ထူးဆန်းအံ့ဩဖွယ် တသီးတခြားနေထိုင်တဲ့ လူသားမျိုးနွယ်စုများ

ကမ္ဘာပေါ်မှာရှိတဲ့ တသီးတခြားနေထိုင်တဲ့ လူသားမျိုးနွယ်စုများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်စုပေါင်း ထောင်သောင်းချီလျက်ရှိပြီး ယင်းတို့အားလုံးဟာ ခေတ်နဲ့အညီ နေထိုင်၊ သွားလာ၊ စားသောက်လျက် ရှိကြပါတယ်။ ဒါပေမဲ့ တချို့တချို့သော တိုင်းရင်းသားမျိုးနွယ်စုတွေကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့အလေ့အထအတိုင်း ထူးဆန်းအံ့သြဖွယ် မပြောင်းလဲဘဲ နေထိုင်နိုင်ကြတာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) အာဆာရိုလူမျိုး

အာဆာရိုမျိုးနွယ်တွေကိုတော့ ရွှံ့လူသား (Mud-men) တွေလို့လဲ ခေါ်ကြပါတယ်။ ပါပူဝါနယူးဂီနီနိုင်ငံ အရှေ့ပိုင်းပြည်နယ်ထဲက Goroka ရွာအနီး၊ အာဆာရိုမြစ်ကမ်းဘေးမှာနေထိုင်တဲ့ လူမျိုးစုဖြစ်ပြီး ရွှံ့နဲ့ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေ၊ ခေါင်းစွပ်တွေကိုစွပ်ကာနေလေ့ရှိလို့ ရွှံ့လူသားတွေလို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ရဲ့ရွာဟာ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်ကြည့်ရှုလေ့ရှိတဲ့နေရာတစ်ခု ဖြစ်နေပါတယ်။

(၂) ဟူလီလူမျိုး

ဟူလီလူမျိုးတွေကတော့ ပါပူဝါနယူးဂီနီနိုင်ငံ Hela ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးစု ဖြစ်ပါတယ်။ ဟူလီလူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်ကာလကတည်းက အဲဒီနေရာမှာ အခြေချနေထိုင်ကြသူတွေဖြစ်ပေမဲ့ ဥရောပသားတွေကတော့ ဒီလူမျိုးစုတွေကို ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာ နောက်ပိုင်းမှ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။

လူဦးရေအနည်းငယ်ကတော့ ခေတ်နဲ့အညီ ပိုမိုကောင်းမွန်တဲ့နေရာကို ရွှေ့ပြောင်းနေထိုင်သွားကြပေမဲ့ အများစုကတော့ ဟိုးအရင်တုန်းကအတိုင်းပဲ နေထိုင်နေကြတုန်းပါ။

မျက်နှာပေါ်မှာ အဝါနဲ့အနီ ဆေးခြယ်ကာ တစ်မူထူးခြားတဲ့ ခေါင်းဆောင်းတွေကို ဆောင်းထားတာကတော့ သူတို့ရဲ့ထူးခြားချက်လို့ပြောလိုပါတယ်။

(၃) Hakamou i

သူတို့တွေကိုတော့ Marquesans လို့လဲ ခေါ်လေ့ရှိကြပါတယ်။ ပြင်သစ်ပိုလီနီးရှားရဲ့ Marquesas ကျွန်းစုထဲက တတိယအကြီးဆုံးကျွန်းဖြစ်တဲ့ Ua Pou ကျွန်းမှာ နေထိုင်ကြတဲ့ ကျွန်းသူကျွန်းသားတွေပဲ ဖြစ်ပါတယ်။

မျက်နှာမှာ ဆေးအမည်းတွေကို ခြယ်ထားလေ့ရှိပြီး အသုံးအဆောင်အဝတ်အစားတွေကအစ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအတိုင်း နေထိုင်ကြပါတယ်။ ဟိုးအရင်ကတော့ လူသားစားတဲ့ဓလေ့ရှိခဲ့ပေမဲ့ ယခုအချိန်မှာတော့ တသီးတသန့်နေထိုင်ကြတာကလွဲလို့ လာရောက်သူတွေကို ရန်ပြုခြင်းမရှိပါဘူး။ ၂ဝ၁၇ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၂၁၃ ဦးရှိ ကြောင်း သိရှိရပါတယ်။

(၄) နီနက်လူမျိုး

နီနက်လူမျိုးတွေကတော့ ရုရှားနိုင်ငံမြောက်ပိုင်း အလွန်ချမ်းအေးတဲ့ Yamalo- Nenets နဲ့ Nenets ဒေသတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ သူတို့နေထိုင်ရာ ဒေသရဲ့ အပူချိန်ဟာ အလွန်အေးခဲပြီး အနုတ် ၃၅ ဒီဂရီ ကနေ အနုတ် ၅၀ ဒီဂရီအထိရှိပေမဲ့ လူဦးရေအနည်းငယ်ကလွဲလို့ အများစုဟာ ပိုမိုကောင်းမွန်တဲ့ဒေသတွေကို ပြောင်းရွှေ့သွားခြင်းမရှိဘဲ ဟိုးယခင်နှစ်ပေါင်းများစွာကအတိုင်းပဲ လက်ရှိဒေသမှာ နေထိုင်ကြပါတယ်။

၂၀၁၀ ပြည့်နှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၄၄၈၅၇ ဦးရှိပြီး ရုရှားလူမျိုး ၄၄၆၄၀ ဦး၊ ယူကရိန်းလူမျိုး ၂၁၇ ဦး နေထိုင်ကြပါတယ်။ အာတိတ်ဒေသ သမင်အကြီးစား တွေကို အမဲလိုက်လေ့ရှိပြီး သားကောင်ရလာတဲ့အခါမှာ တစ်မိသားစုလုံးဝိုင်းထိုင်ကာ သားကောင်ကို အစိမ်းစားတဲ့အလေ့အကျင့်ဟာ ယခင်ကရှိခဲ့ပေမဲ့ အခုတော့ ချက်ပြုတ်စားသောက် နေထိုင်လာကြပြီ ဖြစ်ပါတယ်။

(၅) ဆန်ဘူရူလူမျိုး

အာဖရိကရဲ့ အထင်ရှားဆုံးလူမျိုးစုတစ်စုဖြစ်တဲ့ Maasai ကနေ ဆင်းသက်ခွဲထွက်လာတဲ့ မျိုးနွယ်စုဖြစ်ပြီး ကင်ညာနိုင်ငံမြောက်အလယ်ပိုင်းမှာ နေထိုင်ကြပါတယ်။ လူဦးရေ ၃၃၃၄၇၁ ဦးရှိပြီး သိုး၊ ဆိတ်၊ ကုလားအုတ်စတဲ့ တိရစ္ဆာန်တွေကို မွေးမြူ ပြီး အသက်မွေးကြပါတယ်။

အနီ၊ အပြာ၊ ပန်းရောင် စတဲ့အရောင်တွေကို ဝတ်ဆင်ရတာနှစ်သက်တဲ့လူမျိုးဖြစ်ပြီး အမျိုးသမီးအများစုကတော့ လည်ပင်းကနေ ရင်ဘတ်အထိ ကွင်းပေါင်းများစွာကို အထပ်ထပ်ဝတ်ဆင်ထားကြပါတယ်။

(၆) တင်ကျီးငှက်ဖြင့် ငါးဖမ်းသည့်လူမျိုး

ရန်ရှို(Yangshuo)ဒေသကတော့ တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ဂေါင်ဇီပြည်နယ်မှာ ရှိနေပါတယ်။ ဒီဒေသမှာ နေထိုင်တဲ့ လူမျိုးတစ်မျိုးကတော့ ယခုအချိန်အထိ တံငါရွာလေးမှာနေထိုင်ပြီး ငါးဖမ်းခြင်းအလုပ်နဲ့ အသက်မွေးနေကြတုန်းပဲ ဖြစ်ပါတယ်။

ငါးဖမ်းအလွန် ကျွမ်းကျင်တဲ့လူမျိုးဖြစ်ပြီး သူတို့ရဲ့ ငါးဖမ်းနည်းစနစ်ကတော့ ကိုယ်တိုင်ဖမ်းခြင်းမဟုတ်ဘဲ တင်ကျီးငှက်တွေကို လိုက်လံဖမ်းခိုင်းတာ ဖြစ်ပါတယ်။ တင်ကျီးငှက်တွေဟာ ရေအောက်ထဲအထိ လိုက်လံကာ သူတို့သခင်တွေအတွက် ငါးတွေကို ဖမ်းဆီးပေးနိုင်ကြပါတယ်။

တံငါသည်တွေဟာ ငှက်တွေကိုထိန်းချုပ်ဖို့အတွက် ငှက်ရဲ့လည်ချောင်းအောက်ခြေမှာ ကျော့ကွင်းချည်နှောင်ထားပါတယ်။ ယင်းငှက်တွေကို သူတို့ရဲ့ လည်ချောင်းတွင်သိုထားတဲ့ ကြီးမားတဲ့ငါးတွေကို မျိုချခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ သေးငယ်တဲ့ငါးတွေကိုတော့ မျိုချနိုင်တယ်လို့ သိရှိရပါတယ်။

ကောင်းစစ်ဟန်
Source-Wikipedia and Thutazone
From Knowledge Light

Leave a Reply

Your email address will not be published.