Su-57 လေယာဉ်ကို အသုံးပြုနိုင်ဖို့ ရှရှားလေတပ် ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ

Su-57 လေယာဉ်ကို အသုံးပြုနိုင်ဖို့ ရှရှားလေတပ် ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ

ရှရှားရဲ့ ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ် Su-57 ကို ၂၀၁၀ ပြည့်နှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Su-57 ဟာ တစ်ယောက်မောင်း အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဖြစ်ပြီး ဝေဟင်မှာ စီးချင်းထိုးနိုင်သလို မြေပြင်ပစ်မှတ်များကိုလည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ ဘက်စုံသုံးအမျိုးအစား ဖြစ်ပါတယ်။

လက်ရှိ ယူကရိန်းစစ်ပွဲမှာ ရုရှားလေတပ်ဟာ Su-30,Su-35, Su-34,Su-25 စတဲ့ ဂျက်လေယာဉ်များကိုသာ အသုံးပြုနေပါတယ်။ Su-57 ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်ကိုတော့ ယနေ့ထိ အသုံးမပြုနိုင်သေးတာဟာ ရှရှားလေတပ်အတွက် စိတ်ပျက်စရာ အခြေအနေလဲ ဖြစ်ပါတယ်။

ရှရှားဟာ အမေရိကန်ရဲ့ F-22 ၊ F-35နဲ့ တရုတ်ရဲ့ J-20 ကိုယ်ပျောက်တိုက်လေယာဉ်များကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ Su-57 တီထွင်ထုတ်လုပ်‌ရေးစီမံကိန်းကို စတင်ခဲ့တာပါ။ သို့သော် ရှရှားရဲ့ Su-57 စီမံကိန်းဟာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာကြောင့် နှောင့်နှေးကြန့်ကြာနေပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး အကူးအပြောင်းကာလဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်လွန်များမှာ ရှရှားဟာ စီးပွားရေး ဆိုးဆိုးရွားရွားကျပ်တည်းခဲ့ပါတယ်။ အဲဒီအချိန်က ရှရှားအနေနဲ့ တိုက်လေယာဉ်အသစ်များ တီထွင်ထုတ်လုပ်ရန် လုံးဝမမျှော်မှန်းနိုင်တဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

ရှရှားဟာ စီးပွားရေးကျပ်တည်းနေတဲ့ကြားကပင် ၁၉၉၈ ခုနှစ်မှာ ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် တီထွင်ထုတ်လုပ်ဖို့ စတင်ကြိုးပမ်းလာခဲ့ပါတယ်။ Sukhoi ကုမ္ပဏီက ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် ထုတ်လုပ်ဖို့ ရွေးချယ်ခံရပါတယ်။

ပထမဆုံး Su-57 လေယာဉ်ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

Su-57 ကို ရေဒါများ မထောက်လှမ်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည်ရရှိရန်၊ ကိုယ် ထည်ကို ပြားချပ်ချပ်တည်ဆောက်ထားပါတယ်။ လေယာဉ်ကိုယ်ထည်နှင့် တောင်ပံများကိုလည်း ပေါင်းစည်းရောယှက်ထားပါတယ်။ Su-57 မှာ AL-31F1 အင်ဂျင်နှစ်လုံး တပ်ဆင်ထားပါတယ်။ Izdeliye 30 အင်ဂျင်အမျိုးအစားသစ်များ တပ်ဆင်ရန်လည်း ရည်မှန်းထားပါတယ်။ နည်းပညာပိုင်းအရ အမေရိကန်ရဲ့ F-22၊ F-35 တို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။

Su-57 ရဲ့ လေယာဉ်ကိုယ်ထည်အတွင်းဘက်မှာ လက်နက်စင် လေးခုပါဝင်သည်။ ဝေဟင်မှ ဝေဟင်ပစ် Vympel R-73 အသံလွန်ဒုံးကျည်အပါအဝင် လက်နက်အမျိုးမျိုး တပ်ဆင်သယ်ဆောင်နိုင်ပါတယ်။ လေယာဉ်ကိုယ်ထည်ရဲ့ အပြင်ဘက်မှာလည်း လက်နက်များ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ သို့သော် ကိုယ်ပျောက်စွမ်းရည်ကို လျော့ကျစေမည်ဖြစ်ပါတယ်။

ရုရှားလေတပ်ဟာ ဆီးရီးယားပြည်တွင်းစစ်မှာ Su-57 များကို ၂၀၁ဂ နှင့် ၂၀၁၉ ခုနှစ်များမှာ စမ်းသပ် ပျံသန်းလာခဲ့ဖူးပါတယ်။ သို့သော် လက်တွေ့ တိုက်ပွဲဝင် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း Su-57 တစ်စင်း စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခဲ့ပါတယ်။

၁၉၃၇ ခုနှစ်ကတည်းကပင် Su 2 အသေးစား ဗုံးကြဲလေယာဉ်များ ထုတ်လုပ်ခဲ့တဲ့ Sukhoi ဟာ ဝါရင့် တိုက်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ သို့သော် ကိုယ်ပျောက်တိုက်လေယာဉ် အမျိုးအစားသစ်တစ်ခုကို အစအဆုံး တီထွင်ထုတ်လုပ်ရခြင်းဟာ မလွယ်ကူသည့်အပြင် ဘတ်ဂျက်အခက်အခဲများကြောင့် လည်း နှောင့်နှေးကြန့်ကြာနေရပါတယ်။

ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံများက ပြင်းထန်တဲ့ ဆန်ရှင်များ ချမှတ်ထားတာကြောင့် ရုရှားရဲ့ စီးပွားရေးဟာ ဆိုးဆိုးရွားရွားထိခိုက်ရဖွယ်ရှိနေပါတယ်။ စီးပွားရေးကျဆင်းပြီး ကာကွယ်ရေးအသုံးစရိတ် လျော့နည်းလာပါက Su-57 လေယာဉ်စီမံကိန်းလည်း ထပ်မံ နှောင့်နှေးရဖွယ် ရှိ‌နေပါတယ်။

ရုရှားလေတပ်လည်း Su-57 များဖြင့် တိုက်ပွဲဝင်နိုင်မည့် နေ့ရက်များကို ဆက်လက်စောင့်ဆိုင်းရဖွယ်ရှိနေကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published.