ယူကရိန်း၏ အချမ်းသာဆုံးသူဌေးက ယူကရိန်းနိုင်ငံတစ်ခုလုံး ပြန်လည်တည်ဆောက်ရေးတွင် ကူညီမည်ဟုကတိပြု

ယူကရိန်း၏ အချမ်းသာဆုံးသူဌေးက ယူကရိန်းနိုင်ငံတစ်ခုလုံး ပြန်လည်တည်ဆောက်ရေးတွင် ကူညီမည်ဟုကတိပြု

ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာသူဌေးဖြစ်တဲ့ ရီနက်အက်ခ်မီတော့ဗ် (Rinat Akhmetov)က စစ်ပွဲကြောင့်ပျက်စီးသွားရတဲ့ ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီသွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။

ရုရှားလိုလားသူတွေ အာဏာသိမ်းဖို့ကြိုးပမ်းရာမှာ ငွေကြေးကူညီပေးထားသူဖြစ်တယ်ဆိုပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက စွပ်စွဲထားခဲ့တာ ငါးလမျှသာ ကြာမြင့်သေးတဲ့ ယူကရိန်းသူဌေးလည်း ဖြစ်ပါတယ်။

မကြုံစဖူးဖြစ်တဲ့ နိုင်ငံတကာပြန်လည်တည်ထောင်ရေးအစီအစဉ်၊ မာရှယ်စီမံချက် ယူကရိန်းအတွက် အသေအချာလိုအပ်မှာ ဖြစ်ပါတယ်လို့ သူဌေးရီနက်က ဆိုပါ တယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ဦးဆောင်တဲ့ ဥရောပပြန်လည်ထူထောင်ခြင်းအစီအစဉ်ကို ရည်ညွှန်းပြီး အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံရှိတဲ့ ၎င်းပိုင်သံမဏိစက်ရုံနှစ်ခုက မာရီယူပိုလ်မြို့မှာအခြေစိုက်တာဖြစ်ပြီး ရုရှားစစ်ဆင်မှုရဲ့ မဟာဗျူဟာကျတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ တော်ဖြစ်တဲ့ ၎င်းမာရီယူပိုလ်မြို့မှာ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

မာရီယူပိုလ်မြို့ အပါအဝင် ယူကရိန်းနိုင်ငံတွင်းက ကုန်ထုတ်လုပ်ရေး အစီအစဉ်တွေ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစွမ်းဆောင်နိုင်ပြီး မာရီယူပိုလ်မြို့ထွက် သံမဏိတွေ ယခင်ကအတိုင်း ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စေဖို့ ရည်မှန်းထားပါတယ်လို့ သူဌေးရီနက်က ဆိုပါတယ်။

မာရီယူပိုလ်မြို့ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ကမ္ဘာက စံနမူနာယူကြမှာဖြစ်ပြီး ရဲရင့်တဲ့ ယူကရိန်း စစ်သားတွေအနေနဲ့ မြို့ကို အကောင်းဆုံး ခုခံသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ရုရှားကျူးကျော်မှုကို ပညာသားပါပါ စိတ်အားထက်သန်စွာနဲ့ တွန်းလှန်ခုခံနေတဲ့ သမ္မတဇယ်လန်စကီကိုလည်း သူဌေးရီနက်က ချီးမွမ်း ပြောကြားသွားခဲ့ပါတယ်။ မွေးရပ်ဇာတိဖြစ်ပြီး ၎င်းရဲ့ သံမဏိစက်ရုံအခြေစိုက်ရာ မာရီယူပိုလ်မြို့က ယူကရိန်းရဲ့မြို့အဖြစ် ကျန်ရှိနေပြီး အားလုံးပြီးသွားချိန် မြို့ကို ပြန်လည်ထူထောင်ရေးမှာ ကူညီပေးသွားမယ်လို့ သူဌေးရီနက်က ကတိပြုထားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့အောင်ပွဲကို ယုံကြည်ထားပြီး ရုရှားအပိုင်သိမ်းမှုလက်အောက်မှာ သူရဲ့ကုမ္ပဏီကို ဘယ်တော့မှ လည်ပတ်သွားမှာမဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Source-Pyi Myanmar

Leave a Reply

Your email address will not be published.