USS Nimitz သို့မဟုတ် မည့်သည့်နေရာရှိ မည်သည့်ရန်သူမဆို အနိုင်တိုက်နိုင်တဲ့ လေယာဉ်တင်သင်္ဘောကြီးများ
အမေရိကန်ရေတပ်မှာ နီမစ်ဇ်ကလပ်စ် (Nimitz-Class) လေယာဉ်တင်သင်္ဘောကြီး ဆယ်စီးအသုံးပြုလျှက်ရှိပါတယ်။ Nimitz-Class လေယာဉ်တင်သင်္ဘောကြီးများဟာ အမေရိကန်ရဲ့ စစ်အင်အားနဲ့ နိုင်ငံရပ်ခြားကို ဩဇာအာဏာဖြန့်ကြက်နိုင်တဲ့ စွမ်းဆောင်ရည်ကို ဖော်ပြတဲ့ အမှတ်လက္ခဏာဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။
နီမစ်ဇ်ကလပ်စ် လေယာဉ်တင်သင်္ဘောကြီးများဟာ အလျား ၁၀၉၂ ပေ ရှည်လျားပါတယ်။ ဒါဟာ သာမန်ဘောလုံးကွင်းအရှည်ရဲ့ သုံးဆမျှ ရှည်လျားတာ ဖြစ်ပါတယ်။ ဒီ သင်္ဘောကြီးတစ်စီးပေါ်မှာ သင်္ဘောသားဝန်ထမ်း ၃၂ဝဝ နဲ့ လေယာဉ်ဝန်ထမ်း ၂၄၈ဝ လိုက်ပါတာဝန်ထမ်းရပါတယ်။ ဒါကြောင့် ဒီ သင်္ဘောကြီးများကို ရေပေါ်မျောနေတဲ့ မြို့ကြီးများလို့ ဆိုနိုင်ပါတယ်။
ပထမဆုံး တည်ဆောက်ခဲ့တဲ့ ယူအက်စ်အက်စ်နီမစ်ဇ်ကို ၁၉၇၅ ခုနှစ် မေလမှာ အမေရိကန်ရေတပ်တွင် စတင်အသုံးပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် တလျှောက်လုံး အမေရိကန်ရေတပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးချက်စတာနီမစ်ဇ်ကို အစွဲပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။
အီရန်နိုင်ငံက အမေရိကန်နိုင်ငံသားများကို ပြန်ပေးဆွဲထားတဲ့ အရေးပေါ်အခြေအနေကာလမှာ ယူအက်စ်အက်စ်နီမစ်ဇ်လေယာဉ်တင်သင်္ဘောကို ပထမဆုံးစတင်အသုံးပြုပြီး နောက်ပိုင်း နှစ်ပေါင်းများစွာ နိုင်ငံစုံမှာ ခုတ်မောင်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်အကျဆုံးတည်ဆောက်ထားတဲ့ ယူအက်စ်အက်စ် ဂျော့အိပ်ချ်ဒဗလျူဘုရှ်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုနှစ်လုံး၊ ရေယက်ဒလက်လေးခုဖြင့် အမြင့်ဆုံးအမြန် နှုန်း ၃o knots ကျော် (သို့မဟုတ်) တစ်နာရီမှာ ၃၄ . ၅ မိုင်နှုန်း ခုတ်မောင်းနိုင်ပါတယ်။ကမ္ဘာပေါ်မှာ အရွယ်အကြီးဆုံး စစ်သင်္ဘောအဖြစ်ရှိခဲ့ပါတယ်။
သို့သော်လည်း ၂၀၁၇ ခုနှစ်မှာ အမေရိကန်ရေတပ်ရဲ့ နောက်ထပ်လေယာဉ်တင်သင်္ဘော Class အသစ်ရဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျရယ်အာရ်ဖို့ဒ် စတင်အသုံးပြုချိန်မှာ ထိုသင်္ဘောအသစ်က ကမ္ဘာပေါ်မှာ အရွယ်အကြီးဆုံး ဖြစ်လာပါတယ် ။
Nimitz – Class လေယာဉ်တင်သင်္ဘောများရဲ့ မျှော်မှန်းသက်တမ်းက နှစ်ငါးဆယ်ရှိပြီး သက်တမ်းအလယ်ရောက်ချိန်မှာ လောင်စာစွမ်းအင်တစ်ကြိမ် ဖြည့်ပေးရပါတယ်။ ဒီစစ်သင်္ဘောကြီးများရဲ့ အလေးချိန်က တန်ချိန် တစ်သိန်းနှစ်ထောင် ရှိပါတယ်။
ဗာဂျီးနီးယားပြည်နယ်အခြေစိုက် Northrop Grumman Ship System ကုမ္ပဏီက တည်ဆောက်ခဲ့ပါတယ်။ သင်္ဘောတစ်စီးရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ဂ.၆ ဘီလျံရှိပါတယ်။
လေယာဉ်တင်သင်္ဘောတစ်စီးရဲ့ ကုန်းပတ်ပေါ်မှာ တောင်ပံအသေတပ်လေယာဉ်၊ လည်ပတ်နိုင်တဲ့ တောင်ပံပါ လေယာဉ်စတဲ့ လေယာဉ်ပျံ အမျိုးပေါင်း ၉ဝကျော်ထဲမှ လေယာဉ်ပျံ အစင်း ၆ဝ တင်ဆောင်နိုင်ပါတယ်။
လေယာဉ်တင်သင်္ဘောကြီး တစ်စီးပေါ်မှ စက္ကန့် ၂၀ လျှင် လေယာဉ် တစ်စင်းနှုန်းပျံတက်တိုက်ခိုက်နိုင်ပါတယ်။ လေယာဉ်တင်သင်္ဘောပေါ်ရှိ လေယာဉ်တင်ဆောင်သည့်နေရာကို အကောင်အထည် ဖော်ရမဲ့ စစ်ဆင်ရေးအမျိုးအစားကိုလိုက်ပြီး လိုအပ်သလိုပြုပြင်နိုင်ပါတယ်။
မကြာသေးမီက ဆောက်လုပ်ခဲ့တဲ့ Nimitz-Class လေယာဉ်တင်သင်္ဘောများမှာ လေယာဉ်ပျံများအပြင် Raytheon GMLSMK 29-eight-cell လောင်ချာသုံးခုတင်နိုင်ပါတယ်။
ထို့အပြင် Raytheon/Feneral Dynamic လက်နက်စနစ် လေးခုတင်နိုင်ပြီး ထိုစနစ်မှာ ပစ်ခတ်နှုန်းက တစ်မိနစ် ၃ဝဝဝ ရှိပါတယ်။ Nimiz-class ရဲ့ နောက်ဆုံးထုတ်လေယာဉ်တင်သင်္ဘောကိုရေတပ်မှာ စတင်အသုံးပြုနေသော်လည်း ထို Class လေယာဉ်တင်သင်္ဘောများကို Gerald R Ford-class လေယာဉ်တင်သင်္ဘောအသစ်များနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။
သို့သော်လည်း နီမစ်ကလပ်စ် လေယာဉ်တင်သင်္ဘောကြီး ဆယ်စီးက အမေရိကန်နိုင်ငံနဲ့ ၎င်းရဲ့ မဟာမိတ်နိုင်ငံများကို ရှေ့လာမည့်နှစ်များအတွင်းမှာ ဆက်လက် ကာကွယ်ပေးနေဦးမည်ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။