လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှုများ
မိုနာလီဆာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတစ်ယောက်ထက် ထူးကဲကာ အံ့ဖွယ်သုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ၊ ဖန်တီးမှုနည်းပညာစတဲ့ နယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။
ဒါကြောင့် သမိုင်းတစ်လျှောက် အတော်ဆုံးတီထွင်သူတွေကို ဖော်ပြတဲ့စာရင်းမှာ သူ့ရဲ့နာမည်ဟာ ထိပ်ဆုံးက ရပ်တည်နေတာကိုတော့ အံ့သြစရာမရှိလှပါဘူး။ သူဟာ ယနေ့ကာလလို ဖန်တီးမှုနည်းပညာရပ်တွေကို နှစ်ပေါင်းရာချီကာလကတည်းက ကြိုတင်သိရှိဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့အဖြစ်ဟာ သူ့ရဲ့မှတ်တမ်းတွေအရ ပြန်လည်သိခွင့် ရကြတာပါ။
စက်မှုအင်ဂျင်နီယာ တည်ဆောက်မှုပိုင်းတွေကနေ စက်ရုပ်လိုအရာတွေအထိ လီယိုနာဒိုဒါဗင်ချီက ဖန်တီးပြခဲ့ပြီး ကောင်းကင်ကို ပျံတက်နိုင်မဲ့ယာဉ်တွေရဲ့ ဒီဇိုင်းပုံစံတွေကို ရိုက်ညီနောင်ထက် နှစ်ပေါင်း ၄ဝဝ လောက်စောပြီး ဖန်တီးခဲ့တယ်ဆိုရင် အံ့အားသင့်သွားပါလိမ့်မယ်။ အဲဒါကြောင့် ပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ဖန်တီးတီထွင်မှုအချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်။
(၁) Winged Flying Machine လေယာဉ်
လူအင်အားကိုသုံးပြီး လေပေါ်ပျံတက်နိုင်တဲ့ယာဉ်တွေကို စတင်ဒီဇိုင်းရေးဆွဲတဲ့သူဟာ လီယိုနာဒိုဒါဗင်ချီ ပဲဖြစ်ပါတယ်။ လေ့လာမှုတွေအရ လီယိုနာဒိုဟာ Ornithopter (အတောင်ပံတွေကို ပင်မကိုယ်ထည်နဲ့ တွဲလျက်တည်ဆောက်ထားတဲ့ယာဉ်) လို့ခေါ်တဲ့ ဒီယာဉ်ကို ငှက်တွေနဲ့လင်းနို့တွေရဲ့ အတောင်ပံတွေကို အကြိမ်ကြိမ်ခွဲခြမ်းစိတ်ဖြာ နမူနာယူပြီး ဒီဇိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။
လူသားတွေဟာ ပထမဆုံးလေယာဉ်ပျံသန်းခြင်းကို လီယိုနာဒိုဒါဗင်ချီ ဒီဇိုင်းဆွဲပြီး နှစ်ပေါင်း ၄ဝဝ ကျော်မှ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
(၂) ရေငုပ်ဝတ်စုံ
စွယ်စုံရပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီဟာ ဝေဟင်တွင်မက ရေပြင်မှာပါ လူသားများစိုးမိုးနိုင်ဖို့အတွက် ဖန်တီးမှုများ ရှိခဲ့ပါသေးတယ်။ ရေပြင်အောက်ကို လူသားတွေသွားနိုင်ဖို့ ပထမဆုံးရေငုပ်ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။
ရည်ရွယ်ချက်က သူနေထိုင်ရာ ဗင်းနစ်မြို့တော်ကို ကျူးကျော်လာတဲ့ ရန်သူရဲ့အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့နဲ့ တိုက်ခိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
(၃) အလိုအလျောက်သွားသည့်လှည်း(မော်တော်ကား)
လီယိုနာဒိုဒါဗင်ချီဟာ လေးဘီးတပ်ယာဉ်တွေကို ဖန်တီးပေးခဲ့ပါသေးတယ်။ အဓိကအားဖြင့် သရုပ်ဖော်ပြပြဇာတ်တွေမှာသုံးစွဲဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ယာဉ်ဟာ သံပတ်တွေကိုအသုံးပြုပြီး ရွေ့လျားနိုင်အောင် တီထွင်ဖန်တီးထားကာ ဘရိတ်တွေသာမက သွားလာတဲ့လမ်းကြောင်းကို ထိန်းညှိပေးတဲ့ စနစ်တွေ ပါဝင်ပါတယ်။
(၄) Anemometer (လေတိုက်နှုန်းတိုင်းကိရိယာ)
လေပေါ်တွင် ပျံသန်းနိုင်သည့်ယာဉ်များနှင့် ဆက်စပ်ပြီး စွယ်စုံရပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီဟာ Anemometer လို့ လူသိများတဲ့ လေတိုက်နှုန်းတိုင်းကိရိယာကိုလဲ တီထွင်ခဲ့ပြန်ပါသေးတယ်။
လေတိုက်နှုန်းတိုင်းကိရိယာကို ပထမဆုံးဖန်တီးခဲ့သူဖြစ်တဲ့ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့သား ပညာရှင် Leon Battista ရဲ့ ဒီဇိုင်းကနေ လီယိုနာဒိုက ယင်းကိရိယာကို ပိုမိုတိကျကောင်းမွန်အောင် ဖြည့်စွက်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာလဲ သူ့ဖန်တီးမှုအရာထဲမှာ အထင်ရှားဆုံး ဖန်တီးမှုတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
(၅) ပြောင်းဝ ၃၃ ခုပါ အမြောက်
အလိုအလျောက်ပစ်ခတ်နိုင်တဲ့ ပြောင်းဝ ၃၃ ခုပါ အမြောက်လက်နက်ဟာ သေနတ်တွေ ပီပီပြင်ပြင် မပေါ်ခင်ကတည်းက လီယိုနာဒို တီထွင်ခဲ့တဲ့ ခေတ် ရှေ့ပြေးလက်နက်တစ်ခု ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ အမြောက်အားလုံးကို တစ်ပြိုင်နက်တည်းပစ်ခတ်နိုင်မှာ မဟုတ်ဘဲ တစ်ပိုင်းကျည်ဖြည့်၊ တစ်ပိုင်းပစ်ခတ်နိုင်တဲ့ပုံစံမျိုးနဲ့ ဖန်တီးခဲ့တာဖြစ်ပြီး လီယိုနာဒိုရဲ့လက်နက်ဟာ ယနေ့ခေတ် စက်သေနတ်တွေရဲ့ ခေတ်ရှေ့ပြေးတီထွင်မှုတစ်ခုလို့ ပြောမယ်ဆိုရင်လဲ မှားမည်မဟုတ်ပါ။
(၆) Helical Aerial Screw (ခရုပတ်ပုံယာဉ်ပျံ)
ယနေ့ခေတ်ကာလ Helicopter တွေရဲ့ အခြေခံလို့ဆိုရမဲ့ ကောင်းကင်ကိုပျံတက်နိုင်တဲ့ ခရုပတ်ပုံယာဉ်ကို ပညာရှင်ကြီး လီယိုနာဒိုက ၁၄၉၃ ခုနှစ်တွင် စတင်ဒီဇိုင်းဆွဲခဲ့ပါတယ်။
လှည့်ပတ်နေတဲ့ ဝက်အူရစ်သဏ္ဌာန် လီနင်ပိတ်စကိုအသုံးပြုထားတဲ့ ဒီယာဉ်ဟာ လေကိုဖိနှိပ်ခြင်းဖြင့် ယာဉ်ကိုပျံတက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ် Vertical Flight Machine တွေဟာလဲ လီယိုနာဒိုရဲ့ ခရုပတ်ပုံယာဉ်ပျံကိုအခြေခံ၍ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
(၇) တံတားအရှင်
ဆုံလည်ပါတဲ့ တံတားအရှင်တွေကိုလဲ လီယိုနာဒိုက ဖန်တီးပြီး မျက်မှောက်ခေတ်ပညာရှင်တွေ မျက်စိလည်အောင် သမိုင်းမှတ်တမ်း ချန်ခဲ့ပါသေးတယ်။ အထူးသဖြင့် စစ်ပွဲတွေမှာအသုံးပြုဖို့ လီယိုနာဒိုက ဖန်တီးခဲ့တာဖြစ်ပြီး ၁၄၈၀ ပြည့်နှစ်က မီလန်မြို့စား လူဒိုဖီကို စဖော့ဆာရဲ့တပ်တွေ မြစ်ကိုဖြတ်၍ အလျင်အမြန်ချီတက်နိုင်ဖို့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ လွယ်ကူစွာနဲ့ ဖြုတ်သိမ်းနိုင်တယ်လို့လဲ သိရပါတယ်။
(၈) လေထီး
အများစုအနေနဲ့ကတော့ လေထီးကို ကမ္ဘာ့ပထမဆုံးတီထွင်သူအဖြစ် ပြင်သစ်နိုင်ငံသားပညာရှင် ဆာဘာစတန်လီနိုမန့်က ၁၇၈၃ ခုနှစ်က စတင်ဖန်တီးခဲ့တယ်လို့ သိကြမှာပဲဖြစ်ပါတယ်။
သို့ပေမဲ့ လီယိုနာဒိုဟာ သူ့ထက် နှစ်ပေါင်းများစွာစောပြီး ဒီအိုင်ဒီယာကို ရရှိပြီးဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ လီယိုနာဒိုရဲ့ လက်ရေးမူကြမ်းတစ်ခုမှာ လူတစ်ယောက်ဟာ လီနင်အစ ရွက်ဖျင်တဲသဏ္ဌာန်ကို ရေပြင်ညီဆိုင်းကြိုး ၁၂ ခု၊ ဒေါင်လိုက်ဆိုင်းကြိုး ၁၂ ခုဖြင့် ဖန်တီးထားပါက ဒီအရာဟာ မြင့်မားတဲ့နေရာကနေ အောက်ဘက်သို့ ဆင်းသက်တဲ့အခါ လူကိုထိခိုက်မှုရှိစေမှာမဟုတ်ဘူးလို့ ဆိုထားပြီး ပုံကြမ်းများလဲ ရေးခြစ်ထားရှိကြောင်း သိရှိရပါတယ်။
(၉) လူသားစက်ရုပ်
ရှေးပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီဟာဆိုရင် အလိုအလျောက်စက်တွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ပြန်လည်တွေ့ ရှိတဲ့ သူ့ရဲ့မှတ်စုစာအုပ်မှာဆိုရင်လဲ ဟိုက်ဒရောလစ် နေနာရီမှအစ စက်ရုပ်ခြင်္သေ့တွေအထိ ဖန်တီးတဲ့စက်မှု ပိုင်းဆိုင်ရာနည်းပညာတွေနဲ့ ပြည့်နှက်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။
ယင်းပစ္စည်းတွေအနက် လူသိအများ ဆုံးကတော့ ဂျာမန်နိုက်သူရဲကောင်းသဏ္ဌာန် သံချပ်ကာ ဝတ်ဆင်ထားတဲ့ လူသားစက်ရုပ်ပဲ ဖြစ်ပါတယ်။ သူဖန်တီးထားတဲ့စက်ရုပ်ရဲ့အစိတ်အပိုင်းတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ အပြင်ပိုင်းကနေ ကောက်တံတစ်ခုနဲ့ မောင်းနှင်ပြီး ကေဘယ်လ်ကြိုးတွေ၊ မူလီတွေကို အသုံးပြုပြီး စက်ရုပ် အထိုင်၊ အထ၊ ခေါင်းလှည့်၊ လက်တွေလှုပ်ရှားတာကနေ တပ်ဆင်ထားတဲ့ သတ္တုဒိုင်းကို မြှောက်နိုင်ဖို့အထိ ဖန်တီးထားတာတွေ့ ရပါတယ်။
လီယိုနာဒိုဟာ စက်ရုပ်တွေရဲ့ ရှေ့ပြေးပုံစံကို ၁၄၉၅ ခုနှစ်ကတည်းက မီလန်မြို့စားကြီးရဲ့ အားပေးမှုနဲ့ တည်ဆောက်ပြနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ ယခင်ကတော့ လီယိုနာဒိုရဲ့ ဖန်တီးမှုအပေါ် အထင်အမြင်ကွဲလွဲ ချက်များရှိနေခဲ့ပေမဲ့ ၂၀၀၂ ခုနှစ်မှာ နာဆာရဲ့ စက်ရုပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မတ်ခ်ရှော်ရှန်က
လီယိုနာဒိုရဲ့မှတ်စုတိုတွေထဲက နည်းအတိုင်း စက်ရုပ်တစ်ခုကို တည်ဆောက်နိုင်ချိန်မှာတော့ လီယိုနာဒိုဒါဗင်ချီ ဟာ ၁၅ ရာစုလောက်ကတည်းက လူသားစက်ရုပ်ကို တီထွင်နိုင်ခဲ့တယ်ဆိုတာကို အားလုံးက လက်ခံခဲ့ရပါတယ်။ ။
လှိုင်းရင့်နွေ(ပမန)၊Knowledge Light
Source:Thutazone