အာကာသပို့ဆောင်ရေး နည်းလမ်းသစ် သို့မဟုတ် အာကာသဓာတ်လှေကားစီမံကိန်း
ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ရဲ့ အာကာသစနစ် စီမံကိန်းတွေမှာ အာကာသကို လူနဲ့ပစ္စည်းပို့ဆောင်ရာမှာ ကုန်ကျစရိတ် သက်သာစေဖို့၊ ပြန်လည်ပြုပြင်ရေးကုန်ကျစရိတ်တွေ သက်သာစေဖို့ ဦးတည်စဉ်းစားလာကြပါတယ်။
လက်ရှိကာလမှာ ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်)အထိ အာကာသယာဉ်မှူးများစွာကို အဆင်ပြေစွာပို့ဆောင်ပေးနိုင်နေပြီဖြစ်ပြီး အနာဂတ်အာကာသခရီးသွား လုပ်ငန်းတွေအတွက် ရည်ရွယ်ကာ အာကာသပို့ဆောင်ရေးစနစ်သစ်တွေကို စဉ်းစား ပြိုင်ဆိုင်လာကြပါတယ်။
အာကာသပို့ဆောင်ရေး နည်းပညာအားပြိုင်မှုတွေမှာ အာကာသကို လူနဲ့ပစ္စည်းတွေ ပို့ဆောင်နိုင်ရေးအတွက် အာကာသဓာတ်လှေကားတည်ဆောက်မှုစီမံကိန်းလဲ ပါဝင်လာပါတယ်။
၁၈၉၅ ခုနှစ်ကတည်းက ရုရှားသိပ္ပံပညာရှင် တစီအောကော့ဖ်စကီးဟာ ပြင်သစ် နိုင်ငံရှိ အီဖဲလ်မျှော်စင်ကိုအားကျပြီး ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၃၅၇၈၆ အထိ (Geostationary ပတ်လမ်းအထိ) မြင့်တဲ့ တာဝါတိုင်တစ်ခု တည်ဆောက်ဖို့ စဉ်းစားစိတ်ကူးခဲ့ပါတယ်။
အဲဒီ စိတ်ကူးအရ တာဝါတိုင်ရဲ့ ထိပ်ပိုင်းဟာ Geostationary ပတ်လမ်းမှာ ကမ္ဘာလည်တဲ့အတိုင်း လည်ပတ်နေမှာဖြစ်ပြီး ၎င်းနဲ့ ချိတ်ဆက်လွှတ်တင်မဲ့ အရာဝတ္ထုဟာ ကမ္ဘာလည်ပတ်ခြင်းကြောင့် ဖြစ်ပေါ်လာမဲ့ အလျားလိုက် အလျင် (Horizontal Velocity) နဲ့ တာဝါတိုင်ထိပ်အထိ သွားရောက်မှာဖြစ်ပါတယ်။
ယနေ့ခေတ် အာကာသဓာတ်လှေကား တည်ဆောက်မှုစနစ်ရဲ့ အကြမ်းဖျင်းပုံစံမှာ အမြင့်ကီလိုမီတာ ၁၀၀၀၀၀ (၆၂ ၁၃၇ မိုင်) တွင် လူလုပ်ဥက္ကာခဲ၊ ဒါမှမဟုတ် အာကာသစခန်းတစ်ခု တည်ဆောက်ကာ ကမ္ဘာမြေပြင်ကနေ အဲဒီနေရာကို နာနိုကာဗွန်ကြိုးတွေ သွယ်တန်းကာ ပို့ဆောင်ရေးယာဉ်တစ်ခု အတက် အဆင်းပြုလုပ်ဖို့ အခြေခံစဉ်းစားထားခြင်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ အမေရိကန်ရဲ့ LiftPort Group ဟာ အာကာသဓာတ်လှေကားတည်ဆောက်ရာမှာလိုအပ်မဲ့ ကာဗွန်နာနိုပိုက်တွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံကိုတည်ဆောက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဂျပန်ဟာ ၎င်းတို့ရဲ့ အာကာသဓာတ်လှေကား စီမံကိန်းကို ၂ဝ၅ဝ ပြည့်နှစ်မှာ အပြီးသတ်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ အာကာသခရီးသွား လုပ်ငန်းတွေအတွက် ရည်ရွယ်ထားတဲ့ ပထမဆုံး အာကာသဓာတ်လှေကား စီမံကိန်းတစ်ခုကို ၂၀၂၅-၂၀၃၅ ခုနှစ် အတွင်း တည်ဆောက်နိုင်လိမ့်မယ်လို. International Academy of Astronautics (IAA) က ခန့်မှန်းထားပါတယ်။
အဲဒီနည်းပညာအောင်မြင်သွားပါက အနာဂတ်မှာ အာကာသအတွင်း လူနေစခန်းတည်ဆောက်မှုတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး အာကာသစစ်စခန်းတွေအဖြစ်ပင် ပြုလုပ်လာနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။
Author-ရဲမာန်ခ
From Knowledge Light