အသံထက်မြန်ပြီး ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းရှိတဲ့ SR-72 မောင်းသူမဲ့ စပိုင်လေယာဉ်

SR-72 မောင်းသူမဲ့ စပိုင်လေယာဉ်

အသံထက် ၆ ဆ မြန်ပြီး ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းရှိတဲ့ SR-72 မောင်းသူမဲ့ စပိုင်လေယာဉ်အကြောင်း သိသမျှ တင်ပြလိုက်ပါတယ်။

အမေရိကန်လေတပ်အတွက် SR-72 လို့ အမည်ရတဲ့ အသံထက် ၆ ဆလောက်မြန်တဲ့ မောင်းသူမဲ့ လေယာဉ်အသစ်တစ်စီးကို Lockheed Martin ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိပါတယ်။

SR-72 မောင်းသူမဲ့လေယာဉ်ကို အဓိကအားဖြင့် ထောက်လှမ်း‌ရေးအတွက် စပိုင်လေယာဉ်အဖြစ် အသုံးချရန် ရည်ရွယ်သော်လည်း တိုက်ခိုက်ရေးလေယာဉ်အဖြစ်လည်း အသုံးချနိုင်မယ်လို့ ဆိုပါတယ်။

SR-72 လေယာဉ်တီထွင်ထုတ်လုပ်ဖို့ စီမံကိန်းကို ၂၀၁၈ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ယခုအခါ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒီလေယာဉ်ဟာ တစ်နာရီ မိုင် ၄,၆၀၀ ကျော် (အသံထက် ၆ ဆ)အထိ ပျံသန်းနိုင်မယ်လို့လည်း သိရပါတယ်။

SR-72

ကျွမ်းကျင်သူများအဆိုအရ SR-72 လေယာဉ်ဟာ ကမ္ဘာပေါ်ရှိ မည့်သည့်နေရာမဆို တစ်နာရီအတွင်း ရောက်ရှိနိုင်ပြီး ကမ္ဘာ့အမြန်ဆုံး လေယာဉ်အဖြစ် စံချိန်တင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

SR-72 ကို စစ်အေးခေတ်က အမေရိကန်တို့ အသုံးပြုခဲ့တဲ့ နာမည်ကျော် SR-71 Blackbird စပိုင်လေယာဉ်နေရာကို အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။

SR-71 ဟာ အသံထက် ၃ ဆကျော် ပိုမြန်ပြီး အမြင့်ပေ ၈၅,၀၀၀ လောက်မှာ ပျံသန်းတာကြောင့် ရန်သူ့ လေကြောင်းရန် ကာကွယ်ရေးမှန်သမျှကို ရှောင်ရှားနိုင်စွမ်း ရှိခဲ့ပါတယ်။

SR-71 ကို ဒုံးကျည်များ၊ တိုက်လေယာဉ်များနဲ့ ကြားဖြတ်တိုက်ခိုက်ရန် အလွန်ခက်ခဲပါတယ်။

သူ့ခေတ်သူ့အခါတုန်းက ဆိုဗီယက်တွေရဲ့ အမြန်ဆုံးကြားဖြတ် တိုက်လေယာဉ်လို့ သတ်မှတ်ထားတဲ့ MiG-25 ထက်တောင်ပို မြန်ပါတယ်။

SR-71 တာဝန်ထမ်းဆောင်ခဲ့တဲ့တစ်လျောက်မှာ ရန်သူများက SR-71 ကို ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် အစင်း ၄၀၀၀ ကျော်ဖြင့်ပင် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပစ်ချနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

သက်တမ်းအိုဟောင်းလာတဲ့ SR-71 လေယာဉ်များကို အမေရိကန်လေတပ်က ၁၉၉၈ ခုနှစ်မှာ အနားပေးခဲ့ပါတယ်။

SR-71ဟာ လေတပ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၆၀ ခုနှစ်များမှစပြီး အနားယူသွားတဲ့ ၁၉၉၈ ခုနှစ်အထိ တစ်ကြိမ်မှ ပစ်ချမခံခဲ့ရပါဘူး။

SR-71

အနား‌ပေးလိုက်တဲ့ SR-71 ဟာ စပိုင်လေယာဉ် သက်သက်သာဖြစ်သော်လည်း ယခု တီထွင်ထုတ်လုပ်နေတဲ့ SR- 72 ကတော့ တိုက်ခိုက်ရေးလေယာဉ်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

SR-72 မှာ သာမန် တာဘိုင်အင်ဂျင်အပြင် RAMJET အင်ဂျင်ပါ တပ်ဆင်ထားတဲ့အတွက် အသံထက် ခြောက်ဆ (Mach-6) ပိုမြန်ရခြင်း ဖြစ်ပါတယ်။

လေယာဉ်ကို Mach-3 အထိ အရှိန်မြှင့်ရာမှာ တာဘိုင်အင်ဂျင်ကို အသုံးပြုပြီး Mach-3 ထက်ကျော်လွန်ကာ Mach-6 အထိ ရောက်ရှိရန် RAMJET အင်ဂျင်ကို ပြောင်းလဲအသုံးပြုရမည် ဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ SR-72 ကို ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းပြီး ၂၀၃၀ ပြည့်နှစ်တွင် တပ်တော်ဝင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ဆိုပါတယ်။

SR-72 မောင်းသူမဲ့ လေယာဉ်ဟာ အသံထက် ၆ ဆ မြန်တာကြောင့် ရေဒါမှာပေါ်ဖို့အခွင်းရေးနည်းပြီး တားဆီးဖို့လည်း ခက်ခဲမှာဖြစ်ပါတယ်။

ဒါ့ကြောင် စီမံကိန်းသာ ပြီးစီးခဲ့ပါက SR-72 ကို တားဆီးဖို့ လက်ရှိ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ လုံလောက်မှာ မဟုတ်ကြောင်း တင်ပြလိုက်ပါတယ်။

knight News

Leave a Reply

Your email address will not be published. Required fields are marked *