ကမ္ဘာကျော် အီဖယ်မျှော်စင်ကြီးနှင့် ဂုစတပ်အီဖယ်

ကမ္ဘာကျော် အီဖယ်မျှော်စင်ကြီးနှင့် ဂုစတပ်အီဖယ်

ကမ္ဘာပေါ်မှာ အံ့ဖွယ်ရာတွေ များစွာရှိပါတယ်။ သဘာဝမှ ပြုလုပ်ထားတဲ့ အံ့ဖွယ်များနှင့် လူတို့မှ ပြုလုပ်ထားတဲ့ အံ့ဖွယ်များဆိုပြီး ရှိကြပါတယ်။ ပြင်သစ်နိုင်ငံမှ ကမ္ဘာကျော် အီဖယ်မျှော်စင်ကြီးကတော့ လူတို့ပြုလုပ်ထားတဲ့ အံ့ဖွယ်တစ်ခု ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့မြို့တော် ပဲရစ်ကိုရောက်ရင် အီဖယ်မျှော်စင်သို့ မရောက်ပါက ပဲရစ်ကို လာရကျိုးမနပ်ဟု လူအများက ပြောကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ အများဆုံးလာရောက်ရာ နိုင်ငံများမှာ ထိပ်ဆုံးစာရင်းဝင်ဖြစ်တဲ့ ပြင်သစ်နိုင်ငံဟာ အဆိုပါ အီဖယ်မျှော်စင်ကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများ အများအပြားလာကြခြင်းဖြစ်ပါတယ်။

အီဖယ်မျှော်စင်သို့ ရောက်သူတိုင်းက “ဒီမျှော်စင်ကြီးကို ဘယ်သူဆောက်တာလဲ”လို့ မေးရင်တော့ မျှော်စင်ရှိ ဝန်ထမ်းများက “မစ္စတာ အလက်ဇန္ဒြား အီဖယ်ဆောက်ခဲ့တယ်”လို့ ဖြေပေးကြပါတယ်။ ဒါ့ကြောင့် ထိုမျှော်စင်ကြီးကိုလည်း အီဖယ်လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။

အီဖယ် (၁၈၃၂-၁၉၂၃) ဟာ ပြင်သစ်နိုင်ငံသား မြို့ပြအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ ဒီမျှော်စင်ကြီးရဲ့ပုံစံကို သူကိုယ်တိုင် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်တည်ဆောက်သူ ဖြစ်ပါတယ်။

သူဟာ အီဖယ်မျှော်စင်အပါအဝင် အဆောက်အအုံများ၊ တံတားများ၊ ဘုရားရှိခိုးကျောင်းများ စတဲ့ အဆောက်အအုံများစွာ (စုစုပေါင်း ၃၀၀ ကျော်)ကို ကိုယ်တိုင်ဒီဇိုင်းပုံစံထုတ်ပြီး တည်ဆောက်ပေးခဲ့ပါတယ်။

မစ္စတာအီဖယ် အင်ဂျင်နီယာဘွဲ့ရပြီးတဲ့နောက် သံမဏိဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ သူ့အသက် ၃၂ နှစ်အရွယ်‌မှာ အလုပ်မှကနေထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီ‌ထူ‌ထောင် လုပ်ကိုင်ခဲ့ပါတယ်။

စက်မှုတော်လှန်ရေး အရှိန်ရခါစဖြစ်တော့ သူရဲ့ကုမ္ပဏီဟာ ဥရောပနိုင်ငံအနှံ့အပြားမှာ တည်ဆောက်ရေးလုပ်ငန်းများစွာကို လုပ်ကိုင်ရပါတယ်။ သူရဲ့ ကုမ္ပဏီထံ ပိုက်ဆံရှိသူများက ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်လာကြပါတယ်။

အီဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၉ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မျှော်စင်ရဲ့ အမြင့်က မီတာ ၃ဝဝ (၉၈၄ ပေ) ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်မတိုင်မီအထိ ကမ္ဘာ‌ပေါ်တွင် အမြင့်ဆုံး အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အီဖယ်မျှော်စင်ကို သံနှင့်သံမဏိ အစိတ်အပိုင်းပေါင်း ၁၈၀၀၀ ကို စုစည်းပြီး သံစို့ပေါင်း အရေအတွက် ၂ ဒသမ ၅ သန်းဖြင့် ဆောက်လုပ်ထားပါတယ်။ မျှော်စင်ကို လေပြင်းများ တိုက်ခတ်မှုကို ခံနိုင်တဲ့ ပုံသဏ္ဌာန် ဖြစ်ပါတယ်။မီတာ ၃ဝဝ မြင့်တဲ့ မျှော်စင်ကြီး မပြိုလဲနိုင်အောင် အင်ဂျင်နီယာ အီဖယ်ဟာ မျှော်စင်ရဲ့ အောက်ခြေကိုလည်း ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် သေသေချာချာ ခြေကုပ်ယူ တည်ဆောက် ထားခဲ့ပါတယ်။

အီဖယ်ဟာ ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့မှာ ရွေ့လျားနေသော ကြယ်များကို လေ့လာတဲ့ နက္ခတ္တလေ့လာရေး အဆောက်အအုံကိုလည်း တည်ဆောက်ခဲ့ပါတယ်။ လိပ်ခုံးပုံသဏ္ဌာန်ရှိတဲ့ အဆိုပါအဆောက်အအုံကို ရေပေါ်မှာ တည်ဆောက်ထားခဲ့တာပါ။

ကြယ်များရွေ့လျားနေခြင်းကို လေ့လာသူက အဝေးကြည့် မှန်ပြောင်းကြီးကို လိုက်ရွှေ့ရန် မလိုဘဲ အလိုအလျောက်လိုက်‌ရွေ့နိုင်‌အောင် အင်ဂျင်နီယာ အီဖယ်က ရေပေါ်မှာ စက်မှုပညာဖြင့် ဆောက်လုပ်ထားခဲ့တာပါ။

မစ္စတာအီဖယ်ရဲ့ အပြောင်မြောက်ဆုံးလက်ရာများထဲမှာ ဟန်ဂေရီနိုင်ငံ၊ ဘူတာပက်စ်မြို့မှ မီးရထား ဘူတာရုံကြီးလည်း အပါဝင်ဖြစ်ပါတယ်။ ဘူတာရုံကြီးရဲ့ အမိုး ကို သံပြားများဖြင့် သေသေသပ်သပ်လှလှပပ ဆောက်လုပ်ထားတာကို ဘူတာရုံသို့ရောက်သူတိုင်းက တအံ့တဩ ဖြစ်ကြရပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ လွတ်လပ်ရေးအထိမ်းအမှတ် လေဘာတီရုပ်တုကြီးရဲ့ အတွင်းပိုင်း ခိုင်ခံ့ရန် အီဖယ်က သံချောင်းများဖြင့် အတွင်းပိုင်းကို ပြုလုပ်ပေးခဲ့ရပါတယ်။

၁၉ ရာစုကုန်ခါနီးမှာ သံနှင့်သံမဏိများဖြင့် ပြုလုပ်ရတဲ့ လုပ်ငန်းများဟာ ဥရောပနှင့်အမေရိကန်နိုင်ငံမှာ အရှိန်အဟုန်မြင့်လာရာကနေ မစ္စတာ အီဖယ်ဟာ သံထည်အဆောက်အအုံများကို အများအပြား ဆောက်လုပ်ရပါတယ်။ သူ့ကို လူအများက သံဘုရင် ဟုလည်းခေါ်ကြပါတယ်။

အင်ဂျင်နီယာ အီဖယ်က စရိတ်စက အလွန်အကုန်အကျများတဲ့ ရှေးဟောင်းဆောက်လုပ်ရေးနည်းပညာကို မသုံးဘဲ ခိုင်လည်းခိုင်၊ စရိတ်စကလည်း သက်သာတဲ့ခေတ်သစ်ဆောက်လုပ်ရေးနည်းဖြင့် ဆောက်လုပ်ပေးတာကြောင့် သူ့ထံကို အလုပ်အပ်သူ အလွန်များခြင်း ဖြစ်ပါတယ်။

မစ္စတာအီဖယ်ဟာ အသက် ၆၁ နှစ်အရွယ်မှာ အင်ဂျင်နီယာအလုပ်ကနေ အနားယူခဲ့ပြီး သူရဲ့အသက် ၈၈ နှစ်အထိ ဆောက်လုပ်ရေးပိုင်း သုတေသီအဖြစ် သူ့ နောက်ဆုံးအချိန်များကို လျှောက်လှမ်းသွားခဲ့တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

Source-Knowledge Light
Gustave Eiffel Master of Iron

Leave a Reply

Your email address will not be published.