ်

လာမည့် အနာဂါတ်မှာ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံတွေပါ ထုတ်လုပ်မယ်လို့လည်း သိရပါတယ်။

၎င်းဗားရှင်းမှာတော့ အကွာအဝေး တိုးမြှင့်ပျံသန်းနိုင်ဖို့၊ မီးငြိမ်းသတ်ဖို့၊ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ပစ္စည်းများ သယ်ဆောင်ဖို့ သို့မဟုတ် ဒဏ်ရာရရှိသူများ ကို သယ်ဆောင်နိုင်ဖို့ အတွက် ဖြုတ်နိုင်တပ်နိုင်သော အတောင်ပံများ ပါရှိမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ အပေါ့စား မိုးပျံ ဆိုင်ကယ် တစ်စီးအတွက်  ကနဦးဈေးနှုန်းကို ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး အော်ဒါများကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ စတင်ဖြန့်ဖြူး ရောင်းချမယ်လို့ သိရရှိရပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *